၂၁ရာစု အရည်အချင်းများ ... အပိုင်း ( ၂ )


၂၁ရာစု အရည်အချင်းများ 
အပိုင်း ( ၂ ) 

သင်ယူမှုအရည်အချင်း [ C – ၄ လုံး ]

ထိုအရည်အချင်းများကို သင်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများဟာ ခေတ်နဲ့အညီ လုပ်ငန်းခွင်မှာ တိုးတက်စေဖို့နဲ့ ညှိယူနိုင်ဖို့ လိုအပ်တဲ့ သင်ယူစရာ လုပ်ငန်းစဉ်တွေကို သိရှိလာပါမယ်။ ၄င်း C – ၄ လုံးဟာ ၂၁ရာစု အရည်အချင်းတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးပါပဲ။ 

အောက်ပါအရည်အသွေးများကို ပညာရေးလောကမှ ပညာရှင်များအားလုံးလိုလို သိပြီးဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Skills တွေဟာ အခြား အသက်မွေးဝမ်းကျောင်းပညာတွေ အတွက်လည်း မဖြစ်မနေ လိုအပ်နေလို့ပါပဲ။ အလုပ်သဘောနဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး အရေးကြီးမှုပမာဏ ကွာခြားပေမဲ့လဲ အားလုံးသော ပညာရပ်တွေမှာ ပါဝင်ကြပါတယ်။ 

C – ၄ လုံးမှာ ပါဝင်တာတွေကတော့ -
၁။ စဉ်းစားဝေဖန် တွေးခေါ်နိုင်သော အရည်အချင်း (Critical Thinking) 
၂။ တီထွင်ဖန်တီးနိုင်မှု (Creativity) 
၃။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု (Collaboration) 
၎။ ဆက်သွယ်ဆက်ဆံခြင်း (Communication) 
.....
၁။ စဉ်းစားဝေဖန် တွေးခေါ်နိုင်သော အရည်အချင်း (Critical Thinking) / သို့ / ပြဿနာအရပ်ရပ်အတွက် ဖြေရှင်းနည်းများရှာခြင်း

စီးပွားရေးလောကမှာဆိုရင် Critical Thinking Skill ဟာ တိုးတက်ကြီးပွားဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပြဿနာအခက်အခဲတွေကို ပေါင်းသင်ရှင်းလင်းပြီး ရည်မှန်းချက်ပန်းတိုင်ကို အသီးအပွင့်တွေ ဝေဝေဆာဆာ ပွင့်ဖူးဖို့အတွက်၊ ကြိုးစားအားထုတ်မှုတွေ ရရှိဖို့အတွက် လိုအပ်တဲ့ ကိရိယာလက်နက်ပါပဲ။ ရုတ်တရက်ပေါ်ပေါက်လာတဲ့ အခက်အခဲတွေ ဖြေရှင်းစရာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းအဖြေရှာနိုင်တဲ့ အရည်အချင်းလည်း ဖြစ်ပါတယ်။ 

ဒီအရည်အချင်း တိုးတက်စေဖို့ ကလေးတွေအား ဆရာမရှိတဲ့အချိန်မှာ ပြဿနာတွေ အခက်အခဲတွေကို ဆရာတွေရဲ့ ကူညီဖြေရှင်းပေးမှု စီစဉ်ပေးမှုမပါဘဲ မိမိဘာသာ ဖြေရှင်းဆောင်ရွက်စေနိုင်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
 
၂။ တီထွင်ဖန်တီးနိုင်မှု (Creativity) / သို့ / ဘောင်အပြင်မှ တွေးခေါ်ခြင်း (Thinking outside the box)

တီထွင်ဖန်တီးနိုင်မှု (Creativity) / သို့ / ဘောင်အပြင်မှ တွေးခေါ်ခြင်း (Thinking outside the box) ဟာ (Adaption) ပြုပြင်ညှိယူခြင်းလိုပဲ ထပ်တူ အရေးပါပါတယ်။ လူတွေဟာ များသောအားဖြင့် သင်ယူလိုတဲ့ သတင်းအချက်အလက် (သို့) နည်းလမ်းတစ်ခုဟာ မိမိလက်ရှိလုပ်ကိုင်နေတဲ့ အလုပ် (သို့) Level မှာ သုံးလို့မရရင် အသုံးမဝင်ဘူးလို့ လတ်တလော ဆုံးဖြတ်တတ်ကြပြီး ကျော်လွှားသွားတတ်ကြပါတယ်။ တနည်း ဘောင်ထဲက ဖဲ့ထွက်ပြီး မတွေးပါဘူး။
ဥပမာ - ဝက်အူလှည့်မရှိရင် ဝက်အူကို မဖြုတ်တတ်တော့ဘူး။ အခြား ဘယ်အရာကို၊ သေးငယ်ပြီးပြားတဲ့ ဘယ်အရာကိုမဆို ဝက်အူလှည့်အဖြစ် သုံးပြီးဖြုတ်လို့ရတယ်ဆိုတာ မတွေးဖြစ်တော့ပါဘူး။ 

Creativity အားကောင်းသူများဟာ ထိုရရှိတဲ့ သတင်းအချက်အလက် (သို့) နည်းလမ်းကို ပေးထားတဲ့အတိုင်း မဟုတ်ဘဲ မိမိအလုပ်မှာ အဆင်ပြေ အသုံးတည့်အောင် ဘယ်လို ပြုပြင်ပြောင်းလဲပြီး အသုံးချမလဲဆိုတာကို စဉ်းစားပါတယ်။ 
အထူးသဖြင့် ကျောင်းသူကျောင်းသားများကို ပညာရပ်တစ်ခု သင်ကြားပေးရာမှာ ရှုထောင့်ပေါင်းစုံက မြင်နိုင်အောင် ကူညီပေးခြင်းက ဒီကတစ်ဆင့် မိမိကိုယ်ပိုင်အတွေးအခေါ်သစ်တစ်ခု ဖန်တီးထုတ်လုပ်နိုင်အောင် အထောက်အပံ့ ဖြစ်စေပါတယ်။ 

Adaption အတွက် နောက်ထပ် ဥပမာတစ်ခုကတော့ Steve Job အကြောင်းပါ။ 
Steve Job ဟာ ၁၉၇၆ ခုနှစ်၊ အသက် ၂၁ နှစ်အရွယ်မှာ Apple Computer ကို စတင်တည်ထောင်ခဲ့ပြီး ၂၃ နှစ်မှာ သူဟာ မီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ အသက် ၃၀ အရွယ်မှာတော့ မထင်မှတ်ထားတဲ့ အရှုံးတွေ ရင်ဆိုင်ခဲ့ရပါတယ်။ Apple Company ကနေ ထုတ်လုပ်တဲ့ computer ဟာ အရှုံးပေါ်ခဲ့ပြီး Steve ဟာ မိမိကုမ္ပဏီကနေ ပြန်ပြီး အထုတ်ပယ်ခံခဲ့ရပါတယ်။ “ဒါဟာ ရှက်စရာအကောင်းဆုံး အရှုံးဖြစ်ပြီး Steve ဟာ ဘာတွေ ပြောင်းလဲရမလဲ ဆိုတာ သေချာစဉ်းစားရပါတော့တယ်” လို့ ‘ပြောင်းလဲမလား၊ ကျဆုံးမလား’ စာအုပ်မှာ စာရေးဆရာ Alan Detuschman က ရေးသားဖော်ပြခဲ့ပါတယ်။ 

မကြာခင်မှာပဲ Steve ဟာ Company အသစ်နဲ့ Pixar Animation Studios ကို ၁၉၈၅ ခုနှစ်မှာ စတင် တည်ထောင်လာလိုက်တာ အောင်မြင်မှုများစွာနဲ့ အသစ်အသစ်သော လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်လာခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အဆုံးအရှုံးတွေနဲ့ နပမ်းလုံးနေတဲ့ Apple Company ကို ပြန်လည်ဦးဆောင်ပြီး ipod တွေ ipad တွေ တီထွင် ထုတ်လုပ်လာလိုက်တာ ဘယ်လောက် အောင်မြင်လာသလဲဆိုတာ လူတိုင်းသိရှိကြမှာပါ။ ဒါဟာ Steve ရဲ့ ရှုံးနိမ့်မှုအပေါ်ထားတဲ့ အမြင်ပါပဲ။ ကိုယ့်မှာ လိုအပ်ချက်တွေ များလာပြီဆိုရင် ပြောင်းလဲမှုကို အပြစ်တင်နေမယ့်အစား ခေတ်ရဲ့ တောင်းဆိုမှုနဲ့အညီ လိုက်နိုင်အောင် ကိုယ်ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ စဉ်းစားရမှာပါ။ ဒါမှ အောင်မြင်မှုဆီ အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါဟာ Innovation သဘောပါပဲ။ ဘယ်နယ်ပယ်မဆို အသစ်တီထွင် ထုတ်လုပ် လုပ်ကိုင်နိုင်မှုဟာ Company တိုင်းအတွက် ပြုပြင်ပြောင်းလဲဖို့နဲ့ အောင်မြင်မှုဆီရောက်ဖို့ သော့ချက်ပါပဲ။ အဲ့ဒီတော့ Creativity ရှိတဲလူတိုင်း ထည့်သွင်းစဉ်းစားတာကတော့ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က အလုပ်ဖြစ်လာတဲ့ နည်းလမ်းတွေဟာ အရင်က အကောင်းဆုံး ဖြစ်ခဲ့ပေမဲ့ တချိန်မှာတော့ ပြောင်းကို ပြောင်းလဲရမှာပါ။ 

၃။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု (Collaboration) / သို့ / လူအများနှင့် အလုပ်လုပ်ခြင်း 

Collaboration မှာ တစ်ဦးထက်ပိုတဲ့ သူတွေအချင်းချင်း ပေါင်းစည်းပြီး ဘယ်လိုအကျိုးအမြတ်တွေ ရရှိမယ်ဆိုတာ ညှိနှိုင်းကာ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ အကောင်းဆုံး ရလဒ်တွေရရှိဖို့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ လုပ်ငန်းမှာ အခက်အခဲဆုံးအပိုင်းဖြစ်ပြီး ဒီအပိုင်း အောင်မြင်တာနဲ့ Company ဒေဝါလီခံမယ့် လက်တစ်ကမ်းကနေ ပြန်ကယ်တင်နိုင်မှာပါ။ 
Collaboration မှာ အဓိကကျတာက စိတ်အားထက်သန်မှုပါ။ ပါဝင်ကြတဲ့ လူအားလုံးဟာ မိမိရဲ့ အကြံဉာဏ်၊ မိမိဖြစ်ချင်တာကို ရှေ့တန်းမတင်ဘဲ၊ အခြားသူများရဲ့ အကြံဉာဏ်တွေကို လက်ခံပြုပြင်ပြီး Company ကောင်းကျိုးကိုပဲ ကြည့်ပြီး အနစ်နာခံ ညှိနှိုင်းရမှာပါ။ 

၎။ ဆက်သွယ်ဆက်ဆံခြင်း (Communication) / သို့ / သူများကို ပြောပြခြင်း 
နောက်ဆုံးမှာတော့ Communication က ပညာရေးဆိုင်ရာ အရည်အချင်းတွေကို ပေါင်းစည်းပြီး ကပ်ပေးလိုက်တဲ့ ကော်လိုပါပဲ။ ကုမ္ပဏီတစ်ခုမှာ အကျိုးအမြတ်ရဖို့ Communication ဟာ လိုအပ်ချက်တစ်ခုပါ။ ကျောင်းသားကျောင်းသူများအတွက်လဲ ကိုယ်နဲ့မတူညီတဲ့ type အမျိုးမျိုး ရှိတဲ့လူတွေကို ကိုယ့် idea တွေ၊ အတွေးအခေါ်တွေကို နားလည်သဘောပေါက်အောင် ဘယ်လိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုဆက်ဆံမလဲဆိုတာ အရေးကြီးပါတယ်။ ဒါမှသာ အလုပ်ခွင် (သို့) သင်ယူရာနေရာမှာ နားလည်မှုလွဲတာတွေ ရှုပ်ထွေးတာတွေ မရှိတော့ဘဲ မိမိအဖွဲ့အစည်းရဲ့ ပုံစံ တန်ဖိုးထားမှုတွေကို အားလုံးက လက်ခံပြီး လိုက်နာကျင့်ကြံကြမှာ ဖြစ်ပါတယ်။

ကြည်နှင်းခိုင် 

Ref; Chris Zook, content marketing manager at Applied Educational Systems from Applied Education System

။	။ 4Cs အပြီးမှာ ကျန်တဲ့ ( ၇ ) ချက်ကို နောက်ရက်တွေမှာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ကဏ္ဍမျိုးစုံကို *အခမဲ့* ဖတ်ရှုနိုင်ဖို့ ဝန်ဇင်း App ထဲမှာရှိတဲ့ *အခမဲ့ဖတ်စရာ* ကဏ္ဍလေးကို နေ့စဉ် ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။ 

Related Posts