‘မိုးရာသီမှာ ပုဂံကို ဈေးသက်သက်သာသာနဲ့ ခရီးထွက်ရအောင်’ [ Travel Article ]


‘မိုးရာသီမှာ ပုဂံကို ဈေးသက်သက်သာသာနဲ့ ခရီးထွက်ရအောင်’ 
[ Travel Article ]

မင်္ဂလာပါခင်ဗျ …

ဝန်ဇင်းပရိသတ်ကြီးထဲက ဒီရက်ပိုင်း လပိုင်းအတွင်းမှာ ခရီးထွက်ဖို့ စီစဉ်ထားတာ ရှိမလား ? မရှိသေးဘူးဆိုရင် ခုပဲ ပလန်ဆွဲလိုက်ပါတော့။ ခုလို မိုးရာသီမှာ သွားလို့လာလို့ အကောင်းဆုံးဖြစ်တဲ့ ပုဂံဘုရားဖူးခရီးစဉ်အတွက် ခုပဲ ပလန်ဆွဲလိုက်ပါတော့လို့ ပြောချင်တယ်။ ဘာလို့ဆို မိုးရာသီအတွက် ခရီးထွက်လို့ အကောင်းဆုံးနေရာက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်နေလို့ပါပဲ။ ထပ်ပြောရရင်တော့ ဒီရာသီမှာ ပုဂံခရီးစဉ်အတွက် Travel & Tour ကုမ္ပဏီတွေက package တွေကို အပြိုင်အဆိုင် လျှော့ပေးနေတာကိုးဗျ။

ပုဂံရှေးဟောင်းနယ်မြေဟာ အခြားရာသီတွေမှာ ပူပြင်းခြောက်သွေ့သလောက် မိုးရာသီမှာတော့ စိမ်းစိုလန်းဆန်းပြီး အရမ်းနေလို့ထိုင်လို့ကောင်း၊ သွားလို့လာလို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။ လွမ်းမောဖွယ်ရာ ရှေးဟောင်းပုထိုးတွေကြား ကိုယ်ချစ်တဲ့သူ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ စက်ဘီးနဲ့ လျှောက်ပတ်မလား၊ မိုးရာသီရဲ့ မိုးနံ့၊ မြေသင်းရနံ့၊ စိမ်းစိုလန်းဆန်းမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ပုဂံနေဝင်ချိန်ရသကို အပြည့်အဝခံစားမလား .. ပုဂံရဲ့ နေရာတိုင်းဟာ ဝန်ဇင်းခရီးသွားချစ်သူတို့အတွက် မှတ်မှတ်ရရ အမှတ်တရတွေ ကျန်ရစ်ခဲ့မှာပါ။
 
တကယ်လို့ သွားတော့မယ်ဆိုရင် ထုမှာဓမ္မရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုလက်ရာမှာ အာနန္ဒာ၊ နံရံဆေးပန်းချီမှာ စူဠာမဏိ၊ ကျောက်စာစုံတာ မြစေတီ၊ ဝါတော်ကြီးတာ ငှက်ပစ်တောင်၊ ဆံတော်စစ်တာ ရွှေဆံတော်၊ ထီးလည်းလို မင်းလည်းလိုတာ ထီးလိုမင်းလို ဆိုတဲ့အတိုင်း မိုးရာသီမှာ ပုဂံကို ခရီးထွက်တဲ့အခါ ဒီနေရာတွေကို သွားရောက်ခဲ့ဖို့လည်း မမေ့ခဲ့ပါနဲ့ဦး။

ပုဂံ - စွယ်တော်လေးဆူ - ပုပ္ပါး …

စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း ဖြစ်စေတဲ့ ပုဂံ …

ရန်ကုန်မှာ မိုးရွာနေပေမယ့် ပုဂံမှာ သာသာယာယာ …

အခုချိန်ကတော့ ရွှေပုပ္ပါးစကားဝါမြေ ရောက်လိုက်တာနဲ့ ဘာကို လွမ်းလို့ လွမ်းမှန်းမသိ တမ်းတမိမယ့် အချိန်ပါပဲ။ ပုပ္ပါးတောင်ကလပ်ပေါ်ကနေ လှမ်းမျှော်ကြည့်လိုက်တာနဲ့ ခပ်အုံ့အုံ့ မိုးသားတိမ်လိပ်တွေ ညို့ညို့မှိုင်းမှိုင်း တိမ်စိုင်တိမ်လိပ်တွေက ခရီးသွားချစ်သူတို့ရဲ့ ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ဝေဒနာကို ခံစားသွားစေပါလိမ့်မယ်။
 
တစ်နေ့တည်း အပြီး - နေ့ချင်းပြီး - ဖူးမျှော်မယ်ဆိုရင် လိုအင်တောင်းဆု ဆန္ဒမှန်သမျှ ပြည့်ဝစေမယ့် စွယ်တော်မြတ်လေးဆူ ဖြစ်တဲ့ ၁။ တန့်ကြည်တောင် ၂။ တုရင်တောင် ၃။ လောကနန္ဒာ ၄။ ရွှေစည်းခုံ စတဲ့ နေရာတွေကို ကားနဲ့လည်မလား - ကားခက မနက်ကနေ ညနေအထိ - တစ်နေကုန်နီးပါးကို ၃၀,၀၀၀ ခန့်လောက် ရှိပါမယ်။ E-bike နဲ့ လျှောက်သွားမလား - သူက တစ်ယောက်တည်း လိမ့်မယ်ဆိုရင် တစ်နေ့လုံးကိုမှ ငှားခက ၇,၀၀၀ ဝန်းကျင်ပဲ ပေးရပါတယ်။ စွယ်တော်လေးဆူ မဖူးသေးဘူး။ ပုပ္ပါးတောင်ကလပ် မတက်ချင်သေးဘူးဆိုရင် E-bike ကို ရွေးချယ်တာ အသင့်တော်ဆုံးပါပဲ။ 

အရေးကြီးတဲ့အချက်ကတော့ E-bike နဲ့ သွားမယ်ဆိုရင် ကိုယ့်ဖုန်းမှာ GPS ဖွင့်ထားဖို့ လိုသလို ( ဒါမှမဟုတ် ) နီးစပ်ရာ Information Counter ကနေ လမ်းညွှန်မြေပုံတစ်ချပ် ရှိထားဖို့ လိုပါတယ်။ ဒါမှ မလိုအပ်ဘဲ အချိန်ကုန်လည်း သက်သာ၊ လိုရာကိုလည်း ရောက်မှာကိုး။ အေးအေးဆေးဆေး နားချင်နား၊ ဆဲလ်ဖီ ဆွဲချင်ဆွဲ၊ ဓပုံ ရိုက်ချင်ရိုက်၊ မိုးအုံ့အုံ့လေး မြေနံ့သင်းသင်းလေး လတ်လတ်ဆတ်ဆတ် အောက်စီဂျင်လေးကို ရှူရှိုက်ချင်တယ်ဆိုရင် E-bike နဲ့ မိုးရာသီက အလိုက်ဖက်ဆုံးမို့ အကြံပြုချင်တာကတော့ 

-	ပုဂံကို ရောက်ရောက်ချင်း ပထမရက်မှာ E-Bike နဲ့ လည်ပါ။
-	ပြီးရင်တော့
-	စွယ်တော်လေးဆူနဲ့ ရွှေပုပ္ပါးကို သူငယ်ချင်းများနဲ့စုပြီး ကားငှားပါ။ 

ဒီနှစ်ခုစလုံးကို စိတ်ချမ်းချမ်းသာသာနဲ့ သွားနိုင်ပြီး အချိန်ပေး စီစဉ်စရာမလိုတဲ့ Package Tour နဲ့ သွားမယ်ဆို သွားနိုင်ပါတယ်။ ဒီရာသီမှာ Travel & Tour အတော်များများက ဈေးချထားတာမို့ ကိုယ့်စိတ်ကြိုက် Tour နဲ့ သွားမယ်ဆိုလည်း အဆင်ပြေပါတယ်။ ( ၃ ) ညအိပ် ( ၄ ) ရက်ခရီးကို - ခြောက်သောင်း၊ ခုနစ်သောင်းဝန်းကျင်နဲ့ ပုဂံဘုရားစုံအောင် ဖူးရမှာမို့ ဒီလို မိုးရာသီကာလဟာ ပုဂံကို ဈေးသက်သက်သာသာနဲ့ ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ 

ပုဂံရောက်တဲ့အခါ အောက်ပါစာရင်းအတိုင်း ရောက်အောင် သွားခဲ့ကြဖို့လည်း မမေ့ပါနဲ့ဦး။

၁။ အလိုတော်ပြည့်စေတီ
၂။ ထီးလိုမင်းလိုဘုရား
၃။ ဥပါလိသိမ်
၎။ မင်းအိုချမ်းသာစေတီ
၅။ ရှင်အရဟံအုတ်ကျောင်
၆။ မဟာငှက်ပစ်တောင်
၇။ သက်တော်ဂူကျောင်း
၈။ ရွှေဂူကြီးဘုရား
၉။ မျက်တော်ပြေဘုရား
၁၀။ ဗူးဘုရား
၁၁။ ကန်တော့ပလ္လင်
၁၂။ ရှင်ပင်သက်တော်ရဘုရား
၁၃။ မြစေတီနှင့် ရာဇကုမာရ်ကျောက်စာ
၁၄။ မနုဟာဘုရား
၁၅။ ရွှေဆံတော်
၁၆။ စူဠါမဏိဂူဘုရား
၁၇။ ပြသာဒ်ကြီး
၁၈။ ရှင်အဇ္ဇဂေါဏ
၁၉ ။ နန်းမြင့်မျှော်စင်
………….
ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” [ Travel Article ] မှ တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ 
…………

“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts