စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 4]


အောင်မြင်မှုအတွက် လုံလောက်တဲ့အချိန်

အချိန်….အချိန်….ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အချိန်မလောက်လို့၊ အချိန်မရှိဘူး၊ အချိန်ကို အောင်မြင်ဖို့အတွက် ဘယ်လိုအသုံးချရမှန်းမသိဘူး၊ အသက်က တစ်နှစ်တစ်ခြားကြီးလာပြီ … ခုထိ ဘာမှ မဖြစ်သေးဘူး စသဖြင့် ကိုယ်မှာရှိတဲ့အချိန်ကို မိမိလိုချင်တဲ့ အောင်မြင်မှုအတွက် အသုံးချရာမှာ ဝေဝါးမှုနဲ့ ဒွိဟတွေ ဖြစ်ပေါ်နေတာကို တွေ့ရမှာပါ။ အဲ့ဒီအထဲမှာ သင်ကိုယ်တိုင်လည်း ပါဝင်ကောင်း ပါဝင်နေနိုင်ပါတယ်။ ရည်မှန်းချက်တစ်ခု ဖြစ်မြောက် အောင်မြင်ရေးအတွက် ကိုယ်အသုံးချလိုက်တဲ့အချိန်ရဲ့ အကျိုးသက်ရောက်မှုဟာ ကောင်းမွန်နေဖို့လိုပါတယ်။ အချိန်တွေ အလဟဿကုန်ပြီး အကျိုးမရှိဘူးဆိုရင်တော့ အချိန်ကို ကိုယ်ဘယ်လို အသုံးချနေလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ။ 

၁။ “အချိန်ကိုအသုံးချပါ၊ ဒီလိုမှမဟုတ်ရင် အချိန်က သင့်ကို ပြန်အသုံးချသွားပါလိမ့်မယ်”

ကျွန်တော်တို့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ အချိန်ကို မိမိက အသုံးချနေတာလား၊ အချိန်က မိမိကို ပြန်ပြီးအသုံးချနေသလားဆိုတာကို စောင့်ကြည့်နေပါ။ အချိန်တော်တော်များများမှာ ကိုယ်လုပ်ချင်တာတွေပဲ လုပ်နေပြီး လုပ်သင့်တာတွေကို မလုပ်ဘဲ အချိန်ဆွဲတာ၊ အရေးမကြီးတဲ့အရာတွေအတွက် အချိန်ဖြုန်းတာဟာ အချိန်က ကိုယ့်ကို ပြန်အသုံးချနေတာပါပဲ။ အင်္ဂလိပ်စာသင်ခန်းစာတစ်ခု နားထောင်လို့ရတဲ့ နာရီဝက်အချိန်ကို လူမှုကွန်ရက်ပေါ်မှာ ဖြုန်းလိုက်မယ်ဆိုရင်တော့ အချိန်က သင့်ကို ကောင်းကောင်းအသုံးချသွားပါပြီ၊ ဒီလို သတိမထားမိဘဲ ပြုန်းသွားတဲ့အချိန်တွေ ဘယ်လောက်များများ ရှိနေပြီလဲ …။

၂။ “ရည်မှန်းချက်အောင်မြင်ဖို့ အမှားမလုပ်မိပါစေနဲ့”

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလုပ်တွေကိုရှုပ်နေတာပဲ၊ အချိန်တွေသာကုန်သွားတယ် ဘာမှမပြီးဘူး စသည်ဖြင့် ညည်းငြူနေကြသူတွေကို မြင်မိမှပါ။ သင်ဟာ ဒီလိုမဖြစ်ဖို့လိုပါတယ်။ အလုပ်တွေရှုပ်နေပါ၊ ရတယ်၊ ၂၁ ရာစုထဲမှာ အချိန်တိုင်း လူတွေ အလုပ်ရှုပ်နေကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ သင်ဟာ အောင်မြင်ချင်သူဖြစ်လိုတယ် ဆိုရင်တော့ ရှုပ်နေတဲ့အလုပ်တွေနဲ့အတူ ကုန်သွားတဲ့အချိန်တွေထဲကနေ အကျိုးရလဒ်တစ်ခုခုကို ဖမ်းဆုပ်နိုင်ရပါမယ်။ အလုပ်တွေသာရှုပ်ပြီး အချိန်တွေသာကုန်သွားတယ်၊ ဘာမှဖြစ်မလာဘူးဆိုတဲ့ အတွေးမျိုး နေ့တိုင်းတွေးနေမယ်ဆိုရင် အောင်မြင်မှုအတွက် သင်ဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ပါပြီ။  အချိန်တွေလည်း ကုန်ပါစေ၊ အလုပ်တွေလည်း ရှုပ်နေပါစေ၊ အဲ့ဒီအထဲကနေတော့ သင့်အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တစ်ခုကို ဆွဲထုတ်ရယူနိုင်ရပါမယ်။ အချိန်တွေ အချည်းအနှီးကုန်ဆုံးနေပြီဆိုရင် အဲ့ဒါကို ပြုပြင်ဖို့ ဝန်မလေးပါနဲ့ …။

၃။ “ကိုယ်ရောက်နေအချိန်ကို အာရုံစိုက်ထားပါ”

တစ်ခါတလေမှာ ကျွန်တော်တို့ဟာ ကိုယ်ရောက်နေတဲ့နေရာ၊ အချိန်နဲ့ သင့်တော်မှုမရှိတဲ့ အလုပ်တွေကို လောဘတကြီး လုပ်တတ်ကြပါတယ်။ ရေချိုးရင်း email စစ်နေတာ၊ မနက်စာစားရင်း မှတ်စုထုတ်နေတာမျိုး…ဒါတွေဟာ အလုပ်လုပ်တာမှန်ပေမယ့် တကယ်ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ဖြစ်ပေါ်ဖို့ရာ အားနည်းပါတယ်။ အလုပ်ချိန်မှာ အလုပ်လုပ်ပြီး၊ နားချိန်မှာ နားသင့်ပါတယ်၊ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မျှမျှတတအသုံးချတတ်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ လိုအပ်တဲ့အချိန်၊ ဖြစ်သင့်တဲ့အချိန်မဟုတ်ဘဲ ကိုယ့်ရဲ့ အစွမ်းအစတွေကို တရားလွန်အသုံးချတာဟာ ရေရှည်အတွက် မကောင်းပါဘူး။ လုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တဲ့အရာကို ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကိုလည်း မျက်ခြေမပျက်ပါစေနဲ့ …။

Ref;www.success.com	

Related Posts