စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 9]


ကျရှုံးမှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ?

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 
ဒီနေ့မှာ ကျွန်တော်တို့ Wun Zinn Digest ရဲ့ Motivation ကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာခေါင်းစဉ်ကတော့ “ကျရှုံးမှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ?” ဆိုတာပဲ ဖြစ်ပါတယ်ခင်ဗျ။
………….
ကျွန်တော်တို့ဟာ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အမှားတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ အမှားမှန်းသိလျက်နဲ့ လုပ်ဆောင်ခဲ့တာ၊ ဖြစ်ခဲ့တဲ့အမှားကို ပြန်မပြုပြင်နိုင်တာ … စတဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ရလဒ်တွေအဖြစ် ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ “လဲရင်ပြန်ထ၊ ဒါဘဝ” ပဲလို့ ဆိုလေ့ရှိတယ်၊ ရှုံးနိမ့်မှုတွေရဲ့ ပြင်းထန်တဲ့ထိုးနှက်ချက်ကို ခံလိုက်ရပေမဲ့လည်း ပြန်ထနိုင်သူတွေများစွာရှိသလို တစ်ချက်တည်းနဲ့ ဘဝကြိုးဝိုင်းထဲကနေ အရှုံးပေးပြီး ထွက်သွားခဲ့သူတွေလည်း မနည်းပါဘူး။ 

ကျွန်တော်တို့ဟာ ကျရှုံးရမှာ၊ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရမှာ ကြောက်ကြတယ်။ စီးပွားရေး၊ လူမှုရေး၊ မိသားစု၊ ပညာရေး၊ စိတ်ဓာတ်ရေးရာ … စတာတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီကျရှုံးမှုတွေအောက် ကိုယ့်ရဲ့ဘဝ လဲပြိုမသွားအောင် ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်ကြမလဲ ? 

၁။ ရှုံးနိမ့်မှုတွေကို ကိုယ်ရေးကိုယ်တာထဲ မထည့်ပါနဲ့။ 
ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်နိုင်မဲ့ နည်းလမ်းရှာမတွေ့သေးတာနဲ့ဘဲ သင့်ကိုယ်သင် ငါတော့ဒါကို ရှုံးနိမ့်လေပြီလို့ သတ်မှတ်လို့ မရလို့ပါဘူး။ ဒါကြောင့် ကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး ကျရှုံးမှု၊ မအောင်မြင်မှု၊ ရှုံးနိမ့်မှုတွေ ရင်ဆိုင်လာရတဲ့အခါ အဲ့ဒါကို ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝထဲကို ဆွဲမသွင်းပါနဲ့တဲ့။

၂။ ရှုံးနိမ့်မှုတွေထဲက လေ့လာသင်ယူပါ။
ကိုယ်ကြုံနေရတဲ့ ရှုံးနိမ့်မှု၊ ဒါမှမဟုတ် အရင်က ကြုံတွေ့ရတဲ့ မအောင်မြင်ခဲ့မှုတွေကို စနစ်တကျ လေ့လာပါ။ ဒီလို ရှုံးနိမ့်မှုအပေါ်မှာ ဒေါသထွက်တာ၊ စိတ်ပျက်အားလျော့တာ၊ နောင်တရတာ … စတဲ့ ခံစားချက်တွေကို ဆိုင်းငံ့ထားပြီး ကိုယ်ဘာကြေင့် ရှုံးနိမ့်ခဲ့ရတယ်ဆိုတာကို ပြန်လှန် သုံးသပ်ဖို့ မမေ့ပါနဲ့တဲ့။ ရှုံးနိမ့်မှုထဲကနေ ဘယ်အရာက ရလဒ်ကောင်း ဖြစ်ပေါ်စေနိုင်မလဲ ? ဒီဖြစ်စဉ်ဟာ သင့်ရဲ့လုပ်နိုင်စွမ်းကနေ ကျော်သွားလို့ ရှုံးနိမ့်ရတာလား ? စနစ်တကျ စဉ်းစားဆင်ခြင်ပြီးတော့ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကနေ ဘာသင်ခန်းစာရမလဲဆိုတ အမြဲသုံးသပ်တွေးတောပါတဲ့။

၃။ ရင်ထဲစွဲမထားပါနဲ့။
ဘယ်လိုရှုံးနိမ့်မှုမျိုးပဲဖြစ်ဖြစ် သင့်ရဲ့ ရင်ထဲ စိတ်ထဲ ဦးနှောက်ထဲမှာ သံမှိုနှက်သလို စွဲမြဲ သိမ်းဆည်းထားခြင်းဟာ ဘယ်လို ရလဒ်ကောင်းကိုမှ ပေါ်ပေါက်စေမှာ မဟုတ်ပါဘူးတဲ့။ တကယ်တော့ အဲ့ဒီလိုလုပ်တာဟာ ကိုယ့်ရဲ့ စွမ်းရည်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို စိတ်ခံစားချက်ထဲမှာ အကျဉ်းချလိုက်တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ခင်ဗျားတို့ဟာ အတိတ်ကို ပြန်မပြုပြင်နိုင်ကြပါဘူး။ ဒါပေမဲ့ … အနာဂတ်ကို ပုံဖော်ခွင့်တော့ ရှိတယ်လေ။ ဒါကြောင့် ကောင်းမွန်တဲ့အရာတွေနဲ့ ရှေ့ကို သွက်သွက်ကလေးလှမ်းလိုက်ပါ၊ ရှေ့ကို မြန်မြန်ရောက်လေ စိတ်ပျက်အားလျော့မှုနဲ့ တွေဝေဒွိဟဖြစ်မှုတွေက နောက်မှာကျန်ခဲ့လေပါပဲတဲ့။

၎။ ပတ်ဝန်းကျင်ရဲ့အမြင်အပေါ် အာရုံစိုက်တာကို လျှော့ချလိုက်ပါ။
တစ်ခါတရံမှာ ကျွန်တော်တို့ရဲ့ ရှုံးနိမ့်မှုအပေါ် ဖြစ်ပေါ်လာတဲ့ အကြောက်တရားတွေဟာ ကိုယ့်လုပ်ငန်းခွင်ဝန်းကျင်ကလူတွေ၊ မိတ်ဆွေတွေရဲ့ ဆုံးဖြတ်မှု အမြင်တွေပေါ် အမြစ်တွယ်နေတတ်ပါတယ်။ ကျွန်တော်တို့ဟာ သူများတွေ ကိုယ့်အကြောင်း ဘာတွေပြောဆိုကြသလဲ ဆိုတာရဲ့ လွှမ်းမိုးမှုကို အလွယ်တကူပဲ လက်ခံလေ့ရှိကြတယ်။ “ဒါဟာ ခင်ဗျားဘဝပါ၊ သူတို့ဘဝမဟုတ်ဘူး” … အခြားလူတွေရဲ့အမြင်တွေကို သိပ်အာရုံစိုက်နေမယ်ဆိုရင်တော့ ခင်ဗျားဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ ကြီးမားတဲ့ အောင်မြင်မှုတွေရရှိနိုင်တဲ့ အရည်အသွေးတွေကို ရေနှစ်သတ်လိုက်တာနဲ့ အတူတူပါပဲတဲ့။

၅။ ရှုထောင့်အသစ်ကနေ ပြောင်းလဲဆင်ခြင်ဖို့ ကြိုးစားပါ။
“ငါတော့သွားပြီ၊ လုံးဝကျရှုံးသွားပြီ။ ဒါဟာ ငါညံ့လို့၊ ငါအသုံးမကျလို့၊ ပျော့ညံ့လို့၊ ငါဟာ ရှုံးနိမ့်ဖို့ သိပ်ကိုလွယ်နေပါလား” စတဲ့ အမြင် ရှုထောင့်တွေအစား “ငါတော့ ဒီပွဲမှာ ရှုံးသွားတယ်၊ ဟုတ်ပြီ။ ဒါဟာ ငါ အောင်မြင်မှုနဲ့ ခြေတစ်လှမ်းနီးသွားတာပဲ၊ ငါ့လုပ်ရပ်တွေ ပိုပြီးတော့ စနစ်ကျလာမယ်၊ ရင့်ကျက်လာမယ်၊ ဘာလို့လဲဆိုတော့ ဒီအတွေ့အကြုံကနေ ငါ အသိတွေအများကြီး ရလိုက်တယ်လေ” ……. ။

တကယ်တော့ ကျွန်တော်တို့ရဲ့အနားမှာပဲ သမိုင်းထဲက ကြီးကျယ်အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ လက်ရှိမှာလည်း အောင်မြင်ကျော်ကြားဆဲ ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ဘဝမှာ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေ တစ်ကြိမ်ထက်မက ကြုံဖူးတဲ့သူတေချည်းပါပဲ။ ဒါပေမဲ့ သူတို့နဲ့ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ကွာခြားချက်ကတော့ သူတို့ဟာ ဘယ်တော့မှ အရှုံးမပေးခဲ့ကြဘူး။
………………………………..
Ref; www.forbes.com

“ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …… ။

Related Posts