စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 6]


“သင်္ကြန်တွင်းမှာ အချိန်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ”

ဝန်ဇင်းပရိသတ်တို့ရေ … 
သင်္ကြန်ကျဖို့ရာ အလွန်ပဲနီးကပ်လာပြီခင်ဗျ။ လာမယ့် သောကြာနေ့ ( သန်ဘက်ခါ ) ဆိုရင် သင်္ကြန်အကြိုနေ့ကို စတင်ရောက်ရှိလာပါပြီ။ နောက်တစ်ပတ် တနင်္လာနေ့အထိ လေးရက်တာ သင်္ကြန်တွင်းကာလမှာ ဝန်ဇင်းပရိသတ်တွေထဲက အပြင်ကိုထွက် လည်ပတ်မယ့်သူတွေရှိသလို အိမ်တွင်းအောင်း ငြိမ်ကုပ်နေမယ့်သူတွေလည်း ရှိနေမှာ မဟုတ်လားဗျ။ အများအားဖြင့် သင်္ကြန်တွင်း အိမ်တွင်းပုန်းတဲ့အခါ အချိန်တွေက ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုမဖြစ်ရအောင် သင်္ကြန်တွင်း အပြင်ထွက်မကဲမယ့်သူတွေအတွက် သင်္ကြန်လေးရက်အပါအဝင် ရုံးပိတ်ရက်တွေအတွင်း အားလပ်ရက်အချိန်တွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတာ အောက်ပါအတိုင်း ကိုတတ်ပကြီးလုပ်ပြီး လက်တို့အသိပေးလိုက်ရပါတယ်ခင်ဗျ။

၁။ မဖတ်ရသေးတဲ့စာအုပ်တွေ ဖတ်ပါ
သင်္ကြန်ရုံးပိတ်ရက်အတွင်း ရထားတဲ့ အားလပ်ချိန်တွေကို စာအုပ်တွေဖတ်ရင်း ဖြတ်သန်းလိုက်ပါ။ စာအုပ်အသစ်တွေ ဖတ်ရှုတာမဟုတ်ဘဲ ကိုယ့်မှာ ရှိပြီးသား ဖတ်စရာ စာကြွေးတွေထဲက မဖတ်ရသေးတဲ့စာအုပ်တွေကို ဖတ်ရှုပါ။ ဒီ့အပြင် ဒီတစ်နှစ်အတွက် ကိုယ်ဖတ်မယ့် စာအုပ်စာရင်း မပြုစုရသေးဘူးဆိုရင်လည်း fb ပေါ်တက်၊ စာအုပ်ဂရုနဲ့ ပေ့ခ်ျတွေကို လိုက်မွှေပြီး ကိုယ်ဖတ်ချင်လောက်မယ့် စာအုပ်တွေကို အေးအေးဆေးဆေး ရှာဖွေတာတွေ လုပ်ဆောင်လိုက်ပါ။
၂။ မလုပ်ဖူးတာတွေ လုပ်ကြည့်ပါ
ဒီလို ရုံးပိတ်ရက်တွေမှာ ကိုယ်နေ့စဉ် လုပ်နေကြအလုပ်တွေထဲကနေပဲ တစ်ခါမှ မလုပ်ဖူးသေးတာတွေကို အတည်ပဲဖြစ်ဖြစ်၊ အပျော်ပဲဖြစ်ဖြစ် လုပ်ကြည့်ဖို့ ကြိုးစားပါ။ ဥပမာ - ကိုယ်က ဟင်းချက်လေ့မရှိဘူးဆိုရင် မီးဖိုချောင်ဝင်ပြီး စိတ်ကူးပေါက်ရာ ဟင်းတစ်မျိုးချက်တာ၊ တစ်နေကုန် မျက်နှာမသစ်၊ သွားမတိုက်ဘဲ အစားစုံစားတာ၊ ရေချိုးခြင်းမရှိဘဲ အဝတ်အစားသစ်တွေ ချဝတ်ပစ်တာ၊ စားချင်ရာစားပြီး ဝမ်းနှုတ်ဆေးသောက်တာ … စတဲ့ နေ့စဉ်အလုပ်တွေထဲက ခပ်ကြောင်ကြောင်နိုင်မယ့် အလုပ်တွေ စမ်းသပ်လုပ်ကြည့်ပါ။  သင်္ကြန်တွင်း ပျင်းရမှာ မဟုတ်ဘဲ တစ်ခုခုတော့ ထူးသွားပါလိမ့်မယ်၊ ထူးရင်ထူး မထူးရင်လည်း အရူးလို့ အိမ်ကလူတွေ စနောက်မှာမို့ သင်္ကြန်တွင်း မပျင်းရတော့ပါဘူး။
၃။ ဟာသရုပ်ရှင်ကိုသာကြည့်ပါ
သင်္ကြန်သီချင်းသံတွေအကြား ဟိုလူ့လွမ်းရမလိုလို၊ ဒီလူ့ဆွေးရမလိုလို၊ EX ကိုပဲ ဖုန်းဆက်ရမလိုလို၊ Crush ကိုပဲဖွင့်ပြောရမလိုလိုတွေ လုပ်မနေပါနဲ့။ တစ်နေကုန် ဟာသကားတွေပဲ ထိုင်ကြည့်ပါ။ ပါးစပ်ပိတ်မရအောင် ရယ်ရပါတယ်ဆိုတဲ့ ဟာသကားကိုသာ ကြည့်ပါ။ တစ်ချိန်လုံး ရယ်နေရင်း ဘာမှမစဉ်းစားမိတဲ့အခါ ဘာမှ စိတ်ညစ်စရာမလိုတော့ပါဘူး၊ ဒါ့အပြင် ဘာမှလည်း လွမ်းနေစရာမလိုတာ့ဘူးပေါ့ဗျာ။ ရုပ်ရှင်ဇာတ်ကားရောင်းတဲ့ ဆိုင်တွေကလည်း promotion တွေ ပေးနေတာမို့ ဟာသဇာတ်လမ်းတွေ မဝယ်ရသေးရင် ခုပဲ သွားဝယ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
၎။ ကိုယ်သိတဲ့လူတွေစာရင်းချရေးပါ
ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ သိခဲ့၊ ရင်းနှီးခဲ့တဲ့ လူတွေ၊ ဆွေမျိုး၊ သူငယ်ချင်း၊ ဆရာမတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ခဏတဖြုတ်ပဲ တွေ့လိုက်ရတဲ့သူတွေအပါအဝင် ကိုယ်ကြားဖူးတဲ့ လူတွေရဲ့ နာမည်တွေကို စာရွက်အလွတ်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ “ဘယ်နှစ်ဦးမရမချင်း ထိုင်ရာကမထ” ဆိုတဲ့ challenge လုပ်ပြီး စာရင်းလုပ်ကြည့်ပါ။ ကိုယ်သိခဲ့တဲ့လူတွေကို သေသေချာချာ ပြန်စဉ်းစားရတဲ့အလုပ်ဟာ အတော်ကို စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါလိမ့်မယ်။
၅။ နေ့နဲ့ညကို ပြောင်းပြန်လှန်လိုက်ပါ
ဟုတ်ပါတယ်ဗျာ၊ နေ့နဲ့ညကို ပြောင်းပြန်လှန်လိုက်ပါ။ တစ်နေကုန် အိပ်ပါ၊ ညဘက်မှာ အိပ်ပျော်သလိုမျိုး နေ့ဘက်မှာ အိပ်ပျော်သွားအောင် အိပ်ဖို့ ကြိုးစားကြည့်ပါ။ နေ့ဘက်မှာ အိပ်ပြီးတော့ နေ့ဘက်လုပ်ရတဲ့ အလုပ်တွေကို ညဘက်မှာ လုပ်ကြည့်ပါ။ သာမန်လူတစ်ယောက်အနေနဲ့ နေ့နဲ့ညကို ပြောင်းနိုင်မပြောင်းနိုင်ဆိုတာ စိတ်ဝင်စား တွေ့ရှိရပါလိမ့်မယ်။ ကျန်းမာရေး ထိလွယ်ရှလွယ်သူတွေအဖို့ ဒီနည်းလမ်းကို မလုပ်ဖို့တော့ မေတ္တာရပ်ခံပါရစေ။
၆။ တစ်နေကုန် ဘာမှမလုပ်ဘဲနေပါ
ဒီအလုပ်ကတော့ တော်တော်ခက်တဲ့အလုပ်ပါပဲ။ ဘာမှမလုပ်ရဆိုရာမှာ အပေါ့အလေးသွား၊ မနက်စာညစာ စားသောက်တာကလွဲလို့ ကျန်တာဘာမှမလုပ်ရပါဘူး။ မျက်နှာမသစ်၊ သွားမတိုက်ရသလို ရေလည်းမချိုးရဘဲ ရုပ်ရှင်လည်းမကြည့်၊ စာလည်းမဖတ်၊ မလုပ်မဖြစ်ကလွဲလို့ ကျန်တာ ဘာမှမလုပ်ဘဲ တစ်နေ့တာကို ဖြတ်သန်းကြည့်ပါ။ နေ့စဉ်၊ နိစ္စဓူဝအလုပ်တွေကို မလုပ်ဘဲနေတဲ့အခါ မရိုးမရွဖြစ်ပြီး နေရထိုင်ရခက်တဲ့ စိတ်အခြေအနေကို စိတ်ဝင်တစား မြင်တွေ့ရပါလိမ့်မယ်။ 
၅။ လက်ရှိရောက်နေတဲ့အခြေအနေကို ဆန်းစစ်ပါ
ပညာသင်နေတာဖြစ်ဖြစ်၊ လုပ်ငန်းခွင်ဝင်နေတာဖြစ်ဖြစ် မိမိ လက်ရှိရောက်နေတဲ့ အသက်အရွယ်နဲ့ တတ်ထားသင့်တဲ့ အရည်အချင်း၊ အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ထားမှု အခြေအနေတွေကို ဆန်းစစ်လေ့လာပါ။ မိမိလက်ရှိရပ်တည်နေတဲ့ ဘဝလမ်းကြောင်းရဲ့ အမှားအမှန်နဲ့ လိုအပ်ချက်တွေကို အဖြေရှာပြီး ရှေ့ဆက်လုပ်ဆောင်သင့်တာတွေကို အစီအစဉ်ဆွဲဖို့ မမေ့ပါနဲ့။ အားလပ်ရက်ရှည် ရထားချိန်မှာ ဒီကိစ္စကိုတော့ အတည်သဘောမျိုးနဲ့ အေးအေးဆေးဆေး စဉ်းစားချင့်ချိန်သင့်ပါတယ်။
၆။ ဘာသာစကားအသစ်သင်ဖို့ရည်ရွယ်ပါ
ဒီလိုနှစ်သစ်မှာ ကိုယ်တတ်မြောက်ထားတဲ့ ဘာသာစကားအပြင် ကမ္ဘာပေါ်မှာ အသုံးဝင်တဲ့ ဘာသာစကားတွေထဲက တစ်မျိုးမျိုးကို တတ်မြောက်အောင်သင်ဖို့ အစီအစဉ်ဆွဲပါ။ ယနေ့ခေတ်ကာလမှာ ဘာသာစကား တစ်မျိုးထက်ပိုပြီး တတ်မြောက်ထားတဲ့သူအတွက် အလုပ်အကိုင် အခွင့်အလမ်း မရှားပါးသလို အသုံးဝင်တဲ့ ဘာသာစကားတတ်ကျွမ်းထားမှုဟာလည်း အတော်ကို အရေးပါနေပါတယ်။ မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကား တစ်မျိုးမျိုး တတ်မြောက်ထားမှုဟာ ကိုယ့်အတွက် အရှုံးမရှိတဲ့အတွက် ဒီအစီအစဉ်ကို ဒီနှစ်မှာ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ပါ။ 
၇။ ပိတ်ရက်အတွင်းမှာ စိတ်ကိုဖြေလျှော့ထားပါ
မိသားစု၊ အလုပ်၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာတွေမတွေးပါနဲ့။ ပိတ်ရက်ရှည်ထဲမှာ စိတ်ကို အတတ်နိုင်ဆုံးဖြေလျှော့ထားပါ။ နေ့တိုင်း ပြုံးပါ။ စိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မှုရအောင် စိတ်ညစ်စရာတွေ အဖြစ်မခံ၊ အတွေးမခံပါနဲ့။ ဒီလိုမှသာ ပိတ်ရက်ပြီးလို့ အလုပ်ပြန်ဝင်တဲ့အခါ၊ ကျောင်းပြန်တတ်တဲ့အခါ ကြည်လင်ရွှင်ပြတဲ့စိတ်နဲ့ အရာရာဟာ လှပနေပါလိမ့်မယ်။
၈။ မနက်တိုင်းလေ့ကျင့်ခန်းလုပ်ပါ
ပိတ်ရက်အတွင်း မနက်စောစောထပြီး လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်ပါ။ လေကောင်းလေသန့်ရဖို့နဲ့ ကိုယ်လက်ထိုင်းမှိုင်းမနေဘဲ လှုပ်ရှားမှု သွက်လက်နေစေဖို့ ရည်ရွယ်ပြီး သွေးပူလေ့ကျင့်ခန်း၊ ယောဂ၊ ထိုက်ချိ ဖြစ်ဖြစ် တစ်ခုခုကို ကြိုးစား ဆော့ကစားကြည့်ပါ။ စိတ်လက်ပေါ့ပါးနေတဲ့ တစ်နေ့တာ ဖြတ်သန်းမှုဟာ စိတ်ချမ်းသာစရာကောင်းပါတယ်။
 
ကဲ … ဒီအချက်တွေမှာ အတည်လုပ်ရမှာတွေရော၊ အပျော်လုပ်ရမှာတွေရော ပါဝင်ပါတယ်။ သင်္ကြန်တွင်း အိမ်တွင်းအောင်းပြီး ပျင်းမနေရအောင်၊ တစ်ခုခုအကျိုးရှိအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေကို အကြံပေးထားတာဖြစ်ပါတယ်။ ဝန်ဇင်းပရိသတ်ကြီးလည်း ဒီထဲက နည်းလမ်းအချို့ကို လုပ်ဆောင်ရင်း သင်္ကြန်တွင်း အိမ်တွင်းအောင်းလို့ရပါပြီခင်ဗျာ။
ဝန်ဇင်းပရိသတ်ကြီး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုဆောင်းမေတ္တာပို့သလိုက်ပါတယ်။ 
 

Related Posts