သင်သိရဲ့လား ( ၂၆ )


‘ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ကာတွန်းရုပ်ပြစာအုပ် ( ၅ ) အုပ်’

၁။ Master Flashgold’s Splendiferous Dream - ဒီစာအုပ်ဟာ ရှေးအကျဆုံး ကာတွန်းရုပ်ပြ စာအုပ်စာရင်းထဲက နံပါတ် ( ၁ ) ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀ ) ကျော် - သက္ကရာဇ် ၁၇၅၅ ခုနှစ်တုန်းက စာအုပ်ဖြစ်ပြီး အများထင်နေကြသလို ဥရောပနဲ့ အမေရိကန်တို့မှာ စခဲ့တာမဟုတ်ဘဲ၊ ဒီစာအုပ်ရဲ့ မူရင်း အရင်းအမြစ်က ဂျပန်နိုင်ငံ ဖြစ်နေတာပါပဲ။ ယနေ့ချိန်ထိ နာမည်ကြီးအောင်မြင်နေတဲ့ ဂျပန်နိုင်ငံရဲ့ comic နယ်ပယ်ဟာ ခုလိုမျိုး သမိုင်းကြောင်းနဲ့ချီပြီး ရှိနေတာကို တွေ့ရပါတယ်။ ‘ခိုအိခါဝါ ဟရုမချိ’ ( Koikawa Harumachi ) ဆိုတဲ့ ဂျပန်လူမျိုးတစ်ယောက်က ရေးခဲ့တာပါ။ ဇာတ်လမ်းကတော့ ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသမှာနေတဲ့ နွမ်းပါးသူ ဆာမူရိုင်းလူငယ်တစ်ယောက်က တိုကျိုမြို့ပေါ်တက်ပြီး အလုပ်ရှာဖို့ ခရီးနှင်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

၂။ Glasgow Looking Glass - ဒုတိယ ရှေးအကျဆုံးစာအုပ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၀၀ ) ခန့် - သက္ကရာဇ် ၁၈၂၅ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မဂ္ဂဇင်းတစ်ခုပဲဖြစ်ပြီး ကာတွန်းနဲ့ ရုပ်ပြဇာတ်လမ်းတွေကို အသားပေး ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ် ကာတွန်းဆရာ Willaim Heath က သရုပ်ဖော်ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ ‘Glasgow Looking Glass’ မဂ္ဂဇင်းဟာ ၁၈၂၀ ခုနှစ်များဆီက စကော့တလန်နိုင်ငံရဲ့ နေ့စဉ်လူမှုဘဝကို ဖော်ပြရင်း နိုင်ငံရေးနဲ့ပတ်သက်ပြီး သရော်တဲ့ ရှုထောင့်ကနေ ရေးသားတင်ပြခဲ့ပါတယ်။ 

၃။ Historie de M. Jabot - နောက်တစ်အုပ်ကတော့ သက္ကရာဇ် ၁၈၃၃ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ ခုချိန်ဆို နှစ်ပေါင်း ( ၁၈၅ ) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ Mr. Jabot ဆိုတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပြီး ဆွစ်လူမျိုး ကျောင်းဆရာ၊ ရုပ်ပြကာတွန်းဆရာလည်းဖြစ်တဲ့ Rodolphe Topffer က ပုံနှိပ်ခဲ့တာပါ။ ဒါဟာ သူရေးသားခဲ့တဲ့ သရော်စာ ( ၇ ) ပုဒ်ထဲက ပထမတစ်ခုပဲဖြစ်ပြီး အလယ်တန်းလွှာ လူတစ်ယောက်က အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့ ကြိုးစားတဲ့အကြောင်း ပြောပြထားပါ။ 

၎။ Life of Mr. Lambkin - ဒီစာအုပ်ကတော့ ၁၈၄၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ အကောင်းဆုံး သရုပ်ဖော်ရေးဆွဲသူလို့ သတ်မှတ်ထားကြတဲ့ George Cruikshank က ရေးဆွဲခဲ့တာပါ။ သူဟာ ကမ္ဘာ့ဂန္ထဝင်အင်္ဂလိပ် ဝတ္ထုရေးဆရာကြီး ချားလ်စ်ဒစ်ကင်း ( Charles Dickens ) ရဲ့ ‘Oliver Twist’ ဝတ္ထုကြီးအပါအဝင် အခြား ဂန္ထဝင်ဝတ္ထုတွေမှာပါတဲ့ ပန်းချီတွေကို သရုပ်ဖော် ရေးဆွဲခဲ့ဖူးပါတယ်။ Cruikshank ရဲ့ လက်ရာတွေဟာ သူ့ကို သမိုင်းတလျှောက် လွှမ်းမိုးအရှိဆုံး ကာတွန်းရုပ်ပြဆရာတွေထဲက တစ်ဦးအဖြစ် ရောက်ရှိစေခဲ့ပါတယ်။

၅။ Journey to the Gold Diggings - ကမ္ဘာ့ရှေးအကျဆုံး ကာတွန်းရုပ်စာအုပ် ( ၅ ) အုပ်ရဲ့ နောက်ဆုံးစာအုပ်ကတော့ ၁၈၄၉ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ အမေရိကန်ရဲ့ ပထမဆုံး ရုပ်ပြစာအုပ်ဖြစ်ပြီး James နှင့် Alexander Read ညီနောင်တို့က ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ စာအုပ်ထဲက ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဟိတ်ကြီးဟန်ကြီးထုတ်လေ့ရှိတဲ့ မြို့ပေါ်က လူတစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်ကို ရွက်လွှင့်ပြီး ကြီးပွားချမ်းသာဖို့ ကြံဆောင်တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အကြီးအကျယ် ရှုံးနိမ့်ပြီး ပြန်လာရတဲ့အကြောင်းလေးပေါ့။ 

ကဲ … ဒီစာအုပ်တွေကတော့ www.catawiki.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့ရှေးအကျဆုံး ကာတွန်းရုပ်ပြစာအုပ် ( ၅ ) အုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဝန်ဇင်းစာချစ်သူတို့လည်း ဆက်ပြီး အကျယ်လေ့လာချင်တယ်ဆိုရင် စာအုပ်အမည်တွေအတိုင်း Google မှာ ရှာဖွေနိုင်ပါတယ်။

ဝန်ဇင်းသတင်းစကား ။       ။ စိတ်ဝင်စားဖွယ်ကောင်းပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို ဝန်ဇင်းရဲ့ "အခမဲ့ဖတ်စရာကဏ္ဍ" မှ အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

…………

“ဝန်ဇင်းစာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီး စိတ်ဝင်စားလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”  

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။ သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ။ -




 

Related Posts