စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 19]


“စိတ်တွေအရမ်းရှုပ်ထွေးနေတဲ့အခါ ဒီစာကိုဖတ်ပါ” 

ဖြစ်ဖူးလား … အလုပ်ထဲမှာ မွန်းကျပ်၊ ပြဿနာမျိုးစုံတက်၊ စိတ်တွေအရမ်းရှု့ပ်ထွေးပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ ခံစားချက်မျိုး။ ဖြစ်ဖူလား … လုပ်သမျှ မအောင်မြင်တဲ့အခါ လျော့တိလျော့ရဲဖြစ်လာတဲ့ ရည်မှန်းချက်တွေကို မြင်ယောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့ ခံစားချက်မျိုး …….။

ဒီလိုအခြေအနေမျိုးကို စာဖတ်သူတို့ မကြာခဏ ကြုံဖူးကြပါလိမ့်မယ်။ ပတ်ဝန်းကျင်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ အလုပ်၊ ငွေကြေး၊ ပညာရေး စတဲ့ အဘက်ဘက်ကို မျက်နှာမူထားရတဲ့အခါ တစ်ချိန်ချိန်မှာတော့ စိတ်ရှုပ်ထွေးခြင်းနဲ့ မိမိကိုယ်မိမိ ပျောက်ဆုံးလာခြင်းဆိုတဲ့ မရေမရာ မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ကြုံရပါလိမ့်မယ်။ အများအားဖြင့် ကျွန်တော်တို့ဟာ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေကို တရွေ့ရွေ့တိုက်စားရင်း မယ်မယ်ရရ အဖြေတစ်စုံတရာမရှိဘဲ အဲ့ဒီလို အခြေအနေတွေကို ကျော်လွှားသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး ကြိမ်ဖန်များစွာ ပေါ်ပေါက်လာတဲ့အခါ၊ အရင်လိုပဲ အဖြေမရှိတဲ့ရလဒ်နဲ့ ဖြတ်သန်းမယ်ဆိုရင် … ပြန်တက်လို့မရတဲ့ ဟိုး ….. ချောက်နက်ကြီးထဲကို လိမ့်ကျသွားတော့မှာပါ။ ဒီလိုမဖြစ်ရအောင် ဘာလုပ်ကြမလဲ၊ စိတ်ရှု့ပ်ထွေးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ ?

နံပါတ် ၁။ ဘာမှမလုပ်ပါနဲ့ ( Don’t do Anything ) - သင်ဟာ တကယ်လို့ စိတ်တွေအရမ်းရှုပ်ထွေး မွန်းကြပ်နေပြီဆိုရင် ပထမဆုံးလုပ်ရာမှာက “ဘာကိုမှဘာမှမလုပ်ပါနဲ့” တဲ့။ ဒီလို အခြေအနေမျိုးကြုံရတဲ့အခါ ကျွန်တော်တို့က အတိတ်ကိုပြန်တွေး၊ မှားခဲ့တာတွေကို နောင်တရ၊ ဖြစ်ခဲ့ပြီးသား ပြဿနာအရပ်ရပ်ကနေ ပုန်းကွယ်ဖို့ကြိုးစား၊ အနာဂတ်မှာ ကိုယ့်ရဲ့ဘဝကို ကောင်းသထက် ကောင်းလာအောင်လို့ တွန်းအားပေးမှုမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ 

ဒါကြောင့် စိတ်တွေမွန်းကြပ်နေပြီလား၊ ကိုယ်ဟာ ကိုယ့်ရဲ့ကမ္ဘာထဲမှာရော၊ ပတ်ဝန်းကျင်ထဲမှာပါ ပျောက်ဆုံးသလို ဖြစ်နေပြီလား … ကိုယ်လုပ်နေသမျှ အရာအားလုံးကို ရပ်တန့်လိုက်ပါ၊ ဘာမှမလုပ်ပါနဲ့၊ အလုပ်ရှိရင်ခွင့်ယူလိုက်ပါ၊ ချိန်းထားတာတွေ ဖျက်လိုက်ပါ၊ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ အားလုံးကို လျှော့ချလိုက်ပါ၊ ကိုယ့်ရဲ့ စိတ်ဟာ တဖြည်းဖြည်း တည်ငြိမ်လာတဲ့အထိ လုပ်စရာမှန်သမျှကို ရပ်တန့်လိုက်ရပါမယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မွန်းကြပ်နေတဲ့ စိတ်အခြေအနေဟာ မယုံနိုင်လောက်အောင်ပဲ “အဆင်ပြေသွားပါလိမ့်မယ်” … “သက်သာသွားပါလိမ့်မယ်” ။

နံပါတ် ၂။ အမှိုက်တွေတစ်ခုချင်းရှင်းပါ - ဝရုန်းသုန်းကားစိတ်ဟာ တဖြည်းဖြည်း တည်ငြိမ်လာပြီဆိုရင်တော့ သင့်ရဲ့ ပြဿနာတွေကို တစ်ခုချင်းရှင်းထုတ်ပါတဲ့။ ကိုယ့်အတွက် အခက်ခဲဆုံး အကြီးမားဆုံး ပြဿနာကို စတင်ကိုင်တွယ်ဖို့ လိုပါတယ်။ ငါတကယ်လိုချင်တာဘာလဲ၊ ဘယ်အရာက အရေးမကြီးဘူးလဲ၊ င့ါအတွက် ဘယ်ဟာက ပြဿနာဖြစ်စေတာလဲ စသဖြင့် ကိုယ့်ကိုယ်ကို ဗဟိုပြု၊ ပြန်လှန်မေးခွန်းထုတ်ပြီး ပြဿနာတွေကို တစ်ချက်ချင်း ရှင်းလင်းရပါမယ်။ 

နံပါတ် ၃။ ပုံစံပြောင်း စဉ်းစားခြင်း - ပြဿနာတစ်ခုကို ကိုင်တွယ်တဲ့အခါမှာ ပုံမှန်တွေးခေါ်နေကျ နည်းလမ်းဖြစ်တဲ့ “ငါ ဒါကို ဘယ်လိုဖြေရှင်းရမလဲ” ဆိုတာထက် “ငါ ဒါကို ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲ” ဆိုတဲ့ စဉ်းစားပုံနည်းလမ်းကို ပြောင်းလဲဆင်ခြင်သင့်တယ်လို့ ဆိုပါတယ်။ “ငါ ဒါကို ဘယ်လိုဖြေရှင်းရမလဲ” ဆိုတဲ့ ပထမစဉ်းစားနည်းက ကိုယ့်ရဲ့ပြဿနာအတွက် အဖြေရနိုင်တဲ့ နည်းလမ်းကို ပိတ်ဆို့ ( Block ) ဖြစ်စေပြီး ဒုတိယဖြစ်တဲ့ “ငါ ဒါကို ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲ” ဆိုတဲ့ နည်းလမ်းကတော့ ပြဿနာအတွက် အဖြေတွေကို ပိုမိုရရှိစေနိုင်ပါတယ်။ 

Ref; yourcourageouslife.com

ကဲ … စာဖတ်သူတို့လည်း စိတ်တွေမွန်းကြပ်တဲ့အခါ၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေ စိတ်ခွန်အားတွေ ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ အခုတင်ပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ၊ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ 
………….
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest မှ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 
………….
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောချင်သည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts