သင်သိရဲ့လား ( ၂၈ )


“အရေးတကြီး ပြန်လည်အသုံးပြုသင့်တဲ့ စွန့်ပစ်ပစ္စည်း ( ၁၀ ) မျိုး”

‘ပြန်လည်အသုံးပြုခြင်း’ – Recycle လုပ်တယ်ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက်ရော ကမ္ဘာကြီးအတွက်ပါ သိပ်ကို အသုံးဝင်ပြီး အနာဂတ်အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ အများအားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ထိခိုက် ပျက်စီးစေတာကတော့ ပလပ်စတစ် - Plastics ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အများနိုင်ငံတွေမှာတော့ ပလပ်စတစ်ကို Recycle လုပ်နေကြပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ Plastic Recycling အတွက် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အများဆုံး စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ပလပ်စတစ်ကို ပြန်လည်အသုံးပြုတဲ့ နည်းလမ်းတွေ ၊ စက်ပစ္စည်းတွေ ထွက်ရှိထားပြီးပါပြီ။ လက်ရှိမှာ သုံးလည်း သုံးနေကြပါတယ်။ ဒီလိုနည်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကမ္ဘာမြေပျက်စီးမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းနေကြတယ် ဆိုပါတော့။

ဒါပေမဲ့ စွန့်ပစ်ပစ္စည်းထဲမှာ ပလပ်စတစ်တစ်မျိုးပဲ အရေးတကြီး ပြန်လည် အသုံးပြု ( Recycle ) လုပ်သင့်တာလား ။ မဟုတ်ပါဘူး ။ ကျွန်တော်တို့ သိသလိုလိုနဲ့ သတိမထားမိတဲ့ အခြား စွန့်ပစ်ပစ္စည်းတွေကိုလည်း Recycle လုပ်သင့်ကြောင်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က စာရင်းထုတ် နှိုးဆော်ထားတာ ရှိပါတယ်။ ဒီစာရင်းမှာ ဘယ်လို စွန့်ပစ်ပစ္စည်းအမျိုးအစားတွေ ပါဝင်မလဲ ? 

ဝန်ဇင်းပရိသတ်ကြီးလည်း ဗဟုသုတရစေဖို့ အောက်ပါအတိုင်း ဖော်ပြလိုက်ပါရစေ။ 

၁။ Aluminum - အလူမီနီယံသတ္တုနဲ့ ပြုလုပ်ထားတဲ့ အအေးဗူးတွေက ရာနှုန်းပြည့် ( 100 % ) ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တစ်ခုသုံးပြီး နောက်တစ်ခါ အကြိမ်ကြိမ် ပြန်သုံးလို့ ရပါတယ်။ အသစ်တစ်ဗူးအတွက် အဟောင်းတွေကို ပြန်သုံးလို့ရတဲ့ စက်ပစ္စည်းတွေ ရှိနေပါတယ်။ ဒါ့အပြင် နေ့စဉ် အိမ်သုံးပစ္စည်းတွေမှာလည်း ဒီလို သောက်ပြီးသား အအေးဗူး ( သံဗူး ) အဟောင်းတွေကို ပြန်သုံးလို့ရတဲ့ နည်းလမ်းတွေကို Google မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ 

၂။ PET Plastic Bottles - သောက်ရေသန့်ဗူးအဟောင်းတွေကလည်း Recycle လုပ်သင့်တဲ့ စွန့်ပစ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ သောက်ပြီးရင် မလွှင့်ပစ်ပါနဲ့။ ရေသန့်ဗူးအဟောင်းတွေကို အရေးပေါ် အသက်ကယ်လှေ ၊ အုတ်အစားထိုး အိမ်ဆောက်ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ တလောကပဲ Facebook မှာ တက်လာတာကို စာချစ်သူတို့လည်း မြင်ဖူးပြီး ဖြစ်မှာပါ။ ဒီ့အပြင် အခြား နည်းလမ်းများလည်း ရှိပါသေးတယ်။ ဒါတွေကို ဆက်လက် လေ့လာပြီး သောက်ရေသန့်ဗူးအဟောင်းတွေကို မလွှတ်ပစ်ပါနဲ့၊ ပြန်လည်အသုံးချပါလို့ တိုက်တွန်းလိုက်ပါရစေ။ 

၃။ Newspaper - သတင်းစာတွေ၊ ဂျာနယ်တွေကို ဖတ်ပြီးရင် လွှင့်မပစ်လိုက်ပါနဲ့။ စက္ကူစက်ရုံကို ပြန်သွင်းလိုက်ပါ။ စက္ကူအဟောင်းတွေကို Recycle လုပ်ပြီး စက္ကူအသစ်တွေ ဖန်တီးနိုင်တဲ့ နည်းပညာတွေ ရှိနေပါပြီ။ ဒါကြောင့် သတင်းစာ ဂျာနယ်တွေ ဖတ်ပြီးရင် အလေးချိန်နဲ့ စက္ကူစက်ရုံကိုသာ ပြန်ရောင်းစားလိုက်ပါတော့။ 

၎။ Corrugated Cardboard – OCC ( Old corrugated cardboard ) လို့ခေါ်တဲ့ ကတ်ထူသားအထူတွေဟာ Recycle ပြန်သုံးသင့်တဲ့ စွန့်ပစ်ပစ္စည်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒီကတ်ထူတွေဟာ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ အရာတွေ မဟုတ်ပါဘူး။ တီဗီထည့်တဲ့ စက္ကူပုံးတွေ ၊ ရေခဲသေတ္တာထည့်တဲ့ စက္ကူပုံးတွေ … စတဲ့ OCC တွေဟာ နေရာလည်း ယူတာမို့၊ အကောင်းဆုံးကတော့ စနစ်တကျ ထုပ်ပိုးပြီး စက္ကူစက်ရုံကိုသာ ပို့လိုက်ပါ။ အမှိုက်ပုံမှာ လွှင့်မပစ်ပါနဲ့လို့ ပြောပါရစေ။ 

၅။ Steel Cans - နံပါတ်တစ်မှာ ပြောပြခဲ့တဲ့ အလူမီနီယံ သံဗူးတွေလိုပါပဲ။ ဒီနိုင်ငံမှာတော့ ဖျော်ရည်ယမကာတို့ထက်စာရင် နို့ဆီဗူး၊ နို့မှုန့်ဗူးနဲ့ အချို့ အိတ်ဆောင် ရေနွေးဓာတ်ဗူးတွေမှာ စတီးကို သုံးလေ့ရှိပါတယ်။ ဒီဗူးတွေကိုလည်း Recycle လုပ်လို့ရတာမို့ လွှင့်မပစ်ပါနဲ့ဦး။ အလေးချိန်နဲ့ ပြန်ရောင်စားလိုက်ပါ။ 

၆။ HDPE Plastic Bottles – သူကတော့ PET ပလပ်စတစ်ဗူးတွေလိုပါပဲ။ ဒါပေမဲ့ မတူတာကတော့၊ အလွယ်ပြောရရင်၊ သူ့ကို ပလပ်စတစ်အမာသား ဗူးတွေလို့ ဆိုလို့ရပါတယ်။ ပလပ်စတစ် ဆီပုံး ၊ ဆန်ပုံး နဲ့ အဖြူရောင် ရေသန့်ဗူးကြီးတွေမှာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် စက်ဆီဗူးလို ၊ အချို့ခေါင်းလျှော်ရည်ဗူးတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဒါတွေကိုလည်း Recycle လုပ်သင့်ပါတယ်။ 

၇။ Glass Containers - ဖန်ဗူးတွေက ဘာထည့်ထည့် အဆင်ပြေတဲ့ Recycle လုပ်လို့အကောင်းဆုံး စွန့်ပစ်ပစ္စည်းဝင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြိုက်တဲ့ ဖန်ဗူးလာပါစေ။ ကျွန်တော်တို့အားလုံး အလွယ်တကူ လွှင့်မပစ်တတ်ကြဘဲ တစ်နေရာရာမှာ ပြန်သုံးလေ့ရှိတာမို့ ဒါကိုတော့ အထူးပြောစရာ မလိုတော့ပါဘူး။ 

၈ / ၉ ။ Magazines and Mixed Paper - သူကတော့ မဂ္ဂဇင်းတွေမှ ပါလေ့ရှိတဲ့ စက္ကူအထူ / စက္ကူအချောသားတွေပေါ့ခင်ဗျာ။ အနည်းဆုံး စာအုပ်အဖုံးချုပ်တာဖြစ်ဖြစ် ပြန်အသုံးပြုလို့ရပါတယ်။ အချို့ဆို ဧည့်ခန်းဆင် အလှပစ္စည်းတွေအဖြစ် စက္ကူခေါက်နည်းနဲ့ ခေါက်လေ့ရှိပါတယ်။ တကယ်တော့ စက္ကူတစ်တန်ကို Recycle လုပ်တာဟာ သစ်ပင် ( ၁၇ ) ပင် နဲ့ ရေဂါလန် ( ၇,၀၀၀ ) ဆုံးရှုံးခြင်းကို Save ဖြစ်စေတယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ 

၁၀။ Computers - အသုံးမလိုတဲ့ စက်ပစ္စည်းတွေထဲမှာ ကွန်ပျူတာအဟောင်းအပျက်တွေလည်း ပါဝင်ပါတယ်။ ဒီနိုင်ငံမှာတော့ ကွန်ပျူတာအဟောင်း ( သုံးလို့ရသေး ) တွေကို စွန့်ပစ်တဲ့ အလေ့အထ အတော်နည်းပါတယ်။ အခြားနိုင်ငံမှာတော့ ကွန်ပျူတာအဟောင်းတွေ စွန့်တာ အများအပြားရှိပြီး၊ တကယ်တော့ မလိုချင်တော့ဘူးဆိုရင် အခြား ဆင်းရဲနိုင်ငံတွေက ကလေးငယ်တွေရဲ့ ပညာရေးအထောက်အကူအတွက်ဖြစ်ဖြစ်၊ NGO တွေနဲ့ ချိတ်ဆက်ပြီး လှူဒါန်းသင့်တယ်လို့ ဆိုပါတယ်။ 

Ref; www.care2.com
………….
“အခု တင်ဆက်လိုက်တဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီးလို့ စာချစ်သူတို့အတွက် ဗဟုသုတ ရရှိသွားတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “စာချစ်သူတို့ ပြောကြားချင်သည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts