စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 8]


"စိတ်ဖိစီးနေလား ဒါလေးဖတ်ကြည့်ပါ"

ကျွန်တော်တို့အားလုံးဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီနေ့လို ခေတ်မျိုးမှ ပိုဆိုးတာပေါ့။ ဒီလို စိတ်ဖိစီးမှုတွေကို စီမံကွပ်ကဲနည်းနဲ့ ပတ်သက်ပြီး ဟောပြောတဲ့ လက်ချာဆရာက သူ့ပရိသတ်တွေကို ခုလိုမေးတယ်။ “ရေတစ်ခွက်ဟာ ဘယ်လောက်အလေးချိန်လောက်ရှိမလဲ” တဲ့။ ပရိသတ်အများစုက ဖြေတယ်။ ၂၀ ဂရမ်ကနေ ၅၀၀ ဂရမ်အထိ ရှိမှာပေါ့တဲ့။ ဒီတော့ သူက ပြန်ပြောတယ်။ “အလေးချိန် အတိအကျက အဓိကမကျ၊ အရေးအကြီးပါဘူး။ အဲ့ဒါက ရေခွက်ကို ခင်ဗျားတို့ ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်မလဲဆိုတာပေါ်မှာပဲ မူတည်တယ်။ တစ်မိနစ်ပဲ ကိုင်ထားမလား၊ ပြဿနာမရှိသေးဘူး။ ကျွန်တော် ရေခွက်ကို တစ်နာရီကြာအောင် ကိုင်ထားမယ်ဆိုရင်တော့ ကျွန်တော့်ညာဘက်လက်ကြီး ထုံကျင်ကိုက်ခဲလာမယ်။ တစ်ရက်လောက်ကြာအောင် ဆက်ကိုင်ထားရင် သေချာတယ်၊ ဆေးရုံကားခေါ်ရတော့မှာ။ ပြဿနာတစ်ခုချင်းစီတိုင်းမှာ အလေးချိန်တစ်မျိုးစီရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ကျွန်တော် ကြာကြာကိုင်စွဲထားလေလေ၊ ကျွန်တော့်အတွက် ပိုလေးလေ ဖြစ်လာမှာပဲ” တဲ့။

“ကဲ .. ဒီတော့ … စိတ်ဖိစီးမှုတွေကို စီမံကွပ်ကဲနည်း ကျွန်တော်ပြမယ်။ ကျွန်တော်တို့ဟာ တာဝန်တွေ၊ ဝတ္တရားတွေကို တစ်ချိန်လုံးကြီး သယ်ဆောင်ထားနေမယ်ဆိုရင် အဲ့ဒါတွေက မကြာခင်မှာပဲ အနှေးနဲ့အမြန် တော်တော်လေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာမှာဗျ။ ဒီလိုနဲ့ ကျွန်တော်တို့ ဆက်သယ်နိုင်မှာ မဟုတ်တော့ဘူး၊ ရေထည့်ထားတဲ့ခွက် ဥပမာလိုပါပဲ။ နောက်တစ်ကြိမ် ခွက်ကို ပြန်မကိုင်ထားခင်ကြားထဲမှာ ခဏလောက်ဘေးချ၊ အနားပေးရမယ်။ ဒီလိုပဲဗျ၊ အလုပ်တွေကိုလည်း ခဏဘေးချ၊ နားပြီးတဲ့အခါ ကျွန်တော်တို့ ပြန်ပြီးလန်းဆန်းလာတော့မှ ဒီတာဝန်တွေကို ဆက်ပြီး သယ်ဆောင်သင့်ပါတယ်”

“ဒါ့ကြောင့်ဗျာ … ခင်ဗျားအိမ်မပြန်ခင်မှာ အလုပ်တာဝန်တွေကို အလုပ်မှာ ချထားခဲ့။ အိမ်ကို သယ်မသွားနဲ့ဗျ။ ခင်ဗျားအနေနဲ့ မနက်ဖြန်မှာ ဒီတာဝန်တွေကို ပြန်ကောက်ကိုင်လို့ရတယ်လေ၊ မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခင်ဗျားအခု ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရားတွေကို အချိန်ခဏလေးဖြစ်ဖြစ် တတ်နိုင်သမျှ ခဏလောက် ဘေးချထားကြည့်ပါလားလို့ ကျွန်တော်ပြောချင်တယ်”

ဒီလို စိတ်ဖိစီးမှုပေးတဲ့ တာဝန်ဝတ္တရားတွေကို ခဏခေါက်ထားပြီး စိတ်ချမ်းသာမှုလေးရအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ အချက် ( ၅ ) ချက်နဲ့ ကျွန်တော် အကြံပြုပါရေစ။

၁။ မနက်ခင်းပိုင်းမှာ ခက်ခဲရှုပ်ထွေးတဲ့ အလုပ်၊ ဖြေရှင်းစရာ ပြဿနာတွေကို မလုပ်ပါနဲ့။ မနက်ခင်းကို ပေါ့ပေါ့ပါးပါး အလုပ်ကိစ္စလေးတွေကို ဦးစားပေးလုပ်ပါ။ မနက်ကတည်းကစလို့ စိတ်ရှုပ်ထွေး၊ ခေါင်းခဲစရာအလုပ်တွေနဲ့ အစပြုလိုက်မယ်ဆိုရင် ရေခွက်ကိုအကြာကြီးကိုင်လို့ လက်တွေထုံကျင်လာသလိုမျိုး ခင်ဗျားရဲ့ ဦးနှောက်တွေ ကိုက်ခဲလာလိမ့်မယ်။ အစကတော့ ဘာမှမဖြစ်သေးဘူး၊ ဒါပေမယ့် တစ်ရက်တည်းနဲ့ နာရီပေါင်းများစွာ အဲ့လိုလုပ်နေမယ်ဆိုရင်တော့ ခင်ဗျား မကြာခင်မှာပဲ စိတ်ဖိစီးမှုဒဏ်တွေ ခံစားရတော့မှာ။ ဒါကြောင့် မနက်ခင်းတိုင်းကို ပေါ့ပေါ့ပါးပါး ကိစ္စဝိစ္စလေးတွေနဲ့ ဖြတ်သန်းပါ။ တစ်နေ့တာကို စိတ်ချမ်းချမ်းသာနဲ့ နေထိုင်နိုင်အောင် အာရုံပြုကြည့်ပါ။

၂။ ကိုယ်မတတ်နိုင်တဲ့အရာတွေကို လွှတ်ထားလိုက်ပါ။ 
ဟုတ်တယ်ဗျ။ ခင်ဗျား သူငယ်ချင်းတွေနဲ့ ခဏနေရင် အပြင်သွားဖို့ စီစဉ်ထားတယ်ဆိုပါစို့၊ မကြာခင်မှာပဲ မိုးက ဗြုန်းခနဲရွာချလိုက်တယ်။ အဲ့ဒီအပေါ် ခင်ဗျား ဘယ်လိုတုံ့ပြန်မလဲ။ အချို့လူတွေကတော့ စိတ်ပျက်ဒေါသထွက်ကြတယ်။ ပြီးတော့ အနားကလူကို သူတို့မကျေနပ်တာတွေ ပြောကြတယ်။ “မတရားလိုက်တာကွာ၊ ခုကြည့်လေ၊ မိုးရွာနေပြီ၊ အမြဲတမ်း ငါ့ကျ အဲ့လိုချည်းပဲ၊ ဘယ်တော့မှ ကံမကောင်းဘူး” ဘာညာနဲ့ ပြောတတ်ကြတယ်။ တကယ်တော့ ခင်ဗျား ဘာကိုမှ စောဒကတက်နေဖို့မလိုပါဘူး။ ခင်ဗျား ကလေးလိုပဲ ပေါက်ကွဲပြနေလို့ မိုးတိတ်သွားမယ်ထင်လို့လား။ တကယ်တော့ ဒီလိုကြုံလာပြီိဆိုရင် ဒီအပေါ်မှာ အကောင်းဆုံးအခြေအနေတစ်ခု ကျွန်တော်တို့ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ စဉ်းစားသင့်တယ်။ ကျွန်တော်သာဆိုရင်တော့ မိုးတိတ်တာကိုစောင့်ဖို့ တစ်နေရာရာမှာ သွားထိုင်နေမယ်။ ဒါမှမဟုတ် အိပ်ထာထဲလှဲ စုံထောက်ဝတ္ထုလေးဖတ်ရင်း ခေါင်မိုးပေါ်က တဝုန်းဝုန်းနဲ့မိုးရွာသံတွေကို စည်းချက်ကျကျ ဂီတသံတွေအဖြစ် ခံစားနားထောင်လိုက်မယ်။ ဘယ်လောက်ကောင်းလိုက်လဲ။ ဒါကြောင့် ကိုယ်တတ်နိုင်တာတွေပဲလုပ်ပါ၊ ကိုယ်မတတ်နိုင်တဲ့အရာတွေကို ငါမလုပ်နိုင်ကောင်းလား၊ ဒီလိုမဖြစ်ရစကောင်းလားဆိုပြီး ကိုယ့်စိတ်ကို ဖိအားမပေးမိပါစေနဲ့။ ပြီးတော့ ကလေးလည်း မဆန်စေနဲ့ပေါ့ဗျာ။

၃။ သူများတွေ ဘာတွေးနေလဲ လိုက်ဂရုစိုက်မနေပါနဲ့။ 
ကျွန်တော်ဆို ကိုယ့်ကတာနဲ့ပတ်သက်ပြီး အရမ်းဂရုပြုလွန်းတယ်။ ဒီလိုဗျာ … ကျွန်တော်ဟာ သူငယ်ချင်းတွေနဲ့ night-out တွေဘာတွေထွက်၊ ကလပ်တွေဘာတွေ တက်ခဲပါတယ်။ တကယ်လို့ ကလပ်တက်ခဲ့ရင်တောင်မှ ကျွန်တော် သိပ်ကလေ့မရှိဘူး၊ ထိုင်ရင်ထိုင်၊ မထိုင်ရင် နံရံကိုမှီရပ်ပြီး သူများကတာကြည့်နေလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကတဲ့အခါ အခြားသူတွေက ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲ၊ ဒီဘဲကတာမိုက်တယ်ပြောမလား၊ ကောင်မလေး ချောချောလေးတွေက ကျွန်တော့်ကတာ အောက်တယ်လို့ အထင်သေးသွားမလား သိပ်စိတ်ပူတတ်တာ။ အဲ့လိုနဲ့ နောက်ပိုင်းမှတော့ အဲ့ဒီအကျင့်က တော်သင့်ပြီဆိုပြီး ကျွန်တော်ပြင်လိုက်တယ်။ တစ်ရက် ကျောင်းကပွဲမှာ ကျွန်တော် စိတ်လွတ်ကိုယ်လွတ်ပဲ၊ ဘယ်သူမှ ကိုယ့်ကို ကြည့်မနေဘူး၊ ငါ့ကို ဘယ်သူမှ အာရုံစိုက်နေတာမဟုတ်ဘူးဆိုပြီး တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ Beat သံတွေကြား လုံးဝ စီးမျောပစ်လိုက်တယ်။ တကယ်လည်း အဲ့လိုကလိုက်တာ၊ အရင်က ထင်နေခဲ့သလို ဘယ်သူမှ ကိုယ့်ကို ဂရုစိုက်နေတာမဟုတ်ဘူးဗျ။ အမှန်ပါ၊ တကယ်ပဲ ပျော်ဖို့ကောင်းခဲ့တယ်။ အရင်ကအကျင့်ကိုလည်း တကယ်ဖြတ်တောက်လိုက်နိုင်တယ်။ ဒါကြောင့်ဗျာ .. ခင်ဗျားနဲ့ ပတ်သက်ပြီး သူများတွေ ဘယ်လိုတွေးနေမလဲဆိုတာ စဉ်းစားရင်း ဦးနှောက်ခြောက်ခံမနေနဲ့ဗျ။ လူတော်တော်များများက သူတို့ကို သူများတွေ ဘယ်လိုထင်ကြမလဲဆိုတာ စဉ်းစားရင်းအလုပ်ရှုပ်နေကြတာမို့ ခင်ဗျားအကြောင်း တွေးချိန်ရှိမှာတောင်မဟုတ်ဘူး။ 

၎။ လက်ရှိခင်ဗျားရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ခင်ဗျားချစ်ခင်နှစ်သက်မယ့်အရာ (၃) ခုလောက် စိတ်ကူးထဲမှာပဲ စာရင်းလုပ်လိုက်ပါ။ တကယ်ပြောတာ။ ခုပဲ ခင်ဗျားစဉ်းစားကြည့်လိုက်ဗျာ။ အခု ခင်ဗျားထိုင်နေတဲ့အခန်းထဲမှာ ဘာတွေကို ခင်ဗျားကြိုက်လဲ၊ စာအုပ်တွေလား၊ စားပွဲလား၊ နံရံကြီးလား၊ တစ်ခုခုဗျာ .. (၃) ခုလောက် စဉ်းစားလိုက်။ အဲ့ဒီလိုပဲ ခင်ဗျား ဘယ်ရောက်ရောက် ရောက်တဲ့ပတ်ဝန်းကျင်က သက်ရှိသက်မဲ့ဖြစ်ဖြစ်၊ ရာသီဥတုဖြစ်ဖြစ် ကြိုက်နှစ်သက်စရာလေးကို စဉ်းစားတွေးတောလိုက်၊ ( ၃) ခုပဲ။ ပြီးရင် “ကျွန်ုပ်အကြိုက်ဆုံး၊ အနှစ်သက်ဆုံးအရာ(၃)ခု” ဆိုပြီး စာရင်းထုတ်လိုက်ဦး။ အဲ့ဒါလေးက အရမ်းကို ကောင်းတဲ့နည်းလမ်းလေးပဲဗျ။ ခင်ဗျားလမ်းမှာကားပိတ်နေတဲ့အခါမျိုး၊ ပျင်းနေတဲ့အခါမျိုး၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို စောင့်နေတဲ့အခါ၊ ဘတ်စ်ကားစောင့်နေတဲ့အခါမျိုးမှာ စိတ်မရှည်ဒေါသထွက်စရာမလိုတော့ဘူး။ ဒီလိုနဲ့ စိတ်ချမ်းသာမှုကို ခင်ဗျားအလိုလို ရှာတတ်လာလိမ့်မယ်၊ အဲ့ဒါ ကျွန်တော် အာမခံတယ်။ 

၅။ အပြင်ထွက်လမ်းလျှောက်ပါ။ အသက်ရှူလေ့ကျင့်ခန်းလည်း ပြုလုပ်ဖို့မမေ့ပါနဲ့။ 
ခင်ဗျားအနေနဲ့ လက်ပ်တော့ရှေ့မှာထိုင်ပြီး တစ်ချိန်လုံး ကုပ်ကုပ် ကုပ်ကုပ်နဲ့ အလုပ်လုပ်နေဖို့ မသင့်ပါဘူး။ ကိုယ်အချိန်လေးကန့်သတ်ပြီး ရုံးအပြင်ကိုထွက်၊ လမ်းလျှောက်ပါ။ ပတ်ဝန်းကျင်ကို ဟိုဒီကြည့်နဲ့ စိတ်ပြေလက်ပျောက် လမ်းလျှောက်စေချင်ပါတယ်။ ပြီးရင် ခဏလောက်နား၊ အသက်ဝဝရှူသွင်းပါ။ ချွေးထွက်စေလောက်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ဝင်သက်ထွက်သက်ကို လေးလေးပင်ပင်၊ ဖြည်းညှင်းသက်သာစွာနဲ့ လေကို အဆုတ်အတွင်းထဲထိရောက်အောင် ရှူသွင်းရှူထုတ်ပြုလုပ်ပေးဖို့ပါပဲ။ ဒါက အရမ်းကိုရိုးရှင်းပြီး သိပ်ထိရောက်တဲ့ စိတ်ဖိစီးမှုလျှော့ချတဲ့နည်းလမ်းပဲဗျ။ ဒါကို ခင်ဗျားကိုယ်တိုင် လိုက်လုပ်ကြည့်တဲ့အခါ ပိုပြီး မြင်သာထင်သာရှိသွားပါလိမ့်မယ်။

ကဲ …. ကျွန်တော်တို့အားလုံး ဒီနည်းလမ်းတွေနဲ့အတူ စိတ်ဖိစီးမှုမှန်သမျှကို ရေစက်ချအမျှဝေလိုက်ရအောင်လားဗျာ။

www.positivityblog.com

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။


Related Posts