သင်သိရဲ့လား ( ၂၁ )


ကမ္ဘာ့လူဦးရေ ခုနစ်ဘီလီယံအနက် လပေါ်ကို ဘယ်သူတွေ ရောက်ခဲ့ဖူးလဲ ?

မင်္ဂလာပါဗျာ၊ ဝန်ဇင်းပရိသတ်ကြီးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါရစေ။ ဒီတစ်ပတ်အတွက် Wun Zinn Digest ကဏ္ဍမှာ ဖော်ပြသွားမှာတော့ လပေါ်ရောက် လူသားများအကြောင်းပဲပေါ့ဗျာ။ အခုဆို ကမ္ဘာပေါ်မှာ လူဦးရေက ခုနစ်ဘီလီယံတောင် ရှိနေပြီဗျ။ ဒီလိုမျိုး သန်းနဲ့ချီတဲ့ လူပေါင်းများစွာထဲမှာ ကျွန်တော်တို့ ကမ္ဘာနဲ့ မိုင်ပေါင်း နှစ်သိန်းသုံးသောင်းကိုးထောင် ( ၂၃၉,၀၀၀ မိုင် ) ကွာဝေးတဲ့ လပေါ်ကို ဘယ်သူတွေများ ရောက်ခဲ့ကြဖူးမယ်ထင်လဲ ? သမိုင်းတလျှောက် ခုချိန်ထိ လပေါ်ကို ရောက်ခဲ့တဲ့ လူသားဟာ အရေအတွက်အားဖြင့် တစ်ဒါဇင်ပဲ ရှိသေးတယ်။ ( ၁၂ ) ဦးပေါ့ဗျာ။ ( မနာလိုစရာပဲနော် … ဟုတ်တယ်မလား ) 

ကမ္ဘာပေါ်က လူတိုင်း သွားဖို့ တော်တော်ခက်ခဲပြီး ဖြစ်နိုင်ခြေ သိပ်ကိုနည်းတဲ့ လပေါ်ကို သူတို့တွေ ရောက်ခဲ့တယ်၊ ခြေချခဲ့တယ်၊ လပေါ်မှာ လမ်းလျှောက်နိုင်ခဲ့ကြတယ်၊ လပေါ်ကနေ ကမ္ဘာမြေကြီးကို ပြန်ကြည့်ရတဲ့ ဖီလင်က ဘယ်လိုများရှိမလဲဆိုတာ သိပ်ကို စိတ်ဝင်စားစရာပါပဲ။ ကဲ … အဲ့ဒါတွေ ခဏထားပြီး လပေါ်ကို ဘယ်သူတွေ ရောက်ခဲ့ကြလဲ ကြည့်လိုက်ရအောင်။ 

၁။ Neil Alden Armstrong - ၁၉၃၀ ၊ သြဂုတ်လ ၅ ရက်နေ့မှာ မွေးတယ်၊ သူမရှိတော့တာ အကြာကြီး မဟုတ်သေးဘူး။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်ကမှ ကွယ်လွန်သွားတာ။ သူဟာ အမေရိကန် အာကာသယဉ်မှူးတစ်ယောက်၊ လေယာဉ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာပညာရှင်လည်း ဖြစ်တယ်။ တကယ်တော့ သူဟာ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာထဲမှ လကမ္ဘာပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ လူသားစစ်စစ်တစ်ဦးပဲပေါ့။ နာဆာရဲ့ Gemini 8 Program မှ အာကာသယာဉ် Apollo 11 နဲ့အတူ ၁၉၆၉ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာ လပေါ်ရောက်ခဲ့တဲ့ ကံအကောင်းဆုံး လူသားလို့တောင် ပြောရပါလိမ့်မယ်။ ( ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ဟာဆိုရင် လူပေါ်ကို လူရောက်ခဲ့တာ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပါပြီ )

၂။ Edwin “Buzz” Aldrin – Armstrong နဲ့အတူ လမြေမျက်နှာပြင်ကို နင်းနိုင်ခဲ့တဲ့ နောက်ထပ် လူသားတစ်ဦးကတော့ Buzz Aldrin ပါပဲ။ အခုဆို သူက အသက် ( ၈၈ ) နှစ်ရှိပြီ။ ၁၉၃၀ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မွေးတဲ့သူဟာ ခုချိန်မှာတော့ အမေရိကန် အင်ဂျင်နီယာပညာရှင်အဖြစ်ကနေ အငြိမ်းစားယူထားတယ်။ အရင်တုန်းကတော့ အာကာသယာဉ်မှူးဘဝကို ဖြတ်သန်းခဲ့ဖူးပြီး အမေရိကန်လေတပ်မှာ Command Pilot တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ ( Command Pilot ဆိုတာ ၁၅ နှစ်အောက် မလျော့တဲ့ လေယာဉ်မှူးသက်တမ်းရှိပြီး လေဟာပြင်မှာ အနည်းဆုံး နာရီပေါင်း သုံးထောင် ပျံသန်းခဲ့တဲ့သူကို ပေးထားတဲ့ ရာထူးပဲ ဖြစ်ပါတယ် )

၃။ Charles “Pete” Conrad – သူဟာ Gemini 5, Gemini 11, Apollo 12 နဲ့ Skylab 2 စတဲ့ missions တွေမှာ ပါဝင်ခဲ့ဖူးတယ်။ နာဆာရဲ့ အာကာသယာဉ်မှူးတစ်ယောက်ပဲပေါ့။ လပေါ်ကို ခြေချခဲ့တဲ့ တတိယမြောက် ပုဂ္ဂိုလ်ပဲဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ လွှတ်တင်ခဲ့တဲ့ Apollo 12 နဲ့အတူ ပါသွားခဲ့တာပါ။ Conrad ဟာ နာဆာရဲ့ ဒုတိယတန်းအဆင့် အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံရတယ်။ အသက် ၆၉ နှစ် ( ၁၉၉၉ ခု၊ ဇူလိုင် ၈ ရက် ) မှာ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

၎။ Alan L. Bean – အမေရိကန် ရေတပ်အရာရှိတစ်ဦးဖြစ်တဲ့ Alan Bean ဟာ နာဆာရဲ့ အာကာသယာဉ်မှူး အုပ်စု ( ၃ ) ထဲမှာ အာကာသယာဉ်မှူးတစ်ဦးအဖြစ် ပါဝင် ရွေးချယ်ခံခဲ့ရတယ်။ သူ့အသက် ၃၇ နှစ်မှာ Apollo 12 နဲ့ လိုက်ပါခဲ့ပြီး လပေါ်ရောက်ခဲ့သူ တစ်ဦးပဲပေါ့။ ၁၉၇၅ ခုနှစ်မှာ အမေရိကန်ရေတပ်ကနေ အငြိမ်းစားယူခဲ့ပြီး ၁၉၈၁ ခုနှစ်မှာတော့ နာဆာကနေ အနားယူခဲ့တယ်။ အဲ့ဒီနောက်ပိုင်း သူဟာ ပန်းချီဆွဲခဲ့သေးတယ်၊ Skylab 3 mission နဲ့ အာကသခရီးစဉ်တွေမှာ ပါဝင်ခဲ့ဖူးတဲ့သူဟာ အလုပ်တွေကနေ အငြိမ်းစားယူပြီးနောက်ပိုင်း သူ့ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အာကသကမြင်ကွင်းစုံကို သရုပ်ဖော်ရေးဆွဲခဲ့တယ်။ စိတ်မကောင်းစွာနဲ့ပဲ သူဟာ ဒီနှစ် မတ်လ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်။ 

၅။ Alan Shepard - သူကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပေါ့။ သူဟာ စကြာဝဠာ ခရီးနှင်ဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံး အမေရိကန်လူမျိုးတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရတယ်။ သူဟာ နာဆာရဲ့ Mercury Seven အဖွဲ့ထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ ၁၉၆၁ မေလမှာ သူဟာ Freedom 7 လို့ အမည်ပေးထားတဲ့ ပထမဆုံး လူစီးအာကာသယာဉ်ကို ဖန်တီးခဲ့ပြီး ကမ္ဘာ့အပြင်ဘက် အာကာသထဲကို ခရီးထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ ကမ္ဘာဂြိုဟ်ပတ်လမ်းအပြင်ဘက်ထိတော့ မရောက်ခဲ့ဘူး။ လပေါ်ခြေချခဲ့တာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ သူ့အသက် ၄၇ နှစ်မှာ လပေါ်လမ်းလျှောက်ခဲ့တဲ့ ငါးယောက်မြောက်လူသား၊ ရှေ့က အစဉ်အဆက် လပေါ်ရောက်ခဲ့သူတွေထဲမှာ အသက်အကြီးဆုံး တစ်ယောက်ဖြစ်သလို Mercury Seven အဖွဲ့ရဲ့ အာကာသယာဉ်မှူး ( ၇ ) ဦးအနက်မှာ သူတစ်ယောက်ပဲ လပေါ်ရောက်ခဲ့သူလို့ ပြောရမှာပေါ့။ 

၆။ Edgar D. Mitchell - ဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကွယ်လွန်သွားတယ်။ သူ့အသက် ၈၅ နှစ်မှာပေါ့၊ ၂၀၁၆ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လပေါ်ကို ရောက်ခဲ့ဖူးတဲ့သူဟာ လူ့လောကကို နှုတ်ဆက်သွားတယ်။ Apollo 14 နဲ့ လိုက်ပါခဲ့ပြီး လမျက်နှာပြင်ပေါ်မှာ အချိန် ( ၉ ) နာရီကြာ အလုပ်လုပ်ခဲ့တယ်။ ခြောက်ယောက်မြောက် လပေါ်ရောက်လူသားပေါ့။ Physic Exploration; A Challenge for Science, The Way of the Explorer; An Apollo Astronaut’s Journey Through the Material and Mystical Worlds နဲ့ Earthrise; My Adventures as an Apollo 14 Astronaut စတဲ့ စာအုပ်တွေကို ရေးသားပြုစုခဲ့ပြီး လကမ္ဘာခရီးစဉ် အတွေ့အကြုံတွေကို ရေးသားမျှဝေခဲ့တယ်။ 

ဆက်ရန် ……. 

Ref; http://mentalfloss.com / en.wikipedia.org

ဝန်ဇင်းသတင်းစကား ။       ။ စိတ်ဝင်စားဖွယ်ကောင်းပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို Wun Zinn Digest ရဲ့ ‘သင်သိရဲ့လား’ ( Did you Know ) ကဏ္ဍမှ အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
…………
“ဝန်ဇင်းစာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီး စိတ်ဝင်စားလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”  

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts