ကျရှုံးသူရဲ့ အောင်မြင်မှု ( နိုင်းနိုင်းစနေ ) [Motivational Article - 28]


- ကျရှုံးသူရဲ့ အောင်မြင်မှု -

“ကျောက်တုံးကို ရေထဲပစ်ချလိုက်သလိုပဲ ကျရှုံးသူဟာ နောက်ထပ်တစ်ဖန် ကျရှုံးတာကို ခံခဲ့ရတယ်”

Schulz လို့ ခေါ်တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ မူလတန်းကတည်းက သင်သမျှ ဘာသာတိုင်းဟာ သူ့အတွက် မင်နီတွေနဲ့ ပြည့်နေတတ်တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ ရူပဗေဒအမှတ်က အမြဲတမ်း သုည ဖြစ်နေတတ်တယ်။ သူဟာ သူတတ်တဲ့ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တခြားဘာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းနေတဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။ 

ကြီးပြင်းလာခဲ့တဲ့ ဘဝတစ်လျှောက်မှာလည်း ထုံထိုင်းတဲ့ သူ့မှာ သူငယ်ချင်းအပေါင်းအသင်းတွေ မရှိခဲ့ဘူး။ လူတွေက သူ့ကို မနှစ်သက်တာ မဟုတ်ပေမယ့် ကျောင်းအဖွဲ့အစည်းတွေမှာလည်း သူ့အရိပ်ကို မမြင်ခဲ့ရဘူး။ မိသားစုရဲ့ အကြည့်ထဲမှာလည်း သူက မဝင်ဆံ့ခဲ့ဘူး။ တစ်ယောက်ယောက်ကများ သူ့ကို ယောင်ပြီး နှုတ်ဆက်မိရင် သူဟာ အရမ်းပျော်မိတတ်တယ်။ 

မိန်းကလေးတွေနဲ့ ချိန်းတွေ့မယ့် ခပ်အအ သူ့ပုံကို မည်သူကမျှ မမြင်ဖူးဘူး။ သူ့ကိုလည်း ဘယ်မိန်းကလေးကမျှ လက်မခံခဲ့ဘူး။ Schulz ဟာ ကယ်တင်စရာ ဆေး လုံးဝမရှိတဲ့ ကျရှုံးသူ ဖြစ်ခဲ့တယ်။ ဒါကို သူ့ကိုယ်သူလည်း သိတယ်။ အဲဒါကြောင့် ငယ်ရာကနေ ကြီးလာတဲ့အထိ ဘဝဟာ ဘာပဲဖြစ်နေဖြစ်နေ သူ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ကာတွန်းဆွဲဖို့ တစ်ခုကိုပဲ သူ ဂရုစိုက်ခဲ့တယ်။ 

Schulz ဟာ ကာတွန်းကိုတော့ ကောင်းကောင်းဆွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ ကိုယ်ဆွဲတဲ့ ပုံတွေကိုလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ သူဆွဲတဲ့ပုံကို ဘယ်သူမှ လှည့်မကြည့်ခဲ့ဘူး။ အလယ်တန်းတုန်းက ဂျာနယ်တချို့ကို သူ့ပုံတွေ ပို့ခဲ့ဖူးတယ်။ အမြဲတမ်း အပယ်ခံခဲ့ရပေမယ့် ကာတွန်းဆွဲနိုင်တဲ့ သူ့ရဲ့ ယုံကြည်မှုကိုတော့ သူ လက်မလွှတ်ခဲ့တဲ့အပြင် အောင်မြင်တဲ့ ကာတွန်းဆရာတစ်ဦး ဖြစ်ရမယ်လို့လည်း သူ ဆုံးဖြတ်ခဲ့တယ်။ 

အလယ်တန်းပြီးတဲ့ နှစ်မှာပဲ သူဟာ Walt Disney ကုမ္ပဏီကို မိတ်ဆက်စာတစ်စောင် ရေးခဲ့တယ်။ Disney က သတ်မှတ်ထားတဲ့ပုံနဲ့ သူ့လက်ရာကို ကြည့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သူ့အတွက် လမ်းစပဲဆိုပြီး Schulz ဟာ ကိုယ်ရောစိတ်ပါ နှစ်ပြီး ပုံတွေကို ဆွဲပြီးပို့တယ်။ ဒါပေမဲ့ Disney က သူ့ကို ငြင်းပယ်လိုက်တယ်။ ကျောက်တုံးကို ရေထဲ ပစ်ချလိုက်သလိုပဲ ကျရှုံးသူဟာ နောက်ထပ်တစ်ဖန် ကျရှုံးတာကို ခံခဲ့ရတယ်။ 

Schulz ရဲ့ ဘဝဟာ မည်းမှောင်ပြီး ချောက်ကမ်းပါးထိပ်ကို ရောက်နေသလိုပါပဲ။ ရှေ့ဆက်ဖို့ လမ်းစပျောက်နေချိန်မှာ အဓိပ္ပါယ်မဲ့တဲ့ဘဝကို ခဲတံလေးနဲ့ ဆွဲခြစ်ဖို့ သူ စိတ်ကူးမိတယ်။ ကာတွန်းထဲမှာ ပြောမယ့် စကားလုံးတွေကိုလည်း အရောင်မလှခဲ့တဲ့ သူ့ ငယ်ဘဝ စကားလုံးတွေ၊ မအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ၊ အပယ်ခံရတဲ့ အညတရ အနုပညာသည် သူ့အကြောင်း၊ လူတွေ လျစ်လျူရှုခံထားရတဲ့ ကျရှုံးသူ စတဲ့ သူကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို သူမြတ်နိုးတဲ့၊ အောင်မြင်အောင်လုပ်မယ်လို့ သူ ဆုံးဖြတ်ထားတဲ့ ကာတွန်းနဲ့ ခြယ်မှုန်းခဲ့တယ်။ 

အဲဒီလိုနဲ့ သူဖန်တီးတဲ့ ဇာတ်ကောင်တစ်ကောင် Peanuts ဟာ အောင်မြင်လာလိမ့်မယ်လို့ သူ့ကိုယ်သူတောင် တွေးမထားမိခဲ့ဘူး။ ဒါပေမဲ့ Peanuts ဇာတ်လမ်းတွဲတွေက တစ်ကမ္ဘာလုံးကို တောမီးလို ခဏချင်းမှာပဲ ဟုန်းဟုန်းတောက် ကူးစက်အောင်မြင်ခဲ့တယ်။ သူ့ရဲ့ စုတ်ချက်အောက်မှာပဲ Charlie ဟာလည်း သူ့လို ကျရှုံးသူတစ်ဦးပါပဲ။ Charlie Brown လွှတ်တဲ့ လေတံခွန်က ဘယ်တော့မှ ကောင်းကင်အထက်ကို မပျံဝဲနိုင်ခဲ့သလို ဘောလုံးကိုလည်း ကောင်းကောင်း မကန်တတ်ခဲ့ဘူး။ ခပ်တုံးတုံး အ,တဲ့ သူ့ကို သူငယ်ချင်းတွေက ‘သစ်တုံးဦးနှောက်’ လို့ ခေါ်ခဲ့ကြတယ်။ 

‘Charlie Brown’ နှင့် ‘Snoopy Dog’- အဲဒီလို ခပ်တုံးတုံးစရိုက်နဲ့ ခပ်တုံးတုံးဇာတ်ကောင်တွေကို ကမ္ဘာကျော်အောင် ရေးဆွဲနိုင်ခဲ့သူက နိုင်ငံကျော် ကာတွန်းဆရာ ‘Charlie M. Schulz’ ပဲ ဖြစ်တယ်။ သူ့ရဲ့ ဇာတ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ‘Snoopy Dog’ ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေး၊ လူကြီးမကျန် မသိသူမရှိအောင် နာမည်ကျော်ကြားပါတယ်။ 

ကိုးကား - http://en.wikipedia.org/wiki/CharlieSchulz

ရည်ညွှန်း။   ။ အခု ဖော်ပြလိုက်တဲ့ စာစုကို စာရေးဆရာမ နိုင်းနိုင်းစနေရဲ့ 'ရတနာများနှင့် ဆက်သွယ်ခြင်း' ( ကြည်နူးစိတ်အားတက်ဖွယ်ရာ စာစုများ ) စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

'ဒီပို့စ်ကို ဖတ်ပြီးလို့ အကျိုးရှိတယ်ဆိုရင် LIKE & SHARE လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်" 

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
- သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts