စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 15]


“ကမ္ဘာ့ထိပ်တန်းဘောလုံးသမား စီရော်နယ်ဒိုပြောတဲ့ ဘဝအောင်မြင်ရေးနည်းလမ်း ( ၁၀ ) ချက်” 

ခရစ္စတီယာနိုရော်နယ်ဒို - သူဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးအားကစားသမားတစ်ယောက်၊ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရီးရဲလ်မက်ထရစ်အသင်းကို ပေါင် သန်း ၈၀ နဲ့ ရွှေ့ပြောင်းခဲ့တဲ့သူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား၊ ငယ်ငယ်လေးကတည်းက နေ့ညအချိန်မရွေး ဘောလုံးကစားခြင်းကိုသာ အဓိက အာရုံစိုက်ခဲ့ပြီး အသက် ၁၆ နှစ်မှာတော့ မန်ချက်စတာအသင်းက ပေါင် ၁၂ သန်းနဲ့ ( အမေရိကန်ဒေါ်လာ ၁၄ သန်းနှင့်အထက် ) ခေါ်ယူခဲ့တယ်၊ ဒါဟာ သမိုင်းမှာ မှတ်တမ်းတင်ခဲ့ရတဲ့ ကြေးအကြီးဆုံး ခေါ်ယူကြေးပါပဲ။ သူဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားတစ်ယောက်အဖြစ်ကို ငယ်စဉ်ကတည်းက နိမိတ်ပြခဲ့တယ်လို့တောင် ဆိုရမှာဖြစ်တယ်။ ၂၀၁၇ ခုနှစ်အထိ သတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ ပိုင်ဆိုင်မှု အသားတင်ဝင်ငွေဟာ ခန့်မှန်းအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ( ၄၀၀ ) ကျော်ရှိတယ်လို့ ဆိုတယ်။
 
ဝန်ဇင်းပရိသတ်ကြီးအတွက် ယခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာ့အကျော်ကြားဆုံးသူတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒို၊ သူရဲ့ အင်တာဗျူးပေါင်းများစွာထဲက အချို့ကို ကောက်နုတ်စုစည်းပြီး “ကမ္ဘာ့ထိပ်တန်းဘောလုံးသမား စီရော်နယ်ဒိုပြောတဲ့ ဘဝအောင်မြင်ရေးနည်းလမ်း ( ၁၀ ) ချက်” အဖြစ် ဖော်ပြပေးသွားမှာပါ။ အဓိကအချက်တွေကို ဆွဲထုတ်ထားပြီး သူ့ရဲ့ အင်တာဗျုးပြောကြားချက်တွေနဲ့ တွဲပေးထားတာမို့ စာဖတ်သူတို့ နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

ကဲ … ရော်နယ်ဒိုပြောတဲ့ အချက်တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင် …

၁။ Just Play – လုပ်စရာရှိတာကို လုပ်ပါတဲ့။ “အစမှာတော့ ကျွန်တော်က သူများကလေးတွေနဲ့မတူဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတစ်ယောက်အဖြစ် ကစားနေလိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့မိဖူးဘူး။ အပျော်သက်သက်ပဲ ဘောလုံးကန်ခဲ့တယ်၊ အဲ့ဒါကို ဒီမှာဟေ့ … ငါမှာ့ အရည်အချင်းရှိတယ်ကွ၊ တစ်နေ့ကျရင် ငါကပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာမှာ လို့တော့ ဘယ်တော့မှ မစဉ်းစားဖူးဘူး။”

၂။ Be Competitive – အမြဲတမ်း ယှဉ်ပြိုင်ကြိုးပမ်းနေပါ။ အခြားအရာကို ယှဉ်ပြိုင်စရာမရှိရင် အနည်းဆုံး ကိုယ့်ကိုယ်ကို ပြန်ပြီး ယှဉ်ပြိုင်နေဖို့လိုပါတယ်တဲ့။ “ကျွန်တော်က အမြဲတမ်း အရာအရာကို ယှဉ်ပြိုင်နေတာပဲ၊ ဘောလုံးကစားပွဲကိုမှ မဟုတ်ဘူး။ အိမ်မှာဆိုလည်း ကျွန်တော့်အစ်မတွေ တူတွေတူမတွေနဲ့၊ ပြီးတော့ အမေနဲ့ရောပဲ၊ ဘယ်ကိစ္စမဆို အနိုင်ရဖို့ ကြိုးစားလေ့ရှိတယ်။ ဒါအကျင့်ကို ပြောင်းလဲမှာတော့ မဟုတ်ဘူး။ ကျွန်တော်က ပျော်ပျော်နေတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော်လုပ်တဲ့အရာတွေကို ကျွန်တော်နှစ်သက်တယ်။ ယှဉ်ပြိုင်ခြင်းဆိုတာကတော့ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။"

၃။ Always Take One New Challenges – စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်းရှာဖွေပြီး ရင်ဆိုင်လိုက်ပါတဲ့။ “အရာရာတိုင်းမှာ အစနဲ့အဆုံးရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီလိုဗျာ … ကျွန်တော် မန်ချက်စတာမှာနေတုန်းက အကောင်းဆုံးလုပ်ခဲ့ပြီးပြီ၊ အားလုံးကိုလည်း နိုင်ခဲ့တယ်။ ဒါကြောင့် စိန်ခေါ်မှုအသစ်တွေကို ကျွန်တော်အမြဲတမ်းရှာတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ မန်ချက်စတာကနေ မက်ဒရစ်အသင်းကို ပြောင်းခဲ့တာပဲ။ အဲ့ဒါဟာ စာချုပ်ကြောင့်မဟုတ်ဘူးနော်။ ကျွန်တော့်ရဲ့ စိန်ခေါ်မှုအသစ်အသစ်တွေကို ရင်ဆိုင်လိုတဲ့ ဆန္ဒကြောင့်ပဲ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ငါဘာတွေလုပ်နိုင်သလဲဆိုတာကို အမြဲတွန်းအားပေးတယ်။”

၎။ Know Your Priorities – ဘာကအရေးကြီးပြီး ဘာကအရေးမကြီးဘူးဆိုတာကို သိရှိနားလည်ထားပါတဲ့။ “ကျွန်တော့်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပထမအချက်ကတော့ ဘောလုံးပဲ။ ဒါ့အပြင် အခြားမရှိဘူး။ ဘောလုံးကစားခြင်းဟာ ကျွန်တော် နှစ်ပေါင်းများစွာ ထိတွေ့ခဲ့တဲ့အရာပဲ။ အခြားအရာတွေလည်း ရှိတာပေါ့၊ ဒါပေမဲ့ ဘောလုံးကတော့ ကျွန်တော် အဓိက အာရုံစိုက်ထားတဲ့အရာပါပဲ၊ အဲ့ဒါက ကျွန်တော် လုပ်ချင်တဲ့အရာပဲလေ။"

၅။ People Will Judge You – လူတွေက သင့်ကို ဝေဖန်အကဲဖြတ်ကြလိမ့်မယ်။ အဲ့ဒီလိုအခြေအနေမှာ သင့်ရဲ့အရည်အချင်းတွေကို မဆုံးရှုံးသွားစေပါနဲ့၊ ပိုပြီးတောက်ပြောင်လာအောင် ကြိုးစားနေပါတဲ့။ “လူအများစုက တကယ်တမ်း ခင်ဗျားကို မသိကြပါဘူး။ သူတို့တကယ်မသိတဲ့အရာတွေနဲ့ ခင်ဗျားကို ဝေဖန်ကြလိမ့်မယ်။ ဒါဟာ ကျွန်တော်မကြိုက်တဲ့အချက်ပဲဗျ၊ ဒါပေမဲ့ ဒီလိုမျိုးတွေကြားထဲမှာ ကျွန်တော် နေနိုင်ရမယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကျင့်စရိုက်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုတော့ မပြောင်းပစ်နိုင်ဘူး။”

၆။ Work Hard – ကြိုးကြိုးစားစားလုပ်ဆောင်ပါ။ “ခင်ဗျားတို့ ကြိုးစားရမယ်၊ ကြိုးစားမှုကို နေ့တိုင်းလုပ်ဆောင်နေရမယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ နှစ်တိုင်းနှစ်တိုင်း ထိပ်ဆုံးမှာရောက်နေတာပါ။ ဒါဟာ ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတဲ့အချက်နဲ့ မဆိုင်ဘူးလို့တော့ထင်တယ်။ ဘာလို့လဲဆိုတော့ ကြိုးစားမှုဆိုတာကို ကျွန်တော်က အပိုဆောင်းလုပ်ဆောင်ချက်အနေနဲ့ ကြိုးစားနေလို့ပါပဲ။ ကျွန်တော့် အသက် ၁၂ တုန်းက လူတွေကပြောတယ်။ ဟာ .. မင်းက သိပ်တော်တဲ့ ပါရမီရှင်လေးပဲ၊ ဒါပေမဲ့ မင်းက ပိန်ပိန်ပါးပါးနဲ့ ဆိုတော့ကွာ တဲ့။ အဲ့ဒါပြီးတော့ ကျွန်တော့်ဟာ ခန္ဓာကိုယ်ကို ပြောင်းလဲပစ်လို့ရတယ်ဆိုတာမျိုး စဉ်းစားမိတယ်၊ gym သွားပြီးဆော့မလား၊ လုပ်လို့ရတာပဲ။ ဒါကြောင့် ကျွန်တော် ကြိုးစားပြီးတော့ပြောင်းလဲတယ်၊ နောက်ဆုံး ခုလိုခန္ဓာကိုယ်မျိုးရလာပေါ့။ ကျွန်တော် အရင်ပုံစံကြီးအတိုင်းတော့မသွားချင်ဘူးလေ၊ ကြိုးစားမှုက ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ပါတယ်။ ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းဆိုတာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။”

၇။ Believe You Are The Best – မိမိဟာ အကောင်းဆုံးလူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်ထားပါတဲ့။ 
“ကျွန်တော့်အလုပ်မှာ ကျွန်တော်ဟာ အကောင်းဆုံးလို့တွေးတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အဲ့ဒီလိုဖြစ်နေချင်မှ ဖြစ်နေမယ်ပေါ့၊ ဒါပေမဲ့ စိတ်ထဲမှာ ခံယူချက်အရတော့ ကျွန်တော်ဟာ အကောင်းဆုံးပဲလို့ တွေးပြီး အကောင်းဆုံးအရာတွေကို ဖန်တီးလုပ်ဆောင်တယ်လေ။”

၈။ Play For The Team – မိမိအဖွဲ့အစည်းကို မမေ့ပါနဲ့၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျေးဇူးကိုလည်း သတိရပါတဲ့။ “ဘောလုံးရာသီတိုင်းမှာ ကျွန်တော်ဟာ ရွှေဖိနပ်ဆုရအောင် အမြဲကြိုးစားတယ်။ အဲ့ဒါ ကျွန်တော့်အတွက် အရေးကြီးတယ်။ ကျွန်တော် မျှော်လင့်တဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော့် အသင်းဖော်တွေကို အရမ်းကျေးဇူးတင်တယ်။ သူတို့ အကူအညီတွေပေးခဲ့တယ်၊ အကောင်းဆုံးကန်ချက်တွေရအောင်လို့ သူတို့က ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတယ်လေ။” 

၉။ Enjoy The Moment – ပစ္စုပ္ပန်ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါတဲ့။ “အိပ်မက်တွေကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်ပါ။ ကြိုးစားလုပ်ဆောင်ပါ။ အထူးသဖြင့် ကျွန်တော့် ဖေဖေနဲ့မေမေက ကျွန်တော့်ကို အမြဲပြောတယ်။ မင်းကိုယ်သူများတွေက လေးစားစေချင်ရင် မင်းကလည်း သူများတွေကို လေးလေးစားစားဆက်ဆံပါတဲ့။ အဲ့ဒါ ကျွန်တော့်ခေါင်းထဲမှာ အမြဲရှိနေတဲ့အရာပဲ။ ပြီးတော့ လွန်ခဲ့တဲ့ခြောက်နှစ်မှာ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်ရင် ပုံမှန်ပဲ။ ကျွန်တော်က အမြဲ ပုံမှန်စွမ်းဆောင်ရည် အခြေအနေမှာပဲ ရှိတယ်လို့ထင်ရတယ်။ ဘာလို့လဲ .. ။ ကျွန်တော်အရင်က ပြောခဲ့သလိုပဲ၊ ကျွန်တော့်ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေအားလုံးကို အနာဂတ်မှာလည်း ဒီတိုင်းပဲ ရှိနေအောင် ကြိုးစားတယ်။ ပစ္စုပ္ပန် အကောင်းဆုံးနေထိုင်တယ်။ အနာဂတ်အတွက် အများကြီးမတွေးဘူး၊ ပစ္စုပ္ပန်ကို ပိုချစ်တယ်။”

၁၀။ Have A Sense Of Humor – နောက်ဆုံးအချက်ကတော့ ဟာသဉာဏ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေပါတဲ့။ 
…………

“ကဲ … ဝန်ဇင်းစာချစ်သူတို့လည်း ရော်နယ်ဒိုရဲ့ အင်တာဗျူးဖြေကြားချက်တွေကို ဖတ်ရှုပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အကြံပြုချက်လေးတွေကို ရယူအသုံးချရင်း ဒီပို့စ်လေးကို ဖတ်ရှုရတာ နှစ်သက်သဘောကျတယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 
Ref; Evan Carmichael’s Utube Channel 

Related Posts