Personality က အောင်မြင်မှုမှာ ဘယ်လောက်အရေးပါသလဲ ( ၂ ) [ Motivation Article ]


Personality က အောင်မြင်မှုမှာ ဘယ်လောက်အရေးပါသလဲ ( ၂ ) 

( ၄ ) ပြောင်းလွယ်ပြင်လွယ်တဲ့ အထင်အမြင် ထားရှိတတ်ပါစေ။ ( Have a flexible opinion ) 
‘လူအမျိုးမျိုး စိတ်အထွေထွေ’ လို့ ဆိုတဲ့အတိုင်း လူတွေနဲ့ ပြောဆိုဆက်ဆံ ဆောင်ရွက်တဲ့နေရာမှာ ကိုယ့်အမြင် ကိုယ့်ယူဆချက်ကိုပဲ တရားသေ ကိုင်စွဲနေလို့ မရပါဘူး။ အခြေအနေ အချိန်အခါအရ ကိုယ့်ဘယ်က ယူဆချက်က မှန်နေသလို အခြားသူတွေဘက်က ထင်မြင်ချက်တွေကလည်း မမှားနေတာမျိုးတွေ ဖြစ်တတ်တာမို့၊ သူ့ဘက်ကိုယ့်ဘက် မျှတစွာ ရှုမြင်ခံစားတတ်မှုဟာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့မှုနဲ့ Personality ကောင်းမွန်တိုးတက်လာဖို့အတွက် များစွာ အရေးပါပါတယ်။ တစ်ခါတလေ လူတွေနဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာကိစ္စလေး တစ်ခုကို ငြင်းခုံမနေဘဲ အလျှော့ပေးလိုက်တာမျိုးဟာ ကိုယ့်ရဲ့ သွင်ပြင်လက္ခဏာ အမူအရာ Personality ကို များစွာ အပြုသဘော တိုးတက်လာစေတယ်ဆိုတာ လက်တွေ့ တွေ့ကြုံရပါလိမ့်မယ်။ 

( ၅ ) လူသစ်၊ မိတ်ဆွေသစ်များနဲ့ တွေ့ဆုံပါ။ ( Meet New People ) 
ကိုယ်နဲ့ သိပ် ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ နယ်ပယ်သစ်၊ ဒေသသစ်တွေက လူသစ်၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံ ရင်းနှီးအောင် အားထုတ်ပါ။ လူတန်းစားမျိုးစုံ၊ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးကျွမ်းဝင် ခင်မင်လာလေ၊ သင့်အနေနဲ့ လူတွေအကြောင်း၊ လူအမျိုးမျိုးရဲ့ ဓလေ့စရိုက်တွေအကြောင်း ပိုမို သိရှိနားလည် ဆက်ဆံတတ်လာလေလေ ဖြစ်ပြီး Personality လည်း ပိုမို တိုးတက်ကောင်းမွန်လာလေလေ ဖြစ်ပါတယ်။ 

( ၆ ) ကိုယ်ပိုင်ဖြစ်ပါစေ။ ( Be Yourself ) 
ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ သွားပုံလာပုံကအစ တတ်နိုင်သလောက် အခြားသူတွေရဲ့ စတိုင်လ်ကို ပုံစံတူ အတုခိုးတာထက် မိမိကိုယ်ပိုင်စတိုလ်ဖြစ်အောင် အားထုတ်ပါ။ မိမိရဲ့ အခြားသူတွေနဲ့ မတူညီတဲ့အရာ ( Uniqueness ) တွေဟာ မိမိအပေါ် အခြားသူတွေရဲ့ စိတ်ဝင်စားမှု အာရုံစိုက်မှုတို့ကို များစွာ ဖြစ်ထွန်းစေပါတယ်။ 

( ၇ ) နှစ်လိုဖွယ်အသွင်အပြင်နဲ့ အပြုသဘောဆောင်တဲ့ စိတ်ထားရှိပါစေ။ ( Have a positive outlook and attitude ) 
အဆိုးမြင်မှုတွေ များနေတဲ့သူ၊ ပြစ်တင်ဝေဖန်မှုတွေ တတွတ်တွတ် ရွတ်နေတတ်တဲ့သူ၊ အကောင်းတစ်ခုမှ မပြောတတ်တဲ့သူ အနားမှာ ဘယ်လိုလူမျိုးတွေကမှ ဝန်းရံနေချင်ကြမှာ မဟုတ်ပါဘူး။ အဲသလိုလူမျိုးတွေ လာနေတာကို မြင်တာနဲ့ အားလုံး တချိုးတည်း လစ်ကုန်ကြမှာပါပဲ။ လူတွေအပေါ်မှာ တတ်နိုင်သမျှ အကောင်းမြင်၊ သနားကြင်နာပြီး နွေးနွေးထွေးထွေး ပြုံးပြလိုက်တဲ့ အပြုံးလေးတစ်ချက်ဟာ သင့်ရဲ့ Personality ကို များစွာတက်စေတယ်ဆိုတာ လေးလေးနက်နက် ယုံကြည်စေချင်ပါတယ်။ တတ်နိုင်သမျှ သူတစ်ပါးတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်၊ မပြည့်စုံချက်တွေကို မကဲ့ရဲ့မိပါစေနဲ့။ အဲ့ဒီအစား ကူညီကြခြင်းအားဖြင့် ကိုယ့်ရဲ့ Personality ကို များစွာ တိုးတက်လာစေနိုင်ပါတယ်။ 

( ၈ ) ပျော်ပျော်နေပါ။ တတ်နိုင်သလောက် ဘဝကို ပျော်ရွှင်စွာ ရှုမြင်ပါ။ ( Be fun and see the humorous side of life ) 
အမြဲတမ်းပြုံးနေတတ်တဲ့သူ၊ ပျော်ပျော်နေတတ်တဲ့သူ၊ ဖြစ်လာသမျှ အဖြစ်အပျက် အခြေအနေတွေကို ဟာသဉာဏ်နဲ့ ပျော်ရွှင်စွာ ရှုမြင်တတ်လေ့ရှိသူတွေအနားမှာ လူတွေ ဝိုင်းဝိုင်းလည်နေလေ့ ရှိပါတယ်။ အထူးသဖြင့် ယနေ့ခေတ်လို တင်းမာမှုတွေ၊ အခက်အခဲတွေ၊ ယှဉ်ပြိုင်မှုတွေများပြား ပြင်းထန်လှတဲ့ လုပ်ငန်းခွင်တွေ ပတ်ဝန်းကျင် အခြေအနေတွေမှာ ပျော်ရွှင်စွာ ဟာသဉာဏ်နဲ့ ရှုမြင်တတ်မှုက လူအများကြားမှာ သင့်ရဲ့ Personality ကို ထူးခြားထင်ရှားစေမှာ ဧကန်မုချပါပဲ။ 

( ၉ ) လူတွေကို ကူညီပါ။ ( Be supportive of others ) 
လူတွေကို သူတို့ ဒုက္ခရောက်နေချိန်မှာ အမှန်တကယ် အကူအညီ လိုအပ်နေတဲ့အချိန်မှာ ကူညီဖေးမပေးတာဟာလည်း သင့်ရဲ့ Personality ကို များစွာ တိုးတက်လာစေနိုင်ပါတယ်။ အထူးသဖြင့် အခြားသူတွေအပေါ် ကူညီဖေးမတတ်သူ၊ အနစ်နာခံ ကူညီစောင့်ရှောက် ဆောင်ရွက်ပေးတတ်တဲ့ သူတွေအပေါ် လူအများက နှစ်လိုလက်ခံ ကိုးစားကြလေ့ ရှိပါတယ်။ တစ်ခါတလေ အခြားသူတွေရဲ့ လိုအပ်ချက်တွေကို ကူညီလက်ခံ ဖြည့်ဆည်းဆောင်ရွက်ပေးကြရင်းနဲ့ မိမိတို့ရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေလည်း အလိုအလျောက် ပြည့်စုံအောင်မြင်လာတာကို ထူးဆန်းစွာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ 

( ၁၀ ) ပူးပေါင်းဆောင်ရွက်ပါ။ လူတွေကို လေးစားစွာ ဆက်ဆံဆောင်ရွက်ပါ။ ( Have integrity and treat people with respect ) 
တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်တတ်တဲ့ အကျင့်ထက် တတ်နိုင်သလောက် အသင်းအဖွဲ့နဲ့ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ပါ။ ကိုယ့်ကို လူအများက လေးစားစေချင်သလို၊ ကိုယ်ကလည်း အခြားသူတွေကို လေးစားစွာဆက်ဆံပါ။ အပြန်အလှန်လေးစားမှု ( Mutual Respect ) ဆိုတာဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ များစွာအရေးပါတယ် ဆိုတာကို သတိပြုပါ။ လူအများကိုလည်း လေးစားပါ။ ကိုယ့်ကိုယ်ကိုလည်း လေးစားပါ။ ဒါဆိုရင် Personality တိုးတက်လာပါလိမ့်မယ်။ 

Ref; 10 ways to improve your personality
www.essentiallifeskills.net 

။    ။ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာကို စာရေးဆရာ လင်းသိုက်ညွန့် ( မြန်မာ့မြေ ) ရဲ့ 'အောင်မြင်ခြင်းလက်ဆောင်' ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်နော်။ တကယ်လို့ အဲ့ဒီစာအုပ်ကို စိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီခင်ဗျ။ 

စာချစ်သူများအတွက် အမြဲတမ်းရှိမယ့် ဝန်ဇင်း ... ။ 

Related Posts