စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 24]


“လူတိုင်းအတွက် အောင်မြင်ရေးနည်းလမ်း ( ၈ ) ချက်”

၁။ မညည်းညူပါနှင့်၊ ပျော်ရွှင်စွာ လုပ်ဆောင်ပါ။ 

ပြုံးပြုံးရွှင်ရွှင် ရွှင်ပျသော မျက်နှာထားဖြင့် အလုပ်လုပ်သူများသည် မျက်နှာရှစ်ခေါက်ချိုးနှင့် အောက်သိုးသိုး လုပ်သူများထက် အောင်မြင်ထိရောက်ကြပါသည်။ မိဘပဲခိုင်းခိုင်း၊ ဆရာသမားကပဲခိုင်းခိုင်း အလုပ်တစ်ခု လုပ်ကိုင်ရလျှင် ညည်းညည်းငြူငြူ စူစူအောင့်အောင့် လုပ်တတ်သူတွေ တွေ့ဖူးပါလိမ့်မည်။ မကြီးပွား မထွန်းကားစေသည့် အလေ့အကျင့်မှား ဖြစ်သည်။ မည်မျှပင် ပင်ပင်ပန်းပန်း မည်သို့ပင် ခက်ခဲခက်ခဲ၊ ဇွဲရှိရှိနှင့် အလုပ်တစ်ခုကို စိတ်အားထက်သန်စွာ ရွှင်ရွှင်ပျပျ လုပ်ဆောင်ရမည်ဟု နှလုံးသွင်းတတ်ရပါမည်။ သင်၏ ဘဝသည် တိုးတက်ကြီးပွားဖို့ မလွဲမသွေ သေချာလေပြီ။ 

၂။ ထိုက်တန်အောင် လုပ်ဆောင်ပေးပါ။

ထိုက်တန်စွာပေးမှ တချို့က ဒီအလုပ်လုပ်ရတာ လုပ်ခက ငါးဆယ်တစ်ရာရတယ်၊ ပင်ပန်းရတာနဲ့ မကာမိပါဘူးကွာ၊ အေးအေးဆေးဆေး နားနားနေနေ လုပ်တာပေါ့ဟု ယူဆ၏။ တတ်နိုင်သမျှ ခို၏။ ဖြစ်နိုင်သမျှ ကပ်၏။ မတတ်သာမှ စိတ်မပါ့တပါ လုပ်ကြ၏။ ရေသာခိုခြင်းသည် ဓားသွားကို သံချေးတတ်စေသည်နှင့် တူ၏။ မိမိ၏ အရည်အသွေးကို ကျဆင်းစေ၏။ လူတိုင်းသည် မိမိက ထုတ်လုပ်ပေးသည့် အပြုအမူ ( ကံ ) အကျိုးပေးနှင့် တိုက်ရိုက်အချိုးညီသော ရလဒ်ကို ခံစားကြရခြင်းဖြစ်၏။

၃။ ကျေးဇူးသိတတ်ပါစေ။

အကူအညီတောင်းစရာ လိုသည့်အခါ ခခယယလာတတ်၍ ပြီးဆုံးသည့်အခါ လှည့်၍ပင်မကြည့်သော သူတွေ တွေ့ရတတ်သည်။ ကျေးဇူးမသိတတ်သော လူများသည် ဘယ်သောအခါမှ မကြီးပွားတတ်ပေ။ ထွန်းပေါက်အောင်မြင်သူများသည် ကျေးဇူးရှိသူများကို ဘယ်သောအခါမှ မမေ့။ မိဘကိုလည်း ကျေးဇူးသိတတ်၏။ ဆရာသမားကိုလည်း တတ်နိုင်သမျှ ကျေးဇူးဆပ်၏။ မိမိဇာတိရပ်ရွာကိုလည်း မိမိတတ်စွမ်းသမျှ အကျိုးပြုပေးကြ၏။ သူတစ်ပါးအပေါ် မိတ်ဆွေကောင်းပီသမှ မိမိကို ကူညီစောင့်ရှောက်သူများ များစွာ တွေ့လာရပါလိမ့်မည်။ ကျေးဇူးရှိသူများကို အမြဲသတိရပါ။

၎။ အပြုအမူ ယဉ်ကျေးသိမ်မွေ့ချိုသာပါ။

ရိုင်းစိုင်းခက်ထန်သူများကို သင်လည်း မနှစ်သက်။ ကျွန်ုပ်လည်း ရွံ့မုန်း၏။ မည်သူကမှ မလိုလား။ သင်သည် ခက်ထန်ရိုင်းစိုင်း၍ မောက်မာသူဆိုလျှင်လည်း လူတကာ စက်ဆုပ်ရွံ့ရှာမှာပဲ ဖြစ်၏။ လူ့အသိုင်းအဝိုင်းအတွင်းမှာ လူအချင်းချင်းကို ဆွဲဆောင်စည်းရုံးနိုင်ပါမှ စိတ်ချမ်းသာ၊ လူချမ်းသာ ဖြစ်နိုင်ပါမည်။ မခက်ခဲပါ။ အပြုအမူ ယဉ်ကျေးပါ။ အပြောအဆို ချိုသာပါ။ စာရေးဆရာ ဗန်းမော်တင်အောင်၊ စာရေးဆရာဒဂုန်တာရာနှင့် စာရေးဆရာမြသန်းတင့်တို့သည် စာရေးကောင်းကြသဖြင့် ထင်ရှား၏။ သူတို့၏ စိတ်ကောင်းစေတနာဖြင့် သူတစ်ပါးအပေါ် ယဉ်ကျေးချိုသာသော အပြုအမူများကြောင့် ထိတွေ့ရသူတို့က မေ့မရအောင် ကြည်ညိုလေးစားနေကြရ၏။

၅။ သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။

လူမှာအဝတ် တောင်းမှာအကွပ်ဟု မြန်မာ့ဆိုရိုးစကား ရှိခဲ့ပြီးဖြစ်၏။ ဂျင်းဘောင်းဘီနှင့် တီရှပ် ဝတ်စားလျှင် ခေတ်မီလှပြီဟု ထင်တတ်၏။ အနောက်နိုင်ငံမှာ အလုပ်ကြမ်းသမားများ၊ အဆင့်အတန်းနိမ့်ကျသော ဆင်းရဲနွမ်းပါးသူများ ဝတ်စားကြခြင်းဖြစ်၏။ ပါရဂူပညာရှင်များ၊ ပါမောက္ခများ၊ လုပ်ငန်းရှင်ကြီးများ ဝတ်စားလျှင် သေသပ်ကျနစွာ ကုတ်အင်္ကျီ၊ လည်စည်း စသည်တို့ဖြင့် ဝတ်ဆင်သည်ကို တွေ့မြင်နိုင်ပါသည်။ အောင်မြင်လိုလျှင် အဝတ်အစားကို အခြေအနေ အချိန်အခါနှင့် ကိုက်ညီအောင် ဝတ်ဆင်တတ်ရပါလိမ့်မည်။ ဝါကြွားတောက်ပရန်မလို။ သန့်ရှင်းသပ်ရပ်၍ လေးစားလောက်အောင်တော့ ရှိရမည်။ 

၆။ အကောင်းမြင်စိတ် ထားရှိပါစေ။

လောကကြီးမှာ ရာသီဥတု သုံးမျိုးရှိရာ နွေအခါမှာ ပူမှာပဲ။ ဆောင်းအခါမှာ အေးမှာပဲ။ မိုးရာသီ၌ မိုးရွာသည်မှာ သဘာဝပဲဖြစ်၏။ နေကလည်း ပူရန်ကော၊ မိုးကလည်း ရွာရန်ကောဟု ဒေါသဖြစ်နေသူတွေ ကြုံဖူးပါလိမ့်မည်။ သူတို့လို မရူးနှမ်းပါနှင့်။ သဘာဝနှင့် အလိုက်သင့် အလျားသင့် ပြုမူပါ။ လောကမှာ အကောင်းနှင့်အဆိုးတို့ ဒွန်တွဲနေသည်ကို လက်ခံပါ။ ကောင်းအောင်လုပ်ဆောင်မည်၊ မကောင်းသည်ကို ပြုပြင်မည်၊ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားမည်ဟု အပြုသဘောထား မွေးမြူပါ။ စိတ်ကောင်း စေတနာကောင်းရှိသည်အလျောက် ကောင်းသောကံတို့က သင့်ကို အကျိုးပေးလာပါလိမ့်မည်။

၇။ မလိုအပ်သော အငြင်းအခုံများကို ရှောင်ပါ။

အငြင်းအခုံ ဝါသနာပါသူများ ရှိတတ်သည်။ ဘာမှအရေးမပါလှသော ကိစ္စမျိုးကိုပင် အကြောက်အကန် စကားနိုင်လုနေတတ်၏။ အနှစ်မရှိ။ ဖြစ်နိုင်လျှင် အငြင်းအခုံကို ရှောင်ပါ။ ခိုက်ရန်ဖြစ်ပွားခြင်းမျိုးကို ရှောင်ကြဉ်ပါ။ စိတ်လိုက်မာန်ပါ ပြောဆိုပြုမူခြင်းမျိုး မပြုလုပ်ပါနှင့်။ ဆင်ခြေဆင်လက် အမျိုးမျိုးဖြင့် စကားကြောရှည်သူမျိုးကို ဝေးဝေးရှောင်ပါ။ မိမိသည် ထိုလူစားထဲ မပါစေနှင့်။

၈။ အစီအစဉ်တကျ လုပ်ဆောင်ပါ။

သော့ဖွင့်၊ သော့ဖြုတ်၊ ပြီးမှ မင်းတုပ်ဖြုတ်၊ ပြီးမှ တံခါးဖွင့်ရ၏။ အစီအစဉ် ရှေ့နောက်မှန်ကန်မှသာ လိုရာခရီးကို ရောက်၏။ သော့မဖွင့်ဘဲ တံခါးကို အတင်းတွန်းနေခြင်းသည် အစီအစဉ်မှားနေသဖြင့် အလကားအချိန်ကုန် လူပင်ပန်း၏။ ဘာကစ၍ လုပ်ရမည်လဲ ကြည့်ရှုလေ့လာ၍ အစီအစဉ်တကျ လုပ်ရမည်။ လုပ်ရမည့်အလုပ်ကို ဦးစွာလုပ်ရမည်။ လုပ်ချင်ရာ လျှောက်လုပ်နေပါက အရာမရောက်။ အစီအစဉ်မှန်ပါစေ။

[ နိဂုံး ]

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တို့တွင် အောင်မြင်ထင်ရှားသော ပုဂ္ဂိုလ်များစွာကို ကျွန်တော်သည် ကံကောင်းထောက်မစွာ အနီးကပ် လေ့လာခွင့်ရခဲ့ပါသည်။ သူတို့ဘာကြောင့် အောင်မြင်ကြပါလိမ့်ဟု အဖြေရှာစိစစ်ကြည့်သောအခါ အထက်ပါ ( ၈ ) ချက်နှင့် အတော်ပင် ကိုက်ညီကြောင်း တွေ့ရ၏။ အထူးသဖြင့် အကောင်းမြင်စိတ်ထား ရှိကြ၏။ အပြုအမူ ယဉ်ကျေးကြ၏။ အပြောအဆို သိမ်မွေ့ချိုသာကြ၏။

မကောင်းသော အမြင်ရှိ၍ စကားပြောလျှင် ရန်စွယ်ငေါငေါဒေါသဖြင့် မောက်မာခက်ထန်စွာ ပြောကြားလေ့ရှိသူတို့မှာ တစ်နေ့ထက်တစ်နေ့ နိမ့်လျောကျဆင်းသွားကြသည်ကို တွေ့ရ၏။ အမှားသင်ခန်းစာ သရုပ်ပြဖြစ်၏။ ရှောင်ကြဉ်ရန် သတိပြုဖွယ် ဖြစ်ပါ၏။ လောကကို အလှဆင်မည်ဟု ရည်ရွယ်ချက်ထားရှိပါ။ အဖျက်စိတ်ဓာတ် မရှိအပ်။

ချစ်နိုင် ( စိတ်ပညာ ) 
………….
မှတ်ချက်။     ။ လူတိုင်းအတွက် အောင်မြင်ရေးနည်းလမ်း ( ၈ ) ချက်ကို စာရေးဆရာ ချစ်နိုင် ( စိတ်ပညာ ) ၏ ‘အောင်မြင်လိုသလား’ စာအုပ်မှ ပြန်လည် ကောက်နုတ် တင်ပြထားခြင်း ဖြစ်ပါသည်။ 
………….
ဝန်ဇင်းသတင်းစကား။     ။ လူတိုင်းအတွက် အောင်မြင်ရေး နည်းလမ်းများအကြောင်း ပြည့်စုံ ရှင်းလင်းစွာ ဖော်ပြထားသည့် ဆရာချစ်နိုင် ( စိတ်ပညာ ) ၏ ‘အောင်မြင်လိုသလား’ စာအုပ်ကို ဝန်ဇင်းတွင် ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

“စာချစ်သူတို့လည်း ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ ကိုယ့်အတွက် အကျိုးရှိသွားတယ်ဆိုရင် ပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts