အချိန်ကို ဘယ်လို အသုံးချရမှန်းမသိ ဖြစ်နေရင် ဒီစာကို ဖတ်ပါ! [ Motivation Article ]


‘ပြန်မရနိုင်တော့သည့် အချိန်’

သားငယ်
အချိန်ကို သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ဟာ ဘဝပဲလေ။ အချိန်တွေ ကုန်နေတာနဲ့အမျှ သားငယ်ရဲ့ ဘဝသက်တမ်းဟာလည်း ကုန်ဆုံးနေတယ်။ တစ်နည်းအားဖြင့် ဆိုရရင် အချိန်ဟာ အသက်ပဲပေါ့။ ဒီတော့ သားငယ်ဟာ အသက်ကို တန်ဖိုးထားသလို အချိန်ကိုလည်း တန်ဖိုးထားရမယ်လေ။

တနင်္ဂနွေ၊ တနင်္လာတွေဟာ ဘယ်လောက်ပဲ ကုန်သွား ကုန်သွား နောက်ထပ် လာနေမှာပဲ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွေဟာလည်း ဒီလိုပါပဲလေ။ ဘယ်လောက်ပဲ ကုန်သွားပါစေ နောက်ထပ် ပြန်လာနေကြမှာပဲ။ ဒါပေမဲ့ သားငယ် အခု ရောက်ဆဲ သက္ကရာဇ်ကတော့ ကုန်သွားပြီဆိုရင် သားငယ်ဆီကို နောက်ထပ် ပြန်လာတော့မှာ မဟုတ်ဘူး။

ပြန်ပြန်လာနေတတ်တာတွေကို တွေ့ရလို့ အချိန်ဆိုတာ ထပ်ထပ်လာနေတာပဲ။ အခု ကုန်သွားလည်း ဘာအရေးလဲလို့ သားငယ် ပေါ့ပေါ့ သဘောထားမိမယ်။ တကယ်တော့ ခုနှစ် သက္ကရာဇ်လိုပါပဲ သားငယ်။ လွန်သွားရင် ပြန်မလာတော့ပါဘူး။ ပြီးတော့ တရိပ်ရိပ်နဲ့ ကုန်ဆုံး နေတတ်တဲ့ အရာပဲသားရဲ့။ မျက်မှောက်မှာ အကြာကြီး မနေဘူးနော်။

ဒီတော့ အမှတ်မဲ့နဲ့ အကျိုးမရှိ ပြုလုပ်လိုက်မိတဲ့ အချိန်တွေဟာ သားဆီကို ပြန်မလာတော့ဘူး။ နောင်တရလို့ ပြန်ပြီး အကျိုးရှိအောင် လုပ်လို့လည်း မရတော့ဘူး။ အဲဒီအချိန်တွေနဲ့အတူ သားရဲ့ ဘဝအစိတ်အပိုင်းဟာလည်း အလကား အကျိုးမဲ့ ဖြစ်သွားရပြီ။

အဲဒါကြောင့်မို့ အချိန်ကို သုံးစွဲတာဟာ အရေးကြီးလှပါတယ်လို့ သားငယ်ကို အဘပြောချင်တာပဲ။ သားငယ် အချိန်ကို အကွက်ချပြီး သုံးစမ်းပါ။ မလာသေးတဲ့ အနာဂတ်ဆိုတဲ့ အချိန်ဟာ မကြာခင် သားဆီ လာတော့မှာမို့ အဲဒီအချိန်တွေကို သားပိုင်ပါတယ်။ အဲ … ပိုင်တယ် ဆိုတာက ‘လာရင် ငါ ဘယ်လိုသုံးလိုက်မယ်’လို့ ဆုံးဖြတ်ထားနိုင်တာကို ပြောတာပါ။

ကြိုတင် အကွက်ချပြီး စီစဉ်ထားရမယ်။ သို့မဟုတ်ရင် အနာဂတ်ကာလ အချိန်တွေလည်း လာရော သားငယ်ဟာ အပြင်အဆင်မရှိ အငိုက်မိသွားမှာပေါ့။ ကျောင်းမှာ နေတုန်းက သင်ခန်းစာတွေကို အချိန်ဇယားနဲ့ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းကလည်း ထွက်ရော လူတွေဟာ အချိန်ဇယား စနစ်ကို ပစ်ပယ်လိုက်ကြပြီး ကြုံတာကို ကြုံသလို လုပ်နေကြတယ်။ အဲဒါကြောင့်  မအောင်မြင်တဲ့ လူတွေက များနေတယ်။ မအောင်မြင်ရုံတင် မကဘူး ဘဝမှာ ပျော်ရွှင်မှုကိုပါ ဆုံးရှုံး ခဲ့ကြရတယ်။ အသင့် ပြင်ဆင်ထားမှု မရှိရင် ဒီလိုပဲနေမှာပဲ။

သားငယ်၊ အနာဂတ်က လာနေတဲ့ အချိန်ဟာ ကိုယ့်မျက်မှောက်ကို ရောက်လာရင် ဘယ်လို သုံးစွဲမယ်၊ ဘာပြီး ဘာလုပ်မယ် ဆိုတာတွေကို ကြိုတင် စီစဉ်ပြီး အကွက်ချထားပါ။ ဒါကို အင်္ဂလိပ်လို Organizing the Time လို့ ခေါ်တယ်။ အချိန်ကို စနစ်တကျ သုံးတာပေါ့။

ဒီတော့ သားငယ် လုပ်စရာရှိတဲ့ အလုပ်တွေ၊ ပြီးမြောက်သွားစေချင်တဲ့ အလုပ်တွေ အဲဒါတွေကို ဘယ်အလုပ်ဟာ အချိန် ဘယ်လောက်ကုန်မယ်။ ဘယ်အလုပ်ကိုဖြင့် နက်ဖြန်မှာ ဘယ်အချိန်လောက်ကြာအောင် လုပ်မယ် စသည်ဖြင့် အလုပ်နဲ့ အချိန်နဲ့ ဝေပုံချ ပေးရမယ်။ သားငယ်တို့က လူငယ်တွေဆိုတော့ အပျော်အပါးလည်း ရှိဦးမှာပေါ့။ ဒီတော့ အပျော်အပါး ကိစ္စကိုလည်း လုပ်ငန်းတစ်ခုလို သဘောထားပြီး အချိန်ဇယားထဲမှာ တစ်ကွက် တစ်နေရာစာ ပေးရမှာပေါ့။

အဘတို့ကတော့ အသက်ကြီးပြီဆိုတော့ အချိန်နဲ့အမျှ လုပ်ရမယ့် လုပ်ငန်းတွေက ငွေ ရမယ့်ကိစ္စ၊ ပညာ ရမယ့်ကိစ္စ၊ ကုသိုလ် ရမယ့်ကိစ္စ၊ ကျန်းမာမှု ရမယ့်ကိစ္စရယ်လို့ လေးမျိုးလေးစားပဲ ပိုင်းခြားပြီး အချိန်ကို ဝေပုံချပါတယ်။

အချိန်ဇယား ဆွဲတဲ့နေရာမှာ အမှန်းအဆ သဘောမျိုးတေးထား လျာထားတဲ့ သဘောမျိုးသာ ဆောင်ပါစေနော်။ ဥပဒေကြီး တစ်ရပ်လို မပျက်မကွက် လုပ်ဆောင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်သဘောတွေ မပါပါစေနဲ့။ စိတ်ကျဉ်းကျပ်ပြီး စီမံချက် ပျက်သွားလိမ့်မယ်။

အမှန်းအဆ လျာထားတဲ့ သဘောနဲ့ လုပ်ငန်းအလိုက် အချိန်ကို ဝေပုံချရမယ်။ အဲဒီလို ဝေပုံချရာမှာလည်း အရာရာကို အရှင်ထားပါ။ တကယ်လို့များ မမျှော်လင့်ဘဲ အကြောင်းကိစ္စ တစ်ခုခုကြောင့် မူလက လုပ်မယ်လို့ လျာထားတဲ့ အလုပ်ပျက်သွားရင် နောင်တစ်ချိန်မှာ အစားဝင်နိုင်ဖို့ကိုလည်း ချောင်ချောင်ချိချိထားပါ။ ဒီလိုကြိုတင်ပြီး လျာထားမယ်ဆိုရင် အနာဂတ်က လာမယ့်အချိန်တွေအတွက် ပြောစရာ ပြီးစီးပါပြီ။
ကဲ … အခုလက်ထဲ ရောက်လာတဲ့ အချိန်တွေအကြောင်းကို ပြောပြမယ်။

စောစောက ပြောခဲ့သလို အချိန်တွေဟာ သားငယ်ရဲ့ လက်ထဲကို တရိပ်ရိပ်နဲ့ အဆက်မပြတ် ရောက်ရှိလာနေတယ်။ ဒီလို ရောက်လာတဲ့ အချိန်တွေကို သားငယ်ဟာလည်း ကြိုတင် ပြင်ဆင် ဝေပုံချထားတဲ့အတိုင်း လုပ်ငန်းတွေကို လုပ်ပြီး အချိန်တွေကို သုံးနေတယ်။ ဒါပေမဲ့ ကြိုတင် မမျှော်မှန်းနိုင်တဲ့ ကိစ္စကြောင့် မူလက ရည်မှန်းထားတဲ့ လုပ်ငန်း ပျက်တတ်သလို လုပ်ငန်းတစ်ခု ဟာလည်း မူလက လျာထားတာထက် စောပြီး ပြီးစီးသွားတတ်လို့ အချိန်တွေ ပိုထွက်လာတတ် ပါတယ်။

ပျက်သွားတဲ့ လုပ်ငန်းကို နောင်တစ်ချိန်မှာ ပြန်လုပ်နိုင်ဖို့ စောစောကတည်းက အချိန်လေး လျာထားမယ်လို့ အဘပြောခဲ့ပြီနော်။ အဲဒီအချိန် ရောက်လာရင် ကောက်လုပ်လိုက်ရုံပဲပေါ့။ ဒါပေမဲ့ ပိုထွက်လာတဲ့ အချိန်တွေအတွက် လုပ်စရာ အလုပ်မရှိဘူးဆိုရင် အိရော အိရော လုပ်ပြီး အချိန်တွေကို လက်လွှတ်ပစ်လိုက်တော့မှာလား။ ဒီအချိန်တွေဟာ သားငယ်ဆီကို နောက်တစ်ခေါက် ပြန်လာတော့မှာ မဟုတ်လို့ ဘယ်လောက် နှမြောစရာ ကောင်းသလဲ။ အဖိုးတန်ရတနာ ကျပျောက်သလို ရှိတော့မှာပေါ့ သားငယ်။

ဒီတော့ မမျှော်လင့်ဘဲ ပိုထွက်လာမယ့် အချိန်ကလေးတွေအတွက် စောစောကတည်းက တိုလီမိုလီ လုပ်ငန်းကလေးတွေကို စာရင်းကောက် ပြုစုထားရမယ်။ ဥပမာ ရပြီးသား စာသို့မဟုတ် ကျက်နေဆဲဖြစ်တဲ့ စာ အဲဒါကို ပြန်အံမယ် ဆိုတာမျိုး၊ မှတ်စုထားတတ်တယ် ဆိုရင်လည်း အရင်က ရေးမှတ်ထားခဲ့တာကို ပြန်ဖတ်တာမျိုး။ နောက်ပြီး ဒီလို ပိုထွက်လာမယ့် အချိန်တွေ ရှိရင် လုပ်မယ်လို့ တမင် ပိုင်းဖြတ်ထားတဲ့ အလုပ်မျိုး။ ဒါတွေကို လုပ်ပစ်လိုက်ရမယ်။ မဂ္ဂဇင်းတွေမှာ ဖြည့်စာလိုက်သလိုပေါ့ကွယ်။

သားငယ်၊ ကိုယ့်လုပ်ငန်းတွေ မှန်သမျှ ကျောင်းစာက စပြီး အိမ်မှုကိစ္စ အလယ်၊ အပျော်အပါးကိစ္စ အဆုံး အားလုံးသော လုပ်ငန်းတွေကို ဘယ်အလုပ်ဟာ အချိန်ဘယ်လောက် ကုန်တယ် ဆိုတာကို သိထားပါစေနော်။ အားကစားသမားတွေလို ‘စတော့ပ်ဝပ်ခ်ျ’နဲ့ အချိန်ကိုက်ထား။

ဒါမှ အချိန်ပိုကလေး ထွက်လာတာ ဘယ်နှမိနစ်လဲ၊ ဒါဆို ဘာလုပ်ငန်းကို လုပ်ရမယ်လို့ ချပ်ခနဲ သိမှာပေါ့။ ဒါလည်း မဂ္ဂဇင်းတွေမှာ နေရာပိုတဲ့ ကွက်လပ်ရဲ့ အကျယ်အဝန်းနဲ့ ဖြည့်စာကို ရှာထည့်တာမျိုးလေ။

အချိန်နဲ့ ပတ်သက်လာရင် သတိထားနော် သားငယ်။ လူ တွေဟာ အချိန်ကို အထင်သေးတတ်ကြတယ်။ စောစောက ပြောသလို ပိုထွက်လာတဲ့ အချိန်ဖြစ်စေ၊ လုပ်ငန်း တစ်ခုနဲ့ တစ်ခုအပြောင်းမှာ လိုရမယ်ရ လှပ်ချန်ထားခဲ့တဲ့ အချိန် ဖြစ်စေ အဲဒီအချိန်ဟာ ငါးမိနစ်လောက်ဖြစ်နေရင် လူဟာ အထင်သေးလာရော။ ငါးမိနစ်နဲ့ ဘာမှ လုပ်မဖြစ်ပါဘူး ဆိုပြီး အဲဒီငါးမိနစ်ကို လက်လွှတ် ကုန်ဆုံးစေလိုက်တတ်ကြတယ်။

အဘဟာ မကြာသေးခင်က ဂျပန်ကျောင်းသားလေးတွေအတွက် ဂျပန်လို ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရတယ်။ ကျောင်းသားလေးတစ်ဦး ရေးသလို တင်ပြထားတယ်။

သူ့မှာ သဲနာရီ ရှိတယ်တဲ့။ သဲနာရီဆိုတာ သားငယ် သိလား။ ဖန်ပေါင်းချောင်လိုဟာမျိုး နှစ်ခုကို အပေါ်က တစ်ခုနဲ့ အောက်က တစ်ခု ထိပ်ချင်းဆက်ထားတယ်။ အဲဒီ ထိပ်ချင်းဆက်မိတဲ့ နေရာမှာ အပေါက်ရှိတယ်။  ဒါကို ဘေးက သစ်သားတိုင် သုံးခုနဲ့ လဲမကျအောင် ဖမ်းထားတယ်။ ပြီးတော့ ထိပ်နဲ့အောက်ဘက်မှာ ပျဉ်ပြား တစ်ချပ်စီနဲ့ ပိတ်ထားတယ်။  ဖန်ပေါင်းချောင်ကို ဘေးကကြည့်ရင် အင်္ဂလိပ်ဂဏန်း ‘8 ’နဲ့ တူတာပေါ့။ အပေါ်က ပေါင်းချောင်ထဲမှာ သဲထည့်ထားတယ်။ ဒီသဲတွေဟာ အောက်က ပေါင်းချောင်ထဲကို တစိမ့်စိမ့် ကျနေတယ်။  အဲဒါအပေါ်က သဲအားလုံး အောက်ကို ရောက်ရင် ပက်လက်လှန် စပြန်ထောင်ပေးရတယ်။ သဲပြည့်တဲ့ ပေါင်းချောင်က အပေါ် ပြန်ရောက်သွားတော့တာပေါ့။ အဲဒါ သဲတွေ ပေါင်းချောင် တစ်ခုက အကုန်ဆင်းမိရင် အဲဒါ ငါးမိနစ်ပဲတဲ့။

ကျောင်းသားဟာ အဲဒီ သဲနာရီနဲ့ စာတွေကျက်၊ စာတွေဖတ်ကြည့်တာ ငါးမိနစ် ဆိုတာ တော်တော်ကြာတဲ့ အချိန်ပဲဆိုတာ သူ သိလာတယ်။  ငါးမိနစ်အတွင်းမှာ အလုပ် တော်တော် ပြီးတာတွေကို သူ တွေ့ရတယ်တဲ့။ ဒီတော့ သားငယ်ဟာလည်း ငါးမိနစ်ဆိုတဲ့ အချိန်ကို အထင်မသေးပါနဲ့။  ထိုက်ထိုက်လျောက်လျောက် လုပ်ငန်းတွေ ပြီးစီးနိုင်ပါတယ်။ သမာဓိ ထူထောင်တာမျိုး ဆိုရင်  ငါးမိနစ်လောက် သမာဓိ ရရင်တောင် လူတွင်ကျယ် ဖြစ်ပါတယ် သားငယ်။

အဲ … အချိန်ကို အထင်သေးတတ်သလို လူတွေဟာ အချိန်ကို အထင်မကြီး သင့်ဘဲလည်း အထင်ကြီးတတ်ကြတယ်။  အချိန်ကြာကြာ လုပ်ရမယ့် အလုပ်ဆိုရင် လုပ်ရမှာ ကြောက်လာကြတယ်။ စိတ်မရှည်ချင်ကြဘူး။

ဒီတော့ သားငယ်၊  အချိန်ကို အထင်မသေးသင့်သလို အချိန်ကို ကြောက်နေဖို့လည်း မလိုပါဘူး။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲလို့ အားတင်းထားစမ်းပါ။

-	သက်လုံ   -

။	။ အခု ဖော်ပြလိုက်တဲ့ အချိန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးကို စာရေးဆရာကြီး သက်လုံရဲ့ ‘သားငယ်ရွယ်လူး သိစေဦး ( ၃ )’ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ စာချစ်သူတို့လည်း ဆရာသက်လုံရဲ့ စာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ် အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီနော်။ 

အကျိုးရှိတဲ့ စာတွေဖတ်ဖို့ ဝန်ဇင်း App ကို သုံးကြစို့ … ။ 

Related Posts