ဘဝကို ပြန်လည်ဆန်းစစ်ခြင်း [ Motivation ]


ဘဝကို ပြန်လည်ဆန်းစစ်ခြင်း

လူ့ဘဝကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်တို့ကို ဖြတ်သန်းခဲ့ကြရသည်။ 

ပထမအရွယ်နှင့် ဒုတိယအရွယ်တို့၌ လူ့ဘဝတွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှုကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ဘဝကာလအပိုင်းအခြားလည်း ဖြစ်သည်။ မိမိဘဝ ရပ်တည်ဖူလှုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန်လှုပ်ရှားရသော ကာလလည်း ဖြစ်သည်။ 

ဤဘဝအဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်း ဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘဝအပိုင်းအခြားလည်း ဖြစ်လေသည်။ 

တတိယအရွယ်သို့ ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန် လျော့ပြီ။ ဤသည်မှာ ယေဘုယျသဘောဖြစ်သည်။ ဤကာလတွင် မိမိဘဝကို ပြန်လည်ရှုမျှော်သုံးသပ်မှုကို ပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ ရောက်မှသာ မိမိဘဝကို ပြန်လည်ဆင်ခြင်စိတ် ဝင်လာလေ့ရှိသည်။ 

ဘဝကို ပြန်လည်သုံးသပ်ဆင်ခြင်ရာတွင်လည်း ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုးနှစ်စား ကွဲပြားနိုင်လေသည်။ အချို့က မိမိဘဝ၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘဝတွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်း ရှိမည်။ လူ့လောကအတွက် ပြောစမှန်ပြုလောက်သည့် ဆောင်ရွက်မှု အဘယ်မျှ ပါမပါ ဆန်းစစ်ကြသည်လည်း ရှိမည်။ 

မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းသည် လူ့ဘဝ၏ တန်ဖိုးကို ပြန်လည်အကဲဖြတ်ခြင်းသာ ဖြစ်သည်။ ထိုသို့ ပြန်လည်ဆန်းစစ် အကဲဖြတ်ခြင်းသည် လူ့ဘဝ၏ အနှစ်သာရကို ရှာဖွေခြင်းလည်း မည်၏။ ထိုသို့ လူ့ဘဝအနှစ်သာရကို ရှာဖွေတင်ပြသည့်စာကို ဖတ်ရခြင်းသည် မိမိဘဝကို ပြန်လည်ဆန်းစစ်ရန် သတိရစေသည်ဟု ဆိုရပါမည်။ 

အတွေးအမြင်
အမှတ် ၅၃၊ ၁၉၉၀၊ မတ်လ
…..
ဝန်ဇင်းသတင်းစကား ။	။ အခုလို စဉ်းစားတွေးတောစရာ စာစုတွေပါဝင်တဲ့ - “အတွေးအမြင် ဒဿနခေါင်းကြီးများ” စာအုပ်ကို ဝန်ဇင်းမှာ ဖတ်ရှုနိုင်ပါတယ်။ ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ခုပဲ ဖတ်ရှုလိုက်တော့နော်။ ကြိုက်တယ်ဆိုရင် Like & Share နဲ့ ဝန်ဇင်းကို အားပေးခဲ့ပါဦးခင်ဗျ။ 

Related Posts