စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 26]


အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းကို သင်ဘယ်လို ဆုံးဖြတ်မလဲ ?  

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးရှင့် …

ဒီနေ့မှာတော့ ကျွန်မတို့ Wun Zinn ရဲ့ ‘အခမဲ့ဖတ်စရာကဏ္ဍ’ ကနေ တင်ပြပေးသွားမယ့် စိတ်ခွန်အားဖြည့်ဆိုင်ရာ ( Motivational ) အကြောင်းအရာလေးကတော့ အောင်မြင်ခြင်းနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ပါတယ်။ 

ကျွန်မတို့ လူသားတိုင်းက အရာရာမှာ အောင်မြင်လိုကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အကျိုးသက်ရောက်မှုဟာ အောင်မြင်သွားတာလား ၊ ရှုံးနိမ့်သွားတာလား ဆိုတာကို ဝေခွဲမရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ တစ်ဖက်မှာ အောင်မြင်တယ်လို့ ပြောလို့ရပေမဲ့ တစ်ဖက်မှာတော့ ရှုံးနိမ့်သွားတဲ့ အဖြစ်မျိုးပေါ့ရှင်။ 

ဥပမာ - ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စွန့်လွှတ်ပြီး ကိုယ်ဝါသနာမပါပေမဲ့ လစာကောင်းတဲ့ အလုပ်ကို လုပ်နေရတာမျိုးပေါ့။ ဝင်ငွေကောင်းတာမို့ ငွေကြေးအရ အောင်မြင်တယ်လို့ ပြောရပေမဲ့ တစ်ဖက်မှာတော့ ကိုယ်ဝါသနာပါတာကို စွန့်လွှတ်လိုက်ရတဲ့ အတွက် ဒါဟာ ရှုံးနိမ့်မှုတစ်မျိုးနဲ့ ကြုံလိုက်ရတယ်လို့ ဆိုရမှာပါပဲ။ ဒီတော့ ကျွန်မတို့ရဲ့ ဘဝမှာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းကို ဘယ်လို ဆုံးဖြတ်ကြမလဲ ? 

စာရေးဆရာ လင်္ကာရည်ကျော်ကတော့ အောင်မြင်ခြင်းနဲ့ ပတ်သက်ပြီး ဒီလို ပြောဖူးပါတယ်။ အောင်မြင်မှုအစစ်ဆိုတာတဲ့ … ကိုယ်သွားနေတဲ့ ဘဝခရီးတလျှောက်လုံးကို ကိုယ်က enjoy လုပ်နေရမယ်၊ ကိုယ် ဒီဘဝနဲ့ ရပ်တည် ကျင်လည်နေတာကို ကိုယ်က စိတ်ချမ်းသာနေရမယ်တဲ့။ ဆရာပြောတာကတော့ ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းအပေါ် ကိုယ်က စိတ်ကျေနပ်မှု ရှိဖို့ ၊ ရလဒ်အပေါ်မှာလည်း ကြည်နူးနှစ်သက်နေဖို့ … ဒါဟာ ကိုယ့်ရဲ့ အောင်မြင်မှုအစစ်ပဲလို့ ဆိုလိုချင်တာပါ။ 

ဒါဆိုရင် ဆရာ့စကားအရ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ကိုယ်က enjoy မဖြစ်ဘူး ၊ ရလဒ်တွေအပေါ်မှာလည်း ကျေနပ်နှစ်သက်မှုမျိုး မရှိဘူးဆိုရင် ဒါဟာ ကိုယ့်ရဲ့ ရှုံးနိမ့်မှုလို့ အကြမ်းဖျင်း ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်မတို့ အောင်မြင်ခြင်းကို ဘယ်ပေတံနဲ့ တိုင်းတာကြမလဲ ? 

အခုဆိုခဲ့တဲ့ ကိုယ်လုပ်ရပ်အပေါ် ကိုယ်က ကျေနပ်ပီတိ ဖြစ်နေခြင်း အပါအဝင် အောင်မြင်ခြင်းကို အခြား ဘာနဲ့ တိုင်းတာလို့ ရနိုင်ဦးမလဲ။ ရှိပါတယ်။ အောင်မြင်မှုကို ကိုယ့်ပေတံနဲ့ကိုယ် တိုင်းတာပါတဲ့။ အခြားသူတွေကို အားကျ ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေလို ဖြစ်ချင်လွန်းပြီး အသေအလဲ ကြိုးစားပေမယ့်၊ ကိုယ့်ပေတံနဲ့ မဟုတ်ဘဲ အခြားသူပေတံနဲ့ တိုင်းတာလိုက်တဲ့အခါမှာ မိမိကိုယ်မိမိ အားမရမှုတွေ၊ အခြားသူပေတံလောက် ရလဒ် မထွက်ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်အားလျော့မှုနဲ့ စိတ်ဓာတ်ကျမှုတွေက အလုံးအရင်းနဲ့ ဝင်ရောက်လာတတ်ပါတယ်။ 

ဒီလိုဆိုရင် ပထမတစ်ချက် ပြောထားတဲ့ ကိုယ့်အလုပ်အပေါ် ကိုယ်က enjoy ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အောင်မြင်ခြင်းဆိုတာကို ကိုယ့်ပေတံနဲ့ ကိုယ်ပဲ တိုင်းတာသင့်ပါတယ်တဲ့ရှင်။ စာရေးဆရာ ကောင်းသန့်က အောင်မြင်ခြင်းနဲ့ ပတ်သက်ပြီး ဘာပြောဖူးလဲ ကြည့်လိုက်ရအောင်နော်။ 

“အောင်မြင်မှုကို ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းရပါမယ်။ ကိုယ်လိုချင်တာရရင် ကိုယ်ရည်မှန်းထားတာဖြစ်ရင် ဒါ အောင်မြင်မှုပါပဲ။ ပြည့်စုံတဲ့အောင်မြင်မှုဆိုတာ မရှိပါဘူး။ အလိုဆန္ဒဆိုတာ ဘယ်တော့မှ ပြည့်ဝပြီးဆုံးသွားမှာ မဟုတ်တဲ့အတွက် အောင်မြင်မှုတွေ ပြီးပြည့်စုံသွားပြီလို့ ပြောနိုင်တဲ့သူ မရှိသေးပါဘူး။” တဲ့။ 

ကဲ … ဒါဆိုရင် ဝန်ဇင်းစာချစ်သူတို့လည်း ရှင်းသွားပြီ ထင်ပါတယ်။ ဒီတော့ ၊ အောင်မြင်မှုဆိုတာ ဟုတ်ပါပြီရဲ့။ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲပေါ့နော်။ ဒါကိုလည်း အားလုံး သိချင်လိမ့်မယ်လို့ ထင်ပါတယ်ရှင့်။ တကယ်တော့ ဒီကိစ္စအတွက် အဖြေက ရိုးရှင်းလွန်းပါတယ်။ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့

-	တိကျတဲ့ ရည်မှန်းချက်၊ အိပ်မက်တစ်ခု သေချာပေါက်ရှိရပါမယ်။ 

အဲ့ဒီ ရည်မှန်းချက် အိပ်မက်ကို အကောင်အထည် ဖော်တဲ့အခါမှာ ၊ ကိုယ့်ရဲ့ အောင်မြင်မှု အတိုင်းအတာက ဘယ်အထိ အောင်မြင်ချင်တာလဲ ၊ ဘာကို အောင်မြင်ချင်တာလဲ စတဲ့ Target တွေကို ကိုယ်ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အဲ့ဒီအခါကျမှသာ ကိုယ့်ရဲ့ ရည်မှန်းချက် Target ကို ပစ်ဖို့ ဆန်းသစ်တဲ့ အတွေးအမြင် အိုင်ဒီယာ ၊ ဉာဏ်ပညာ ၊ အသိပညာ ၊ ဇွဲလုံ့လဝီရိယ ၊ ခိုင်မာတဲ့ စိတ်ဓာတ် စတဲ့ မြားတွေကို အသုံးချရတော့မှာပေါ့။ 

နောက်ဆုံးအနေနဲ့ အတွေးအမြင် စာစဉ်တစ်ခုမှာပါတဲ့ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ဆောင်းပါးထဲက စာတစ်ပုဒ်နဲ့ ဒီဆောင်းပါးတိုလေးကို နိဂုံးချုပ်လိုက်ရအောင်နော်။ 

“တစ်စုံတစ်ယောက်သည် မိမိဘဝအောင်မြင်ရေးကို ကြိုးပမ်းရာတွင် အောင်မြင်မှုကို ရရှိနိုင်သည့် စွမ်းရည်များရှိ၏။ ထိုစွမ်းရည်များသည် တရားနည်းလမ်းကျသည့် နည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် စွမ်းရည်များဖြစ်သည်။ ဘဝအောင်မြင်မှု ရသူများတွင် ထိုစွမ်းရည် စရိုက်လက္ခဏာများ တွေ့ရပြီး အောင်မြင်မှုမရသူတို့တွင် ထိုအရည်အချင်းများ မရှိကြောင်း၊ ဆန့်ကျင်သော စရိုက်လက္ခဏာများရှိကြောင်း စိတ်ပညာရှင်တို့က လေ့လာဖော်ထုတ်ထားကြပြီး ဖြစ်သည်။”

…….
ဝန်ဇင်းပရိသတ်ကြီးအားလုံး ဘဝကို အောင်မြင်ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်သူများ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်။ 
…….

"ဝန်ဇင်းပရိသတ်ကြီးလည်း ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ ကိုယ့်အတွက် တစ်စုံတရာ အကျိုး ရရှိသွားတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး" 

-	ဘဝမှာ အောင်မြင်သူတိုင်း  စာဖတ်ကြသည်။ သင်လည်း အောင်မြင်သူ ဖြစ်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ - 

Related Posts