စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 27]


“အောင်မြင်ဖို့ဆိုလျှင် ကြိုးစားရပါမည်။ ကံပေးလို့ရတာတို့၊ ဘယ်နတ်ဘုရားက စောင့်မလို့ ရတာတို့ကို ကျွန်တော် လုံးဝမယုံကြည့်ပါဘူး။” ( ဘီလ်ဂိတ် )

“စစ်မှန်တဲ့အောင်မြင်မှုရချင်တယ်ဆိုရင် ..."
-	ချစ်နိုင် ( စိတ်ပညာ ) - 

၁။ ပေါင်းသင်းဆက်ဆံရေး - စစ်မှန်တဲ့အောင်မြင်မှုရချင်ရင် မိသားစုအတွင်းမှာဖြစ်စေ၊ အတန်းဖော်ကျောင်းသား ကျောင်းသူတွေထဲမှာပဲဖြစ်စေ၊ မိဘနဲ့ ဆရာသမားနဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရပါမယ်။ အောင်မြင်ရေးအတွက် အလိုအပ်ဆုံးနဲ့ အကြီးမားဆုံး အရည်အချင်းကတော့ လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံမလဲ ဆိုတာပါပဲ။ ပေါင်းသင်းဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ ဘဝအပေါ် သက်ရောက်မှုများတယ်။ မိမိရဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးဟာ မိမိကိုယ်ကို မြှင့်တင်တည်ဆောက်နေသလား။ ဖြိုခွဲ ဖျက်ဆီးနေသလား။ စဉ်းစားသုံးသပ်ပါ။ ပြုပြင်သင့်ရင် ကောင်းအောင်ပြုပြင်ပါ။ 

ဂျွန်စီမက်ဇ်ဝဲလ်ရဲ့ ဖော်ပြချက်ကို စာရေးသူ ဖြည့်စွက်ထောက်ခံချင်ပါတယ်။ မြတ်စွာဘုရားသခင်က မင်္ဂလာ တရားတော်မှာ ပထမဦးဆုံး မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းဖော်ပါ။ ( ဒါမှ ကောင်းတဲ့ အရည်အသွေး အတုယူလို့ရရှိမှာပေါ့။ ) မကောင်းတဲ့ မိုက်မဲသူတွေကို မပေါင်းသင်းလေနဲ့။ ဝေးဝေးရှောင်ပါ။ ( ဒါကို ပထမဦးဆုံးတောင် ထားတာနော် ) တော်တော်ကြာ ငရုတ်သီးနဲ့ ပေါင်းမိလို့ ကိုယ်ပါ ငရုတ်ဆုံထဲ ထည့်အထောင်းခံနေရတဲ့ ကြက်သွန်ဖြူလို ဖြစ်နေမယ်။ ငရုတ်သီးက သူ့လို စပ်တဲ့ကောင် လာခဲ့ထွက်ခဲ့ ခေါ်တော့ ကြက်သွန်က ငါလည်း လူတွေ မျက်ရည်ကျအောင် စပ်တဲ့ကောင်ပဲဆိုပြီး ငရုတ်သီးနဲ့ ပေါင်းသတဲ့။ ဘာပြောကောင်းမလဲ။ ငရုတ်သီးနဲ့အတူရောပြီး ထုထောင်းခံရတော့တာပဲ။ လူပေါင်း မမှားစေနဲ့နော်။ 

ဒီဃဇာဏုသုတ်မှာပါတဲ့ သမ္ပဒါတရားလေးပါး၊ အောင်မြင်ကြီးပွားကြောင်းတရားမှာလည်း “ကလျာဏမိတ္တသမ္ပဒါ” ဆိုတဲ့အချက်ဟာ တစ်ချက်ပါပါတယ်။ ဆရာသမားကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း၊ ရဲဘော်ရဲဘက် တပည့်ကောင်းတွေ ပြည့်စုံရင် အများကြီး အောင်မြင်တာ တွေ့ရမှာပါ။ 

လျင်လျင်မြန်မြန် တိုးတက်အောင်မြင်စေတဲ့ စက်လေးပါးဆိုတာ မြတ်စွာဘုရားရှင် ဟောကြားညွှန်ပြတော်မူဖူးတယ်။ စက်တစ်ပါးက ဘာလဲဆိုရင် “သပ္ပူရိသဥပနိသယျစက်” ဆရာကောင်း၊ မိတ်ဆွေကောင်းကို အမှီသဟဲရရှိခြင်းတဲ့။ 

အခါတစ်ပါးမှာ မြတ်စွာဘုရားကို ညီတော်အာနန္ဒာက ကြည်ညိုလေးစားလွန်းလို့ ချီးကျူးဂုဏ်ပြုချင်လို့ ဒီလိုထုတ်ဖော် လျှောက်ထားတယ်။ 

“မြတ်စွာဘုရား … ဆရာကောင်းသမားကောင်းတို့ကို အမှီအထောက်အကူ ရရှိခြင်းဟာဖြင့် မိမိရည်မှန်းချက် ပန်းတိုင်သို့ ရောက်ဖို့အတွက် ခရီးတစ်ဝက် ( ၅၀ ရာခိုင်နှုန်း ) ပြီးမြောက်တာနဲ့ အတူတူပဲလို့ ထင်ပါတယ်ဘုရား” မြတ်စွာဘုရားက “မဟုတ်သေးဘူး အာနန္ဒာ” လို့ ပြောတယ်။ 

ညီတော်အာနန္ဒာက မြတ်စွာဘုရား မကြားလို့လား၊ နားမရှင်းလို့လား၊ သေချာအောင် သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ လျှောက်ထားတယ်။ မြတ်စွာဘုရားကလည်း သုံးကြိမ်စလုံးပင် ငြင်းပယ်တော်မူတယ်။ 
“အာနန္ဒာ … ဆရာသမားကောင်း၊ မိတ်ဆွေကောင်းကို ပေါင်းဖော်မှီဝဲရပြီဆိုရင် ထိုသူအတွက် ခရီးအဆုံးတိုင် ( ၁၀၀ ရာခိုင်နှုန်း ) ရောက်တာနဲ့ ပြီးမြောက်တာနဲ့ အတူတူပဲကွဲ့” လို့ သေသေချာချာ ရှင်းရှင်းလင်းလင်း မိန့်တော်မူတယ်။ ( ပြင်ပေးတော်မူခဲ့တယ် ) 

စာရေးသူတို့က သပ္ပူရိသဥပနိသယျဟာ ခရီးတစ်ဝက်ပြီးတယ်လို့ပဲ ( အာနန္ဒာပုထုဇဉ်လို ) မြင်မိခဲ့ပါရဲ့။ မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်တော်နဲ့ မြင်တဲ့သူအဖို့မှာ ဆရာပြတဲ့အတွက် သီအိုရီသဘောတရားရော၊ လက်တွေ့ရော နည်းလမ်းတကျ အောင်မြင်မှုအလွယ်တကူရစေတာ။ ဆရာကသာ အမှန်မပြရင် တစ်စုံတစ်ဦးရဲ့ ကြိုးစားအားထုတ်မှုဟူသမျှဟာ သုညပဲ။ ဆရာကောင်း မိတ်ဆွေကောင်းများ ရရှိအောင် အလေးထားရမယ်ဆိုတာ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်နဲ့ အညီပါပဲ။ ဆက်ဆံရေးကောင်းအောင် မိမိကိုယ်တိုင် ပြုပြင်တည်ဆောက်ရပါမယ်။ 

၂။ အတူတကွ လုပ်ဆောင်ခြင်း - ဘဝမှာ ကျွန်တော်သင်ယူခဲ့ရတဲ့ တန်ဖိုးအရှိဆုံး သင်ခန်းစာတစ်ခုကတော့ သင့်အနားမှာ ရှိနေတဲ့ လူတွေဟာ သင် ဘယ်လောက်အောင်မြင်သလဲ ဆိုတာကို ဆုံးဖြတ်ပေးပါတယ်တဲ့။ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အဖွဲ့အစည်း၊ အသင်းအပင်းအုပ်စုတွေနဲ့အတူ စုပေါင်းလုပ်ဆောင်ကြမှသာ အောင်မြင်တာမဟုတ်လား။ အဖွဲ့အစည်းကောင်းဖို့လည်း အရေးကြီးတာပေါ့။ 

၃။ ခေါင်းဆောင်မှုစွမ်းရည် - ခေါင်းဆောင်နိုင်မှုဆိုတာ အောင်မြင်သူတိုင်းမှာ ရှိနေတဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ရပ်ပါ။ ခေါင်းဆောင်ဆိုတာ ရှေ့က စံနမူနာကောင်းကို ပြသနိုင်ရမယ်။ နောက်လိုက်ငယ်သားတွေရဲ့ လေးစားအားကျ အားကိုးမှုကို ခံယူနိုင်ရမယ်။ တာဝန်ယူရရပါမယ်။ ငယ်သားတွေက လူစီးတွဲ၊ ကုန်တွဲ၊ ကျောက်တွဲ၊ ဆီတွဲ၊ ရထားတွဲတွေ ဆိုပါစို့ ။ မိမိက ခေါင်းတွဲဖြစ်ရပါမယ်။ ကိုယ်တိုင်ဆွဲနိုင် တွန်းနိုင်တဲ့ အင်ဂျင်ပါဝါ ရှိရမယ်။ သူတစ်ပါး တိုက်တွန်းစရာ မလိုဘဲ ကိုယ်တိုင် တက်ကြွနိုးကြားသူ ဖြစ်ရပါမယ်။ 

၎။ ခံယူချက် - လူတစ်ယောက်ရဲ့ ခံယူချက်ကသာလျှင် သူ့ရဲ့ နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းသလဲ ဆိုတာကို ပြဋ္ဌာန်းပါတယ်။ သင့်ရဲ့ အောင်မြင်မှု အနိမ့်အမြင့် အကွာအဝေးတို့ဟာ သင့်ရဲ့ အရည်အချင်းဆိုတာထက် သင့်ရဲ့ ခံယူချက် သဘောထားနဲ့သာ ပိုပြီး သက်ဆိုင်တယ်။ 

လောကကောင်းကျိုးကို ငါအစွမ်းကုန် သယ်ပိုးမယ်ဆိုတဲ့ ခံယူချက်မျိုး၊ ငါ့နိုင်ငံတော် င့ါလူမျိုးရဲ့ ငြိမ်းချမ်းရေး၊ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါ အကောင်းဆုံး ပါဝင်ကြိုးစား ထမ်းဆောင်မယ်ဆိုတဲ့ ခံယူချက်မျိုး၊ ငါ့အုပ်စု၊ ငါ့အဖွဲ့အတွက် ဂုဏ်တက်ရအောင် အသက်ပေးချင် ပေးရပါစေ၊ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်မယ်ကွဆိုတဲ့ ခံယူချက်မျိုးဟာ အောင်မြင်မှုတွေ ရစေပါတယ်။ 

ဒီဆောင်းပါးမှာ နိဂုံးချုပ် စာရေးသူ တင်ပြချင်တာကတော့ သေချာပေါက် အောင်မြင်နည်းတစ်ခုပါ။ 
သင်ဟာ အောင်မြင်မှုကို ငတ်မွတ်ဆာလောင်နေသူဆိုရင် သင့်ဘဝကို ဖြတ်သန်းရမယ့် အကောင်းဆုံးနည်းလမ်းက အောင်မြင်သူတွေနဲ့ နီးနီးကပ်ကပ် နေထိုင်ခြင်းပါပဲ။ သူတို့နဲ့ အချိန်ဖြုန်းပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ ကြည့်ပါ။ သူတို့ ဘယ်လို တွေးတောသလဲ သင်ယူပါ။ 

အဲဒီလိုနဲ့ သင်ဟာ တစ်နေ့မှာ သူတို့လို ဖြစ်လာပါလိမ့်မယ်။ ကဲ … လမ်းတော့တွေ့နေပြီ။ ဆက်ပြီး လျှောက်မလျှောက် ဆိုတာကတော့ စာဖတ်သူတွေရဲ့ ခံယူချက်နဲ့ ရွေးချယ်မှုအပိုင်းပါပဲ။ လက်တွေ့လုပ်တဲ့ လူကတော့ တကယ်အကျိုးထူးမှာ သေချာပါတယ်။ မြေကြီးလက်ခတ်မလွဲပါ။ 
……
အခု ဖော်ပြလိုက်တဲ့ အောင်မြင်ရေးနည်းလမ်းများကို စာရေးဆရာ ချစ်နိုင် ( စိတ်ပညာ ) ရဲ့ “ဘယ်လိုလုပ်ကြမလဲ နှင့် အခြားဆောင်းပါးများ” စာအုပ်ပါ ‘စစ်မှန်တဲ့အောင်မြင်မှု’ ဆောင်းပါးမှ ပြန်လည် ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်ခင်ဗျ။ တကယ်လို့ ဝန်ဇင်းစာချစ်သူတို့လည်း ဆရာချစ်နိုင် ( စိတ်ပညာ ) ရဲ့ စာအုပ်တွေကို ဖတ်ရှုမယ်ဆိုရင် ဝန်ဇင်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ရယူဖတ်ရှုနိုင်ပါတယ်လို့ တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါရစေ။ 

“ဒီပို့စ်ကို ဖတ်ပြီးလို့ ကိုယ့်အတွက် အကျိုးရှိသွားတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” "စာချစ်သူတို့ရော စစ်မှန်တဲ့အောင်မြင်မှု ရချင်တယ်ဆိုရင် ဘယ်အရာက အရေးကြီးဆုံးလို့ မြင်မိလဲ ဆိုတာကို comment မှာ ပြောပြသွားပါဦး"

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts