သင်သိရဲ့လား ( ၁၉ )


“သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်များ”

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဒီတစ်ပတ်အတွက် Wun Zinn Digest ရဲ့ “သင်သိရဲ့လား” ( Did you Know ) ကဏ္ဍမှ တင်ဆက် ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်များပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်တွေဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ 

ပစ္စည်းတစ်ခုကို ငွေကြေးမြောက်မြားစွာပေးပြီး ဝယ်ယူကြတဲ့အထဲမှာ ကျောက်မျက်ရတနာရှင်တွေလည်း ပါဝင်ကြသလို ရှေးဟောင်းပစ္စည်း ရှာဖွေစုဆောင်းသူတွေက ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာကို စာချစ်သူတို့လည်း သိရှိကြမှာပါ။ ငွေထည်၊ ကြေးထည်လိုမျိုး ပစ္စည်းလေးတစ်ခုကို ဒေါ်လာသန်းနဲ့ ချီပြီး ပေးဝယ်လေ့ရှိကြတဲ့ ရှေးဟောင်းပစ္စည်းဈေးကွက်ဟာ မထူးဆန်းပေမဲ့ စာအုပ်တစ်အုပ်ကို ကန်ဒေါ်လာ သန်းနဲ့ချီပြီး တန်ကြေးရှိတဲ့ စာအုပ်အဟောင်းဈေးကွက်ကတော့ တကယ်ရှိနေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စာအုပ်အဟောင်းဈေးကွက်ထဲက ပထမအကြိမ်မူဟောင်း / စာအုပ်အသန့်တွေဟာဆိုရင် ငွေကျပ် သိန်းချီပြီးရှိသလို ပြည်ပမှာရှိတဲ့ စာအုပ်ဈေးကွက်ထဲမှာလည်း နာမည်ကြီးလက်ရာ စာအုပ်တွေက သန်းနဲ့ချီပြီး တန်ဖိုးရှိနေတာပါ။ စာချစ်သူတို့လည်း ခုဖော်ပြမယ့် စာအုပ်တွေထဲက တစ်အုပ်လောက်ကို ပြည်တွင်းက အဟောင်းဆိုင်တွေမှာများ တွေ့ခဲ့မယ်ဆိုရင် ထီပေါက်တာထက်ပိုတယ်လို့တောင် ဆိုရတော့မှာပဲ ဖြစ်ပါတယ်။ ကဲ … အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့စာအုပ်တွေက ဘာတွေဖြစ်မလဲ၊ ကြည့်လိုက်ရအောင်လားခင်ဗျာ ..... ။

၁။ The Codex Leicester - အမေရိကန်ဒေါ်လာ ၃၀.၈ သန်း တန်တဲ့ စာအုပ်ကတော့ လီယိုနာဒိုဒါဗင်ချီရဲ့ ‘The Codex Leicester’ ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ပန်းချီပညာရှင်၊ ပန်းပုပညာရှင်၊ ဗိသုကာပညာရှင်၊ သင်္ချာပညာရှင်ကြီး၊ အင်ဂျင်နီယာ ၊ သိပ္ပံ ၊ ခန္ဓာဗေဒ ၊ သတ္တဗေဒ ၊ နက္ခတ္တဗေဒပညာရပ် ၊ သမိုင်းပညာရှင် ၊ စာရေးဆရာကြီး … စတဲ့ နယ်ပယ်အစုံမှာ ထူးချွန်ထင်ရှားသူ အီတလီလူမျိုး ဒါဗင်ချီ ( Leonardo da Vinci ) ရဲ့ နာမည်ကြီး ရှားပါးစာအုပ်ပဲဖြစ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေကစလို့ လရဲ့ဆွဲအားကြောင့် ကမ္ဘာ့ရေမျက်နှာပြင် လှုပ်ရှားမှုအပါအဝင် ကဏ္ဍမျိုးစုံအတွက် သီအိုရီမျိုးစုံကို ရှင်းလင်း တွက်ထုတ်ထားတဲ့ သူ့ရဲ့ လက်ရေးမူစာမျက်နှာပေါင်း ( ၇၂ ) မျက်နှာ ပါဝင်ပါတယ်။ ဒါဗင်ချီရဲ့ အကျော်ကြားဆုံး Scientific Journals တွေပဲဖြစ်ပြီး အဆိုပါ လက်ရေးစာမူကို ( ၁၇၁၇ ) ခုနှစ်မှာ Thomas Coke ဆိုသူက ဝယ်ယူခဲ့ပြီး ( ၁၉၈၀ ) ခုနှစ်မှာတော့ သူ့ဆီကတစ်ဆင့် အနုပညာလက်ရာတွေ စုဆောင်းသူဖြစ်တဲ့ Armand Hammer က ပြန်လည် ဝယ်ယူခဲ့ပါတယ်။ ( ၁၉၉၄ ) ခုနှစ်မှာတော့ ဒီစာအုပ်ကို မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ် ( Bill Gates ) က အမေရိကန်ဒေါ်လာ ၃၀.၈ သန်းဖြင့် လေလံပွဲမှ ဝယ်ယူခဲ့ပါတယ်။ ဒီကြေးဟာ စာအုပ်တစ်အုပ်အတွက် ဝယ်ယူမှုတန်ကြေး အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ( ကန်ဒေါ်လာ သန်း ၃၀ ဟာ မြန်မာငွေကျပ် သိန်းပေါင်း လေးသိန်းနှစ်သောင်းရှိပါတယ် ) 

၂။ Birds of America – ဒီစာအုပ်ကတော့ အမေရိကန်ဒေါ်လာ ၁၁.၅ သန်း တန်ကြေးရှိပြီး နာမည်ကျော် ငှက်ဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အမေရိကန်လူမျိုး James Audubon ရေးသားပြုစုထားတာပဲ ဖြစ်ပါတယ်။ အချက်အလက် အပြည့်အစုံပါဝင်တဲ့ စာအုပ်ပေါင်းက ကမ္ဘာပေါ်မှာ ( ၁၁၉ ) အုပ်ပဲ ရှိပြီး တစ်အုပ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက ခရစ္စတီးလေလံပွဲမှာ ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် လေလံပစ်ခဲ့ပြီးနောက်ပိုင်း ဆယ်နှစ်အကြာမှာတော့ အဆိုပါစာအုပ် ပထမအကြိမ်မူကို လန်ဒန်မှာရှိတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေ လေလံတင်ပွဲလုပ်လေ့ရှိတဲ့ ‘Sothebuy’ မှာ ယူရိုဒေါ်လာ ၇ သန်း ၃ သုံးကျော် [ အမေရိကန်ဒေါ်လာ ၁၁.၅ သန်းခန့် ) ဖြင့် လေလံပစ် ရောင်းထွက်ခဲ့ပါတယ်။ 

၃။ The Canterbury Tales – အင်္ဂလိပ်စာပေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ သတ်မှတ်ထားကြတဲ့ ဂန္ထဝင် အင်္ဂလိပ်ကဗျာဆရာကြီး Geoffrey Chaucer ရဲ့ ( ယခုအချိန်ထိ ) နာမည်ကျော်လက်ရာဖြစ်တဲ့ ‘The Canterbury Tales’ စာအုပ်ကတော့ အမေရိကန်ဒေါ်လာ ၇.၅ သန်းတန်ကြေးရှိတဲ့ ရှားပါးစာအုပ်ပဲ ဖြစ်ပါတယ်။ ၁၅ ရာစုမှာ ထွက်ရှိခဲ့တဲ့ ပထမအကြိမ်မူကို ( ၁၉၉၈ ) ခုနှစ်က လန်ဒန်မှာရှိတဲ့ ခရစ္စတီးလေလံပွဲမှာ ယူရို ၄.၆ သန်း ( ကန်ဒေါ်လာ ၇.၅ သန်းခန့် ) ဖြင့် ရောင်းထွက်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ကဗျာဆရာကြီး ဂျော့ဖရေးမကွယ်လွန်မီ ( ၁၃၈၇ ခုနှစ်မှ ၁၄၀၀ ပြည့်နှစ်ကြား ) ရေးဖွဲ့ခဲ့တဲ့ ပုံပြင်ပေါင်း ( ၂၄ ) ပုဒ် ပါဝင်ပါတယ်။ 

၎။ First Folio - အမေရိကန်ဒေါ်လာ ၆ သန်းတန်ဖိုးရှိတဲ့ ဒီစာအုပ်ဟာ ဂန္ထဝင် အင်္ဂလိပ်ကဗျာဆရာ၊ ပြဇာတ်ရေးဆရာကြီး ဝီလျံရှိတ်စပီးယား ( William Shakespeare ) ရဲ့ နာမည်ကြီးလက်ရာပဲ ဖြစ်ပါတယ်။ မူရင်းစာအုပ်ရဲ့ ဈေးနှုန်းဟာ တစ်ပေါင် ( နှစ်ဒေါ်လာခန့် ) သာ တန်ကြေးရှိပေမဲ့ လက်ရှိအချိန်မှာတော့ စာအုပ်စုဆောင်းသူတွေကြားမှာ တော်တော်လေး တန်ဖိုးမြင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်နေပါပြီ။ မူလထွက်ရှိခဲ့တုန်းကတော့ အုပ်ရေ ၇၅၀ ရှိခဲ့ပေမဲ့ အခုဆိုရင်တော့ ၂၂၈ အုပ်လောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းရပါတယ်။ ရှိတ်စပီးယားရဲ့ ပြဇာတ်ပေါင်း ( ၃၆ ) ပုဒ်ပါဝင်တဲ့ ‘First Folio’ စာအုပ်ကို ၂၀၀၁ ခုနှစ်တုန်းက မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Paul Allen က အမေရိကန်ဒေါ်လာ ၆ သန်း ( ၆,၁၆၆,၀၀၀ ဒေါ်လော ) ဖြင့် နယူးရော့ခ်မှာရှိတဲ့ ခရစ္စတီးလေလံပွဲမှ ဝယ်ယူသွားခဲ့ပါတယ်။ 

၅။ The Tales of Beedle the Bard – ဒီစာအုပ်ကတော့ ကလေးပုံပြင်စာအုပ်ပဲ ဖြစ်ပါတယ်။ ရေးသူကတော့ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာမ J. K. Rowling ပဲ ဖြစ်ပြီး သူမရဲ့ ဟယ်ရီပေါ်တာဝတ္ထုစီးရီးထဲက နောက်ဆုံးစာအုပ်ဖြစ်တဲ့ ‘Harry Potter and the Deathly Hallows’ ထဲမှာ ရည်ညွှန်းဖော်ပြထားတဲ့ ပုံပြင်စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စုစုပေါင်း ( ၇ ) အုပ်ထဲသာရှိတာဖြစ်ပြီး တစ်အုပ်ချင်းစီတိုင်းမှာ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ လက်ရေးမူများနဲ့ သူမကိုယ်တိုင်ရေးဆွဲထားတဲ့ သရုပ်ဖော်ပုံများ ပါဝင်ပါတယ်။ ခြောက်အုပ်ကိုတော့ သူမရဲ့ မိတ်ဆွေတွေနဲ့ အယ်ဒီတာတွေကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်တစ်အုပ်ကတော့ ၂၀၀၇ ခုနှစ်မှာ လေလံပစ်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃.၉၈ သန်းဖြင့် အမေဇုန်စတိုး ( Amazon.com  ) ကနေ ရောင်းထွက်ခဲ့တာဖြစ်ပြီး စာအုပ်ရောင်းရငွေကိုတော့ ‘Children’s Voice’ ဆိုတဲ့ အဘက်ဘက်က ချို့တဲ့နေသူ ကလေးများအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုကို လှူဒါန်းခဲ့ပါတယ်။ ဂျေကေရိုးလင်းရဲ့ လက်ရေးစာမူတန်ဖိုးဟာ ခုခေတ်နောက်ပိုင်း လေလံပွဲတွေမှာ ရောင်းထွက်ခဲ့သမျှ လက်ရေးစာမူတွေအနက် ဈေးနှုန်းအမြင့်ဆုံးပဲ ဖြစ်ပါတယ်။
 
Ref; flavorwire.com
………….
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ဝင်စားဖွယ်ကောင်းပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို Wun Zinn Digest ရဲ့ ‘သင်သိရဲ့လား’ ( Did you Know ) ကဏ္ဍမှ အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
………….
“ဝန်ဇင်းစာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီး စိတ်ဝင်စားလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts