‘alive’ [ Horror Stories - 4 ]


‘alive’

မြိနေအောင် သွေးထားတဲ့ ကင်ဒိုဓါးရှည်တစ်လက်၊ ပုဆိန်တစ်ချောင်းနဲ့ မော်တာအားပြင်းပြင်း လွှစက်တစ်လုံး။ ဒါတွေအာလုံးကို သန့်စင်ခန်းထဲက ဘေစင်ပေါ်တင်ပြီး ကျွန်တော် အသက်ကို ခပ်ပြင်းပြင်း တစ်ဝကြီး ရှုသွင်းလိုက်တယ်။ ပြီးတော့ ရှေ့ကမှန်ကို ခပ်စူးစူး တစ်ချက်ကြည့်မိတယ်။ တဆတ်ဆတ် ခုန်နေတဲ့ နှလုံးသားတစ်ခုလုံး လည်မျိုဝကနေ ထွက်လာမတတ် ကျွန်တော် အရမ်းမောနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာပေါ်နဲ့ လည်ပင်းတစ်လျှောက်မှာ ပေကျံနေတဲ့ စီးထန်းထန်း သွေးစေးတွေကိုလည်း သန့်စင်ဖို့ အားယူလိုက်တယ်။

သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဘေစင်ပေါ်က ပစ္စည်းတွေကို ရေဆေးဖို့ လုပ်လိုက်တော့ အိမ်ထဲက လမ်းလျှောက်သံသဲ့သဲ့ ကြားလိုက်ရသလိုပဲ။ ပိုဆိုက်ဒွန်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီကောင်က ညညတစ်ရေးနိုးပြီ ဆိုရင် အမြီးတနှံ့နှံနဲ့ လမ်းနည်းနည်းလျှောက် အပြင်းကြော ဆန့်တတ်သေးတာ။ 

နားစွင့်လိုက်တာကို ရပ်ပြီး ကျွန်တော့်အလုပ် ကျွန်တော် ဆက်လုပ်နေတယ်။ ပိုက်ခေါင်းက ကျလာတဲ့ ရေတွေက ဘေစင်ထဲရောက်တော့ ကြက်သွေးရောင်ရဲရဲ သွေးအိုင်တစ်ခု ဖြစ်သွားတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော့်ရဲ့ လွှစက်နဲ့ ဓါးတွေ ပုဆိန်တွေလည်း သန့်သန့်ရှင်းရှင်း ဖြစ်သွားပြီဆိုပါတော့။ ဒါပြီးရင် ကိုယ့်ကိုယ်ကိုလည်း သန့်စင်ရဦးမယ်။ ပျို့ချင်စရာကောင်းတဲ့ သွေးညှီနံ့တွေကို ကျွန်တော် မခံနိုင်ဘူး။ တစ်နာရီလောက်တော့ ရေစိမ်ထားရလိမ့်မယ်။ 

နောက်တစ်ကြိမ် မှန်ထဲကို ထပ်ကြည့်လိုက်တယ်။ မှန်ထဲမှာ ကျွန်တော့်ရဲ့ အပြစ်ကင်းစင်တဲ့ ကလေးမျက်နှာလေးကို မြင်လိုက်ရတယ်။ ကလေးဆိုပေမယ့် ကျွန်တော့်အသက် ၉ နှစ်ရှိပါပြီ။ ကောင်မလေးတွေကိုလည်း မျက်စပစ်တတ်နေပြီဆိုပါတော့။ ခပ်ချောချော ကလေးလေးလို့ သတ်မှတ်ခံထားရတဲ့ ကျွန်တော် မျက်စပစ်တာကို မျက်စောင်းထိုးပြီး လက်ခလယ်ထောင်ပြသွားတဲ့ ဘေးအိမ်က မိန်းကလေးကို ကျွန်တော် ကြည့်မရဘူး။ ကိုယ့်ထက် အသက် သုံးလေးနှစ်ပဲ ကြီးတာပါ။ ဒီအသက်လောက်နဲ့တော့ ကျွန်တော့်ကို ခပ်ချေချေ မလုပ်သင့်ဘူး မဟုတ်လား။ ထားပါတော့။

ကျွန်တော် ပစ္စည်းတွေကို ဘေစင်အောက်က တံခါးနှစ်ဖက်ဖွင့် ဘီဒိုထဲ ထည့်သိမ်းထားလိုက်တယ်။ ပြီးတော့ အိမ်သာအခန်းတံခါးကို ဖွင့်ဖို့အလုပ်မှာ လက်လှမ်းလိုက်ချိန်မှာပဲ တံခါးက အလိုလိုပွင့်လာတယ်။ ဟိုဘက်ခြမ်းက ဖွင့်လိုက်တာကိုး။ 

ဘုရားရေ … မျက်လုံးလေးကလယ်ကလယ်နဲ့ ကြည့်နေတဲ့ သူမကို မြင်လိုက်တယ်။ လည်ပင်းတစ်ဝက်လောက်က ပြတ်လုလု ဖြစ်ချင်နေပြီ၊ သွေးတွေကလည်း မတရားပန်းထွက်လို့။ ပြီးတော့ သူ့လက်နဲ့ မဆံ့မပြဲသယ်ထားရတဲ့ အူတွေကို သိပ်နိုင်ပုံမရဘူး။ ခြေထောက်တစ်ချောင်းက ကျိုးပြီး တရွတ်တိုက်ဖြစ်နေတယ်။ မကြာခင် ဒူးဆစ်ကနေ ပြုတ်ထွက်တော့မယ်ထင်တယ်။ နားရွက်နှစ်ဖက်လုံး မရှိတော့တဲ့အပြင် ကျွန်တော့်ကို လက်ခလယ်ထောင်ပြခဲ့ဖူးတဲ့ လက်ချောင်းလေး ပျောက်ပြီး သွေးတွေထွက်လို့၊ လက်လေးချောင်းအလယ်မှာ ငုတ်တိုလေးဖြစ်နေတယ်။ ရယ်တော့ရယ်ရသား။ 

ဘုရားရေ … သူမ … မသေသေးပါ့လား ….. ။ 

မိုးလတ်

Notes; Adaptation from Short Two-Sentence Horror Stories

Related Posts