သင်သိရဲ့လား ( ၂၇ )


“ကမ္ဘာပေါ်မှာရှိတဲ့ ဖေ့ဘုတ်သုံးခွင့်မရှိသော နိုင်ငံများစာရင်း”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများ ခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းရဲ့ ‘အခမဲ့ဖတ်စရာ’ ကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ Facebook နဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ်ခင်ဗျ။ 2018 ခုနှစ်အထိ နောက်ဆုံး လေ့လာချက်များအရ Facebook အသုံးပြုသူ လူဦးရေက ၂.၂၃ ဘီလျံလောက် ရှိနေပါတယ်။ ဒါဟာ လစဉ် ပုံမှန်အသုံးပြုနေတဲ့ user များ စာရင်းပဲ ဖြစ်ပြီး အကောင့်ဖွင့်ထားပေမဲ့ မသုံးဖြစ်တာ၊ အကောင့် D ထားတာမျိုးတွေ မပါဝင်သေးပါဘူး။ Facebook နေ့စဉ် အသုံးပြုသူကတော့ ၁.၄၇ ဘီလျံလောက် ရှိပါတယ်။ 

Facebook အသုံးပြုမှုကို နိုင်ငံအလိုက် ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံက နံပါတ်တစ် အသုံးပြုမှုနှုန်း အများဆုံး ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အမေရိကန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ တူရကီနဲ့ ယူကေ ( United Kingdom ) တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ပြောရမယ်ဆိုရင် အာရှနိုင်ငံတွေက Facebook အသုံးအများဆုံးလို့တောင် ဆိုရမှာပါ။ 

ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Facebook အသုံးပြုမှုနှုန်းရဲ့ ၃၇.၂ ရာခိုင်နှုန်းဟာ အာရှလက်ထဲမှာ ရှိနေပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်ထိ စာရင်းပဲ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်ပါတယ်ဆိုတဲ့ တောင်အမေရိကတိုက်နဲ့ ဥရောပတိုက်တွေရဲ့ Facebook အသုံးပြုမှုနှုန်းက ၁၃.၃ ရာခိုင်နှုန်းနဲ့ ၁၇.၄ ရာခိုင်နှုန်းစီပဲ ရှိကြပါတယ်။ ရာခိုင်နှုန်း အနည်းဆုံးကတော့ သြစတြေးလျနဲ့ သမုဒ္ဒရာကျွန်းဆွယ်ဒေသပဲ ဖြစ်ပြီး ၁.၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ 

အခုလို စာရင်းတွေအရ  အကြမ်းဖျင်း ကောက်ချက်ချရမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အထူးသဖြင့် အာရှဒေသတွင်း နိုင်ငံတွေက Facebook အသုံးပြုမှုနှုန်း များပြား မြင့်မားတယ်လို့ ဆိုရမှာပါ။ ဒီတော့ Facebook မသုံးတဲ့ နိုင်ငံတွေရော ရှိလား ? ဘယ်လိုနိုင်ငံတွေ ဖြစ်မလဲ ? Facebook မသုံးတဲ့နိုင်ငံတွေက ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဖြစ်မလား ? စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဝန်ဇင်းပရိသတ်ကြီးအတွက် ဗဟုသုတအဖြစ် ကမ္ဘာပေါ်မှာရှိတဲ့ ဖေ့ဘုတ်သုံးခွင့်မရှိသော နိုင်ငံများစာရင်းကို ဖော်ပြလိုက်ရပါတယ်။ 

၁။ မြောက်ကိုရီးယား ( North Korea ) - ကမ္ဘာပေါ်မှာရှိတဲ့ အလုံခြုံဆုံး၊ စည်းကမ်းအတင်းကျပ်ဆုံး နိုင်ငံလို့ ပြောနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ Facebook သုံးစွဲခွင့် ပိတ်ပင်ထားပါတယ်။ နိုင်ငံခြား ခရီးသွားတွေ အင်တာနက်သုံးဖို့ 3G network အထိပဲ ရနိုင်မှာဖြစ်ပြီး နိုင်ငံတွင်းမှာတော့ ကွမ်မြောင် ( Kwangmyong ) လို့ ခေါ်တဲ့ ကိုယ်ပိုင် Intranet ကို အသုံးပြုကြပါတယ်။ ဒါတောင် နိုင်ငံသားအားလုံး အင်တာနက်အသုံးပြုခွင့်ရတာ မဟုတ်ပါဘူး။
 
၂။ အီရန် ( Iran ) - အီရန်နိုင်ငံမှာတော့ Facebook အပါအဝင် Twitter, You Tube စတဲ့ နာမည်ကြီး လူမှုကွန်ရက်စာမျက်နှာတွေကို ၂၀၀၉ ခုနှစ်ကတည်းကစလို့ ပိတ်ပင်ထားပါတယ်။ လူမှုကွန်ရက် အသုံးပြုခွင့်ကို အီရန်နိုင်ငံရဲ့ ၂၀၀၉ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိတ်ပင်ခဲ့တာ ဖြစ်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်နေတာပဲ ဖြစ်ပါတယ်။ 

၃။ တရုတ် ( China ) – ကမ္ဘာပေါ်က အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ Facebook အပါအဝင် အခြား လူမှုကွန်ရက်စာမျက်နှာ အတော်များများ သုံးခွင့် မရှိပါဘူး။ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာတော့ WeChat, QQ နဲ့ Weibo စတာတွေကို အသုံးများကြပါတယ်။ 

၎။ ကျူးဘား ( Cube ) - ကျူးဘားမှာတော့ Facebook ကို တရားဝင် ပိတ်ပင်ထားတာမျိုး မဟုတ်ပေမဲ့ အသုံးပြုခွင့်ရဖို့ တော်တော်ကို ခက်ခဲပါတယ်။ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်အချို့နဲ့ ဆေးကျောင်းသားတွေပဲ သူတို့အိမ်မှာ အင်တာနက်ကို တရားဝင် အသုံးပြုခွင့်ရတာ ဖြစ်ပါတယ်။ အခြားသူတွေအတွက်ကတော့ အင်တာနက် သုံးမယ်ဆိုရင် တရားဝင်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ Internet Cafe’ ဆိုင်တွေမှာ သွားသုံးရမှာပါ။ 

၅။ ဘင်္ဂလားဒေ့ရှ် ( Bangladesh ) - တမန်တော်မိုဟာမက် အပါအဝင် နိုင်ငံခေါင်းဆောင်အချို့နဲ့ ပတ်သက်ပြီး အထေ့အငေါ့ သရော်လှောင်ပြောင် ကာတွန်းပုံတွေ တင်တာကြောင့် ၂၀၁၀ ခုနှစ်မှာတော့ Facebook ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြုတ်ချလိုက်ပါတယ်။ တစ်ပတ်လောက် အသုံးပြုခွင့် မရတော့တာဖြစ်ပြီး အင်တာနက်ပေါ်တင်ထားတဲ့ ပုံတွေ၊ ကာတွန်းတွေ အားလုံး ပယ်ဖျက်ခံခဲ့ရပါတယ်။ 
………….
Ref; www.rednewswire.com / www.statista.com
………….
“အခု တင်ဆက်လိုက်တဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီးလို့ စာချစ်သူတို့အတွက် ဗဟုသုတ ရရှိသွားတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “စာချစ်သူတို့ ပြောကြားချင်သည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts