‘ကရင်ပြည်နယ်ရဲ့ နာမည်အကြီးဆုံး ဆဒ္ဒန်လှိုဏ်ဂူ’ [ Travel Article ]


‘ကရင်ပြည်နယ်ရဲ့ နာမည်အကြီးဆုံး ဆဒ္ဒန်လှိုဏ်ဂူ’

ဝန်ဇင်းခရီးသွားချစ်သူများအနေနဲ့ ကရင်ပြည်နယ်ကို ရောက်ဖူးမလားဗျ။ ကရင်ပြည်နယ် ရောက်ရင်တော့ ဘားအံမြို့ကို မလွဲမသွေ ရောက်ကြမှာပဲ မဟုတ်လား။ တကယ်လို့ ကရင်ပြည်နယ် ဘားအံမြို့ကို သွားဖြစ်တယ်ဆိုရင်တော့ အဲ့ဒီမှာရှိတဲ့ ဆဒ္ဒန်လှိုဏ်ဂူကြီးကို ဝင်ရောက်ခဲ့ကြဖို့ မမေ့ပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။ 

ဆဒ္ဒန်လှိုဏ်ဂူ တည်နေရာကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့တောင်ဘက် မိုင် - ၂၀ အကွာမှာရှိတဲ့ ဇွဲကပင်တောင်တန်းရဲ့ တောင်ဖက်အစွန်ဆုံးမှာ ထန့်ကမာ့ခရိုက်မှာပါ။ အဲ့ဒီမှာ ကော့မှူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနဲ့ အင်းကြီးလည်း ရှိပါတယ်။ 

လှိုဏ်ဂူရဲ့ ပတ်ဝန်းကျင်မှာ ဧက ( ၂၀ ) လောက်ကျယ်တဲ့ အင်းအိုင်ကြီး ရှိနေပါတယ်။ အဲ့ဒီ အိုင်ကြီးရဲ့ တောင်ဘက်မှာတော့ ထန့်ဘိုင်းနာ့လို့ ခေါ်တဲ့ ဆင်ဟိုင်းတောင်နဲ့ အင်းကြီး ရှိပါတယ်။ ဒီနေရာကို ဆဒ္ဒန်ဆင်မင်း ပျော်မွေ့ခဲ့တဲ့ ဆဒ္ဒန်အိုင်လို့လဲ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။

အင်းကြီးထဲမှာဆိုရင် သီတင်းကျွတ်လရောက်တိုင်း သိပ်ကို လှပတဲ့ ကြာပန်းကြာရွက်ကြီးတွေနဲ့ အတူ ပတ်ဝန်းကျင်က လတ်ဆတ်စိမ်းစိုတဲ့ ရှုခင်းလေးနဲ့ လူကို လန်းဆန်းသွားစေမယ့် လေနုအေးတို့က ဝန်ဇင်းခရီးသွားချစ်သူတွေကို ဆွဲဆောင်ထားပါလိမ့်မယ်။ 

အဲ့ဒီနေရာမှာ ထူးဆန်းတဲ့ ပုံသဏ္ဌာန်နဲ့အတူ ခပ်ဆန်းဆန်းအရောင်တွေနဲ့ ကျောက်တုံးလေးတွေ၊ ပြီးတော့ ခန့်ခန့်ညားညား ကျောက်ဆောင်တွေ၊ အလိုအလျောက် အနုလက်ရာမြောက်နေတဲ့ ကျောက်ပန်းခက်တို့ကတော့ ခရီးသွားချစ်သူတွေကို ဓါတ်ပုံမရိုက်ရ မနေနိုင်လောက်အောင် စိတ်ဝင်စားမိပါလိမ့်မယ်။ အင်ကြီးရဲ့ တောင်ဘက်မှာရှိတဲ့ တောင်ကြီးကတော့ ထူးထူးခြားခြားပါပဲ။ ရေမျက်နှာပြင်နဲ့ အနည်းငယ်မျှသာ ခြားနေတဲ့ ကျောက်ခတ်ပန်းဆွဲတွေကို အဲ့ဒီ တောင်ကြီးမှာ မြင်ရမှာပါ။ 

Adventure တွေကိုမှ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ နေရာကောင်းတစ်ခုပါပဲ။ ရေတက်ချိန်ဆိုရင် ရေမျက်နှာပြင်နဲ့ တောင်အောက်ကြားမှာ အလွန်ကို သေးငယ်ကျဉ်းမြောင်းတဲ့ နေရာလေးကို လက်လှော်လှေနဲ့ လှော်ခတ်ပြီး ကျော်ဖြတ်မယ်ဆိုရင်တော့ အထဲမှာ ဝိုးတိုးဝါးတားအမြင်နဲ့ အလင်းရောင် ရတစ်ချက် မရတစ်ချက် စိတ်လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားပါလိမ့်မယ်။ အတွင်းထဲမှာဆိုရင် ဗေဒါပင်၊ ဒိုက်ပင်၊ ကျောက်ခက်ပန်းဆွဲတွေကနေ ထွက်ကျလာတဲ့ ကျောက်စက်ရေတွေက ‘တောက် … တောက်’ နဲ့ အသံလေးက သိပ်ကို ကြည်နူးအေးချမ်းသွားမှာပါ။ ပြီးတော့ စကားတစ်ခွန်းပြောလိုက်တာနဲ့ ကိုယ့်ရဲ့ ပဲ့တင်သံကို ကိုယ်ပြန်ကြားရတဲ့ ဖီလင်က အရမ်းမိုက်ပါတယ်။ လှိုဏ်ဂူတွင်း လှေလေးနဲ့ ခရီးဆက်ပြီး သိပ်မကြာခင် မလှမ်းမကမ်းမှာတော့ ထွက်ပေါက်ကို မြင်တွေ့ရတဲ့ မြင်ကွင်းကလည်း၊ လှပတဲ့ ကောင်းကင်ပြာကြီးနဲ့ ကျယ်ပြန့်တဲ့ ကန်ရေပြင်ကို ချက်ချင်းဆိုသလို မြင်တွေ့လိုက်ရတော့ ခံစားချက်က

“ငါ adventure တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီ” ဆိုတဲ့ ဖီလင်ကို အပြည့်အဝ ခံစားလိုက်ရမှာ ဖြစ်ပါတယ်။

ဆဒ္ဒန်ဂူအတွင်းမှာတော့ ရှေးဟောင်းသမိုင်းဝင် လျောင်းတော်မူဘုရား၊ ကျောင်သွေးတွင်း၊ ကြယ်ရောင်တောက်သော စိန်တောင်ကြီး၊ လွှသဏ္ဍာန်နဲ့တူတဲ့ သဘာဝကျောက်တောင်ကြီး၊ မုဆိုမြားပေါက်၊ သမီးတော် စံမြန်းသောဂူ၊ ကျောက်အူခွေ၊ စပါးကျီတောင်၊ ကျောက်ကမ်းပါးယံ၊ ကျောက်ရိုးပုံတိုင်ကြီး၊ မုဆိုးခမောက်၊ အံသွားကြွေကျရာ၊ ဆင်တိုင်၊ ဂူဝလွမ်းစေတီ၊ ဘေးမဲ့ရေအိုင်၊ ဆင်ဟိုင်းဂူ၊ ရေကျော်ကန်၊ လက်ရေးစင်းအုတ်ချပ်များ၊ ကျောက်ကမ်းပါးမှ ကျောက်ကပ်အုတ်ခွက်ဘုရားများ၊ ရှေးဟောင်းစေတီတော်၊ ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော်တွေ … စတဲ့ အရာတွေက ဝန်ဇင်းခရီးသွားချစ်သူများကို အံ့သြမင်သက်သွားစေမယ့် အရာများပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် မကြာခင် ရောက်လာတော့မယ့် သီတင်းကျွတ်ကာလမှာဖြစ်ဖြစ် ခရီးထွက်မယ်ဆိုရင် ကရင်ပြည်နယ်ရဲ့ နာမည်ကြီး ဆဒ္ဒန်လှိုဏ်ဂူကြီးကို သွားရောက်ဖို့ ခုကတည်းက အစီအစဉ် ဆွဲထားလိုက်တော့နော်။ 

ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” [ Travel Article ] မှ တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ 

…………

“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts