စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 7]


“ဘဝအောင်မြင်မှုအတွက် တက်လှမ်းသင့်တဲ့ လှေကား ၁၄ ထစ်”

ကျွန်တော်တို့အားလုံး ဘဝမှာ အောင်မြင်လိုသူတွေ ဖြစ်ချင်ကြပါတယ်။ ဘဝကို အောင်မြင်စွာ လျှောက်လှမ်းဖို့ရာအတွက် ခင်ဗျားဟာ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်၊ အသက်ဘယ်လောက်ရှိပြီဆိုတာတွေကို ခဏမေ့ထားပြီး ဘဝမှာ ပျော်ရွှင်ဖို့နဲ့ အောင်မြင်ဖို့ကိုသာ အာရုံစိုက်လိုက်ပါ။ အောင်မြင်မှုဆိုတာဟာ ငွေရှာနိုင်တယ်ဆိုတာထက် ပိုပါတယ်။ ဘဝမှာ ရည်ရွယ်ချက်ရှိရှိ ရှင်သန်နေထိုင်တာ၊  မျက်မှောက်ကာလကို နှစ်သက်အားရခြင်းနဲ့ ခင်ဗျားရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုတို့အပေါ်မှာပဲ အောင်မြင်မှုဟာ မူတည်ပြီး ဖြစ်လာတာပါ။ ဒီလို အောင်မြင်မှုမျိုး ဖန်တီးရယူနိုင်ဖို့အတွက် အောက်ပါ အကြံပြုချက်တွေ အထောက်အကူပေးပါလိမ့်မယ်။ 

၁။ ကိုယ်ဖြစ်ချင်တဲ့အရာကို အတည်ပြုပါ။

အောင်မြင်မှုကို မရယူခင်မှာ သင့်အနေနဲ့ ကိုယ်ဘဝမှာ ဖြစ်ချင်တဲ့ ပုံစံ၊ ကိုယ်စိတ်ဝင်စားတဲ့အရာနဲ့ ကိုယ်တန်ဖိုးထား သတ်မှတ်တဲ့ အရည်အချင်းတွေကို အဖြေထွက်အောင် အတည်ပြု သတ်မှတ်ထားဖို့လိုပါတယ်။

၂။ ဘဝပန်းတိုင်တွေကို စာရင်းပြုပါ။

မွေးကတည်းကနေ အသက်သေဆုံးချိန်အထိ ဖြတ်သန်းနေရတဲ့ ကာလတစ်လျှောက်လုံးမှာ သင့်အနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်ချင်တယ်ဆိုတာမျိုးကို ဘဝပန်းတိုင်တွေအဖြစ် သတ်မှတ်ပြီး  စနစ်တကျ စာရင်းပြုစုပါ။ ဒီ့နောက်တော့ ပန်းတိုင်တစ်ခုချင်းစီတိုင်းကို ရောက်ရှိဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ စဉ်းစားဆင်ခြင်ပြီး အကောင်အထည်ဖော်ရပါလိမ့်မယ်။

၃။ ဘဝမှာ ရည်ရွယ်ချက်ရှိရှိ ရှင်သန်နေထိုင်ပါ။

သင်ဖြစ်ချင်တဲပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရဖို့နဲ့ ဘဝအိပ်မက်တွေကို အကောင်အထည်ဖော် ဖန်တီးနိုင်ဖို့ အဓိကကျတဲ့ အချက်တစ်ခုကတော့ ဘဝကို အဓိပ္ပါယ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ရှင်သန်နေထိုင်ဖို့ပါပဲ။ သင့်ဘဝကိုမှ သင်ကိုယ်တိုင် အဓိပ္ပါယ်မရှိဘူး ယူဆနေရင်တော့ ဘာလုပ်လုပ် အဓိပ္ပါယ်မဲ့နေပြီး အောင်မြင်မှုရရှိမှာ မဟုတ်တော့ပါဘူး။ ရည်မှန်းချက်မဲ့တဲ့ လုပ်ဆောင်မှုတိုင်းဟာ အကျိုးသက်ရောက်မှုလည်း ကောင်းမှာမဟုတ်လို့ ဒီအချက်ကို အလေးထားရပါမယ်။ 

၎။ ပြီးမြောက်သွားတဲ့အလုပ်တွေကို မှတ်သားပါ။

အောင်မြင်မှုအတွက် အစီအစဉ်တွေဆွဲထားရုံနဲ့ မပြီးသေးပါဘူး။ ဒီအစီအစဉ်တွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ရာမှာ ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို မှတ်သားပြီး ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ကိုယ့်အတွက် အောင်မြင်ဖို့မသေချာတဲ့ အလုပ်တစ်ခုကို ငါလုပ်နိုင်တယ်ကွ ဆိုပြီး တစ်ပါးသူကို ဖောက်သည်ချတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို နားလည်ပြီး ရိုးသားမှုရှိရှိ ဆောင်ရွက်ပါ။

၅။ ပညာတတ်ဖြစ်ပါစေ။

ပညာတတ်ဆိုရာမှာ အတန်းကျောင်းကပေးတဲ့ ပညာရေးတစ်ခုကိုသာ ဆိုလိုရင်းမဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာရပ် အပါအဝင် အခြား တတ်ကျွမ်းသင့်တဲ့ ပညာရပ်တစ်ခုခုကို ပိုင်နိုင်အောင် တတ်ကျွမ်းထားတာမျိုးကို ပြောချင်ပါတယ်။ ပညာခေတ်ဖြစ်လာတဲ့အလျောက် ကိုယ်ရယူနိုင်သမျှ အတတ်ပညာကို တတ်မြောက်ထားဖို့ မမေ့ပါနဲ့။

၆။ ဝင်ငွေကို စီမံခန့်ခွဲပါ။

ရိုးရှင်းပါတယ်။ မလိုအပ်ဘဲ ငွေတွေပြုန်းတီးနေမယ်ဆိုရင်တော့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သင် ငေးကြည့်နေရပါလိမ့်မယ်။ အသုံးစရိတ်ကြီးမားလာတဲ့ ခေတ်ကြီးမှာ ငွေဖြုန်းတဲ့ဆီမရောက်အောင် ထိန်းသိမ်းကန့်သတ် အသုံးချနိုင်မှသာ အနာဂတ်အတွက် ခံသာပါလိမ့်မယ်။

၇။ အချိန်ကို စီမံခန့်ခွဲပါ။

အရေးမကြီးတာတွေအတွက် အချိန်ကုန်ဆုံးစေတာမျိုးဟာ သင့်ကို တစ်ချိန်မှာ နောင်တရစေပါလိမ့်မယ်။ ဘယ်အရာမဆို အောင်မြင်မှုလိုချင်တဲ့သူအတွက် အချိန်ဟာ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် အချိန်ကို မဖြုန်းဘဲ စနစ်တကျ အသုံးချတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။

၈။ ပစ္စပ္ပုန်ကိုချစ်ပါ။

ကျွန်တော်တို့ဟာ အတိတ်ကို မကြာခဏ ပြန်လှည့်ကြည့် ပူဆွေးနောင်တရတတ်ကြပြီး အနာဂတ်ကို လှမ်းမျှော်ရင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်အတွက် အစီအစဉ်ဆွဲတာ ကောင်းမွန်ပေမယ့် ပစ္စပ္ပုန်ကို ကျေနပ်ခြင်းမရှိဘဲ ခုနကပြောသလို အတိတ်နဲ့အနာဂတ်ထဲ နစ်မြုပ်နေမယ်ဆိုရင်တော့ ဒါဟာ ရလဒ်ကောင်း မထွက်လာနိုင်ပါဘူး။ လုပ်ဆောင်စရာအားလုံးက ပစ္စပ္ပုန်မှာ ရှိနေတာပါ။ ဒါကြောင့် သင့်ရှေ့က မျက်မှောက်ကာလကို အာရုံပိုစိုက်ပြီး ပျော်ရွှင်စွာနဲ့ ရလဒ်ကောင်းတွေ ဖန်တီးသင့်ပါတယ်။

၉။ ကိုယ်ပိုင်ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

စိတ်မကောင်းစရာကတော့ လူတော်တော်များများဟာ သူတို့ရဲ့ ကိုယ်ပိုင် အောင်မြင်မှုတွေကို သူတို့ပတ်ဝန်းကျင်က အခြားသူတွေရဲ့ အောင်မြင်မှုနဲ့ လိုက်ပြီး ခြေရာတိုင်းတတ်ကြပါတယ်။ ဒါဟာ အကျိုးမထူးပါဘူး။ တကယ်တော့ ကိုယ့်ရဲ့အောင်မြင်မှုကို ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့သာ ပြန်လည် တိုင်းတာပြီး ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမြဲစိန်ခေါ်နေသင့်ပါတယ်။ အခြားသူတွေနဲ့ လိုက်တိုင်းတဲ့အခါ ဣဿာမစ္ဆရိယတွေပွားပြီး စိတ်မထားတတ်ရင် ကိုယ့်ရဲ့ လက်ရှိအောင်မြင်မှု ဆုတ်ယုတ်သွားတာ၊ ရပ်တန့်သွားတာမျိုးထိ ဖြစ်တတ်ပါတယ်။


၁၀။ ရန်သူနဲ့မိတ်ဆွေကို ခွဲခြားသိမြင်ပါ။
မိတ်ဆွေကို ရန်သူလို့မြင်၊ ရန်သူကို မိတ်ဆွေလို့ မြင်နေမယ်ဆိုရင်တော့ သင့်ရဲ့ဘဝဟာ သွားပြီလို့ ဆိုရမှာပါပဲ။ မိတ်ဆွေတု၊ မိတ်ဆွေစစ်ကို ခွဲခြားသိမြင်နိုင်တဲ့ ဆင်ခြင်တုံတရားထားရှိဖို့ မမေ့ပါနဲ့။

၁၁။ ကျန်းမာရေးဂရုစိုက်ပါ။

ကျန်းမာခြင်းမရှိတဲ့ဘဝဟာ အောင်မြင်မှုရရှိဖို့ ရာနှုန်းအတော်နည်းပါးပါတယ်။ ရုပ်ရောစိတ်ပါ ကျန်းမာနေမှ ဆောင်ရွက်သမျှကိစ္စတိုင်းဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေမှာပါ။

၁၂။ အခွင့်အရေးအလမ်းတွေကို မျက်ခြေမပြတ်ပါစေနဲ့။

အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်းတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ အခွင့်အရေးကို တရားတဲ့နည်းလမ်းနဲ့ အကျိုးရှိစွာအသုံးချနိုင်ဖို့ ကိုယ့်ဆီရောက်လာတဲ့ အခွင့်အလမ်းတွေကို မျက်စိမမှောက်ဘဲ ရယူဖမ်းဆုပ်နိုင်ဖို့ လေ့လာစူးစမ်းနေသင့်ပါတယ်။  

၁၃။ မိတ်ဆွေကောင်းတွေနဲ့အတူရှိပါ။ 

သင့်ပတ်ဝန်းကျင်က လူတွေကို အမြဲစိစစ် လေ့လာနေပြီး မိတ်ဆွေကောင်းတွေနဲ့သာ ဝန်းရံနေပါစေ။ ဘဝခရီးကို ဖြတ်သန်းတဲ့အခါ သင်နဲ့အတူ လျှောက်လှမ်းတဲ့သူတွေဟာ အနည်းဆုံးတော့ မိတ်ဆွေကောင်းတွေ ဖြစ်ဖို့တော့လိုပါတယ်။

၁၄။ ကိုယ့်ကိုယ်ကိုသိပါ။

မိမိလက်ရှိရောက်နေတဲ့ အခြေအနေနဲ့ မိမိရဲ့ ဆန္ဒ၊ အရည်အချင်းတွေကို ကျကျနန သိရှိနားလည်ထားမှသာ ရှေ့ဆက်အလုပ်တွေအတွက် အကျိုးကျေးဇူးများပါလိမ့်မယ်။ ကိုယ့်အကြောင်းကိုယ် ပြည့်ဝစွာ နားလည်ထားခြင်းမရှိရင် ထိရောက်တဲ့ရလဒ်တွေဖြစ်ပေါ်ဖို့ သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေကို ရွေးချယ်နိုင်မှာမဟုတ်ပါဘူး။

အခုဖော်ပြခဲ့တဲ့အချက် ( ၁၄ ) ချက်ကတော့ သင့်ဘဝ အောင်မြင်တိုးတက်ရေးအတွက် အရေးကြီးတဲ့ ဆောင်ရွက်စရာ ကိစ္စရပ်တွေပါပဲ။ အကျဉ်းမျှ ဖော်ပြခဲ့တာဖြစ်လို့ သက်ဆိုင်ရာခေါင်းစဉ်တွေကို အလေးအနက်ထားပြီး အသေးစိတ်ကိုတော့ ဆက်လက်စဉ်းစားပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ နောက်ဆုံးစကားပြောရရင်တော့ “အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး”။ 

Ref; www.success.com


Related Posts