ခံစားချက်ဆိုတာ ထင်သလောက် အရေးမကြီးပါ …


ခံစားချက်ဆိုတာ ထင်သလောက် အရေးမကြီးပါ …

ခံစားချက် ဆိုတဲ့အရာဟာ ကျွန်တော်တို့အတွက် ဘာတွေကမှန်သလဲ၊ မှားသလဲ ဆိုတာကို သိဖို့လောက်ပဲ အသုံးဝင်တယ်။ 

မီးထဲလက်ထည့်မိရင် ပူခနဲဖြစ်သွားတဲ့ ခံစားမှုကြောင့် နောက်တစ်ခါ ထပ်မလုပ်ရဲတော့ဘူး။ တစ်ယောက်တည်း ဖြစ်နေရင် ခံစားရတဲ့ အထီးကျန်မှုကြောင့် လူတွေနဲ့ ဝေးစေတဲ့အရာတွေ ထပ်မလုပ်တော့ဘူး။ ဒီခံစားချက်တွေဟာ ကျွန်တော်တို့ကို ဆုံးဖြတ်ချက် အသစ်တွေချဖို့ တိုက်တွန်းမှုတွေ သက်သက်သာ ဖြစ်တယ်။ 

ဒီလို ပြောတယ်ဆိုတာ ခင်ဗျားတို့ရဲ့ ဝမ်းနည်းစရာ အချိန်တွေကို ပေါ့ပေါ့ပျက်ပျက်ပဲထင်လို့ ပြောတာ မဟုတ်ဘူး။ စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ မရှင်းရသေးတဲ့ ပြဿနာတွေရှိတဲ့ အကြောင်းကို ဦးနှောက်က သတင်းပို့နေတာ။ ဒီလို ခံစားရတယ်ဆိုတာ တစ်ခုခုလုပ်သင့်နေပြီ ဆိုတာကို အချက်ပြနေတာ။ စိတ်ချမ်းသာစရာ ခံစားချက်တွေကျတော့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်လို့ ဆုပေးသလိုပဲ။ စိတ်ချမ်းသာတဲ့ အချိန်တွေဆို ခံစားချက်က ရိုးရိုးလေးရယ်၊ ဘာမှ ထပ်လုပ်စရာမလိုဘူး။ ဒါပေမဲ့ အချိန်တန်တော့လည်း အရာအားလုံးလိုပဲ ဒီ ပျော်ရွှင်မှုက ပျောက်သွားမှာလေ။ အခက်အခဲအသစ်တွေက လာဦးမှာ။

ခံစားချက်ဆိုတာ ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု၊ ညီမျှခြင်းရဲ့ အပိုင်းအစတစ်ခုလောက်ပဲ။ နောက်ဆုံးအဖြေတော့ မဟုတ်ဘူး။ တစ်ခုခုက ကောင်းတဲ့ခံစားချက် ပေးတာနဲ့ တကယ်ကြီး ကောင်းနေတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဆိုးဆိုးရွားရွား ခံစားရလို့လည်း တကယ်ဆိုးချင်မှ ဆိုးမယ်။ ခံစားချက်တွေဟာ အချက်ပြမီးတွေသက်သက်ပဲ။ တိကျတဲ့ အဖြေမဟုတ်ဘူး။ ဒါကြောင့် ခံစားချက်မှန်သမျှကို တပ်အပ်ကြီး ယုံစားနေလို့ မရဘူး။ ဖြစ်နိုင်ရင် ခံစားချက်တွေကို အမြဲ မေးခွန်းထုတ်နေသင့်တယ်။ 

လူတော်တော်များများဟာ ခံစားချက်တွေကို လူမှုရေးအရ၊ ပုဂ္ဂိုလ်ရေးအရ၊ ယဉ်ကျေးမှုအရ ထုတ်ဖော်ပြခွင့် မရကြဘူး။ အထူးသဖြင့် မကောင်းတဲ့ ခံစားချက်တွေပေါ့။ ဒါပေမဲ့ မကောင်းတဲ့ ခံစားချက်တွေကို သိုဝှက်ထားတဲ့အတွက် အချက်ပြမီးတွေက အလုပ် မလုပ်တော့ဘူးလေ။ ဒါကြောင့်လည်း ဒီလိုလူတွေ တော်တော်များများဟာ အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့ ပိုရုန်းကန်နေရတယ်။ အခက်အခဲတွေကို မဖြေရှင်းနိုင်တော့ ပျော်ဖို့လည်း မဖြစ်နိုင်ဘူး။ စောစောကပြောသလိုပဲ နာကျင်မှုဆိုတာ အသုံးဝင်တယ်လေ။ 

တစ်ဖက်မှာကတော့ ခံစားချက်ကို ခုတုံးလုပ်ပြီး ဖြစ်သမျှ အကုန်ပုံချနေတဲ့လူတွေ ရှိနေပြန်ရော။ ခံစားချက်ကြောင့် လုပ်လိုက်တာဆိုပြီး လွှဲချတာမျိုး။ စိတ်အရမ်းဆိုးသွားလို့ ကားမှန်လေး ရိုက်ခွဲလိုက်မိတာပါဗျာ။ ဘယ်လိုမှ ထိန်းမရဘူး။ ဒါမှမဟုတ် - နောက်မိန်းမယူတာ၊ မယားငယ်ထားတာ စိတ်ထဲမှာ အပြောင်းအလဲလေး ဖြစ်ချင်လို့ပါဗျာ။ စသည်ဖြင့်။ စိတ်ခံစားချက်သက်သက်နဲ့ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဆိုတာ များသောအားဖြင့် တလွဲတွေ ဖြစ်နေတတ်တယ်။ တစ်ဘဝလုံးကို ခံစားချက်တွေပေါ်မှာ တည်ဆောက်ထားတာ ဘယ်သူတွေလဲ သိလား။ သုံးနှစ်သားကလေးတွေ။ အိမ်မှာမွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေပဲ ရှိတယ်။ 

စိတ်ခံစားချက်ကြီးကို အသည်းအသန် အားကိုးပြီး လုပ်တာတွေ ဘာလို့ မအောင်မြင်လည်းဆိုတော့ ခံစားချက်ဆိုတာ ကြာကြာမှ မခံတာကိုး။ ဒီနေ့ပျော်တဲ့ ခံစားချက်ဆိုတာ မနက်ဖြန်အထိ ဆက်ပါလာဖို့ သိပ်ခက်တယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာက ခံစားချက်အသစ်ကို ဆက်တိုက်ရှာနေတာကိုး။ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်နောက် ဆက်တိုက်လိုက်နေရင် အသစ်အသစ်ကို လိုချင်တဲ့ လောဘက မရပ်တော့ဘူး။ အိမ်အသစ်၊ ကားအသစ်၊ အိမ်ထောင်အသစ်၊ ကလေးအသစ်၊ လခအသစ်၊ နောက်ဆုံးကတော့ ကြိုးစားသမျှ ဘာမှ သိပ်မထူးဘူး။ မလုံလောက်သေးဘူးလို့ပဲ ထင်နေမယ်။ 

စိတ်ပညာရှင်တွေက ဒါကို ခေါ်တာရှိတယ်။ Hedonic Treadmill (ပျော်ရွှင်မှုအပြေးစက်) တဲ့။ ပြေးတဲ့ စက်ပေါ်မှာလိုပဲ။ အမြဲတမ်းတော့ ကြိုးစားနေတာပဲ။ ဘယ်မှမရောက်ဘူး။ ဒုံရင်းက ဒုံရင်း။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြဿနာတွေဟာ ရှောင်ပြေးဖို့ မသင့်တဲ့အရာတွေ ဖြစ်နေတာ။ ကိုယ့်အိမ်ထောင်ဘက်ဆိုတာ ကိုယ်နဲ့ ရန်ဖြစ်မယ့်သူ။ ကိုယ့်အိမ်ဟာ ကိုယ်အမြဲပြင်ဆင်နေရမယ့်အရာ။ ကိုယ်အကြိုက်ဆုံး အလုပ်ဆိုတာ ကိုယ့်ကို ပင်ပန်းစေမယ့်အရာ။ အရာအားလုံးမှာ ယူတိုင်းယူတိုင်း ပြန်ပေးရမယ့်ဟာက ပါလာပြီးသား။ စိတ်ချမ်းသာစရာမှန်သမျှ စိတ်ညစ်စရာနဲ့ တွဲလာမှာပဲ။ ကိုယ်ရလိုက်သမျှတွေ အကုန်လုံးဟာ တစ်ချိန်မှာ ကိုယ် ဆုံးရှုံးရမယ့်ဟာတွေ။ 

ဆေးခါးခါးကြီးလိုတော့ ဖြစ်နေတယ်။ လူတိုင်းကတော့ ထာဝရ ပျော်ရွှင်မှုဆိုတာကို တကယ်ရှိစေချင်မှာပဲ။ ဒုက္ခမှန်သမျှ ကင်းဝေးမယ့်နေရာကို သွားချင်တာချည်းပဲ။ ဘယ်သူမဆို ဘဝမှာ အရာရာကို ကျေနပ်အားရ စိတ်ချမ်းသာစွာ ဖြတ်သန်းချင်တာပဲ။ 
ဒါပေမဲ့ မဖြစ်နိုင်ဘူး။ 

ချမ်းမြေ့ဝင်း 

။	။ အခုဖော်ပြလိုက်တဲ့ အကြောင်းအရာကို ဆရာချမ်းမြေ့ဝင်း ဘာသာပြန်တဲ့ ‘ဂရုမစိုက်ခြင်းအနုပညာ’ စာအုပ်ထဲမှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

Related Posts