သင်သိရဲ့လား ( ၁၄ )
“အိပ်မက်,မက်ခြင်းအကြောင်း အံ့သြဖွယ်ရာအချက်များ”
အိပ်မက် - အိပ်မက်ဟာ လူတစ်ယောက်အတွက် အဆန်းကြယ်ဆုံး စိတ်နယ်လွန်ဖြစ်ရပ်တစ်ခုပါပဲ။ ရိုးရာအစဉ်အလာနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေအောက်မှာ အိပ်မက်ဆိုတာ မကြာခင်ပေါ်ပေါက်လာမယ့် ဖြစ်ရပ်တွေအတွက် ရှေ့ပြေးဟောကိန်းဖြစ်သလို သိပ္ပံပညာ လေ့လာမှုအရတော့ အိပ်ပျော်နေစဉ်မှာ လှုပ်ရှားနေတဲ့ မသိစိတ်ရဲ့ နိုးကြားမှုပါပဲတဲ့။
အိပ်မက်ကို အတိတ်နိမိတ် ကောက်ယူတတ်ကြသလို အိပ်မက်မှ ပြောပြသော အချက်အလက်များဖြင့် စိတ်ရောဂါဝေဒနာတွေကိုလည်း ကုသတတ်ကြပါတယ်။ သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ အိပ်မက်ထဲမှာ လက်တွေ့ဖြစ်နေနိုင်သလို သင့်ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အိပ်မက်တွေကတော့ သင့်ကို အိပ်ပျက်ညတွေ များစေပါသတဲ့။
ဆန်းကြယ်ပြီး လျှို့ဝှက်နက်နဲတဲ့ အိပ်မက်၊ ညတိုင်း မက်နေတဲ့ အိပ်မက်ဟာ ဘယ်လို အံ့သြဖွယ်ရာအချက်တွေ ရှိနေလဲ ကြည့်လိုက်ရအောင်။
၁။ အိပ်မက်,မက်နေစဉ်မှာ စာဖတ်လို့မရသလို အချိန်ကလည်း တိကျမှုမရှိ - သင့်ကိုယ်သင် အိပ်မက်,မက်နေတယ်လို့ ထင်ရတဲ့အချိန်နဲ့ တကယ်မက်နေလို့ သိရချိန်လေးမှာ တစ်ခုခုကို ( စာ၊ စကားလုံး ) ဖတ်ကြည့်ဖို့ ကြိုးစားကြည့်လိုက်ပါ။ လူအများစုကတော့ သူတို့အိပ်မက်အတွင်းမှာ ဖတ်နိုင်စွမ်းမရှိပါဘူးတဲ့။ အိပ်မက်ထဲမှာ မြင်ရတဲ့နာရီပေါ်က အချိန်ဟာ ပြင်ပကမ္ဘာနဲ့လည်း ကွာခြားနေတတ်ပါသတဲ့။
၂။ အိပ်မက်ထဲသို့ ကျူးကျော်ဝင်ရောက်သူများ - အလိုအလျောက် မက်နေတဲ့ အိပ်မက်ကို၊ အိပ်မက်,မက်တဲ့အခါ မက်နေမှန်းသိပြီး၊ အဲ့ဒီမှတစ်ဆင့် အိပ်မက်ကို ထိန်းချုပ်ဖို့ ကြိုးစားသူတွေ၊ အိပ်မက်ထဲ မိမိလုပ်ချင်ရာ ( ဥပမာ - လေပေါ်ပျံဝဲတာ၊ နံရံတွေကို ဖောက်ထွက်သွားတာ၊ ငယ်စဉ်ကလေးဘဝကို ပြန်သွားတာ ) စတာတွေကို ဖန်တီးနိုင်အောင် ကြိုးစားသူတွေကို အိပ်မက်ခရီးသွားတွေလို့ ခေါ်လေ့ရှိပါသတဲ့။
၃။ အကြံကောင်း ဉာဏ်ကောင်းထွက်စေသော အိပ်မက် - တစ်ခါတရံမှာ မိမိဖြေရှင်းရခက်နေတဲ့ ပြဿနာတွေ၊ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အကြံအစည်တွေနဲ့ ပတ်သက်ပြီး အကြံကောင်း ဉာဏ်ကောင်းတွေကို အိပ်မက်ထဲမှတစ်ဆင့် ရရှိတတ်ကြပါသတဲ့။
Google ဖန်တီးဖို့ Larry Page ဟာ အိပ်မက်ထဲမှ အကြံဉာဏ်ရခဲ့တာဖြစ်သလို အပ်ချုပ်စက်တီထွင်ခဲ့သူ Elias Howe ကလည်း ထို့အတူပါပဲတဲ့။ ဓာတုဗေဒအတွက် ဒြပ်စင်ပြဇယား Periodic Table ကို ဖန်တီးခဲ့တဲ့ Dimitri Mendeleyev, AC လျှပ်စီးကြောင်း ( Alternating Current Generator ) ကို တွေ့ရှိဖန်တီးခဲ့သူ Tesla တို့ဟာလည်း သူတို့ရဲ့ တီထွင်ဖန်တီးမှု အကြံဉာဏ်တွေကို အိပ်မက်ထဲမှ ရရှိခဲ့ကြတာပါတဲ့။
၎။ ကြိုတင်သိနေတဲ့ အိပ်မက်တွေ - အိပ်မက်,မက်ခြင်းနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ အချက်ကတော့ အိပ်မက်ဟာ မကြာခင်ဖြစ်လာမယ့် အရာတွေအတွက် ရှေ့ပြေးဟောကိန်း ဖြစ်တယ်ဆိုတာပါပဲ။
- အေဗရာဟမ်လင်ကွန်းဟာ သူလုပ်ကြံခံရပုံကို အိပ်မက်ထဲမှ ကြိုမြင်ခဲ့တယ်။
- 9/11 ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ပြည်သူအများစုက ဒီအန္တရာယ်ဆိုးကြီး ဖြစ်တော့မှာကို ပုံစံမတူတဲ့ သတိပေးအိပ်မက်တွေအဖြစ် မြင်မက်ခဲ့ဖူးပါတယ်။
- ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်းက သူ့အကိုရဲ့ သေတမ်းစာကို အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ရပါသတဲ့။
- တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှာကို လူနှစ်ဆယ်လောက် အတိအကျ ကြိုတင်မြင်မက်ခဲ့ကြပါတယ်။
၅။ မယုံနိုင်ဖွယ် အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်း - လူနည်းစုမှာသာ ဖြစ်လေ့ရှိတဲ့ အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်းကတော့ မယုံနိုင်ဖွယ် ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ သြစတြေးလျသူ Lee Hadwin ဟာ သူနာပြုဆရာမတစ်ဦးဖြစ်ပေမဲ့ အိပ်မက်ထဲမှာတော့ သူမဟာ ပန်းချီပညာရှင် ဖြစ်နေလေ့ရှိသူပါတဲ့။ အိပ်မက်ထဲမှာ ပန်းချီဆွဲနေတဲ့အတိုင်း ပြင်ပမှာလည်း အိပ်ပျော်နေရင်းက ပုံတူပန်းချီတွေဆွဲလေ့ရှိပြီး သူမကို Sleepwalking Artist လို့ ခေါ်ကြတယ်။ ဒါ့အပြင် လူတစ်ယောက်ဟာ ၂၂ မိုင်အကွာမှာရှိနေတဲ့ ညီဝမ်းကွဲအိမ်ဆီ လမ်းလျှောက်သွားပြီး ဝမ်းကွဲညီကို သတ်ပစ်လိုက်တာ၊ အိပ်နေရင်းလမ်းလျှောက်ရာကနေ သုံးလွှာအမြင့် ပြတင်းပေါက်မှ ခုန်ချလိုက်ပေမယ့် ဘာထိခိုက်မှုမှမရှိတာ .. စတဲ့ ဖြစ်ရပ်တွေကတော့ နာမည်ကြီးတွေပါပဲ။
၆။ Dream-catcher - အိပ်မက်နဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံး အကြောင်းအရာတစ်ခုကတော့ Dream-catcher အဆောင်ပါပဲ။ ကိုယ်အိပ်တဲ့နေရာမှာ ချိတ်ဆွဲထားရင် အိပ်မက်ဆိုးတွေ မမက်ဘူးလို့ ယူဆယုံကြည်ကြပါတယ်။ ခုနောက်ပိုင်းမှာတော့ Dream-catcher ကို အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲ အသုံးပြုသူတွေ များလာသလို အချို့ကတော့ အိပ်မက်အတွက် ရည်ရွယ်ပြီး အသုံးချလျက်ရှိဆဲ ဖြစ်ပါတယ်။
၇။ လူတိုင်းအိပ်မက်,မက်တယ် - လူအများစုကတော့ သူတို့ အိပ်မက်, မက်တတ်ကြတယ်ဆိုတာကို ဝန်ခံလေ့မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ဒါဟာ မှားပါတယ်တဲ့။ ကျွန်ုပ်တို့အားလုံး အိပ်မက်,မက်လေ့ရှိကြတယ်။ ဒီထဲကမှ ၆၀ ရာခိုင်နှုန်းကတော့ သူတို့မက်ခဲ့တဲ့ အိပ်မက်တွေကို မှတ်မိလေ့မရှိကြဘူးလို့ ဆိုပါတယ်။
Ref; www.lifehack.org
…..
“ဝန်ဇင်းပရိသတ်ကြီးလည်း အိပ်မက်,မက်ဖူးတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ မက်ဖူးတဲ့ ထူးထူးဆန်းဆန်း အိပ်မက်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေသွားပါဦး”
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။