စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 12]


“စတိဗ်ဂျော့ပြောတဲ့ ဘဝရဲ့ အရိုးရှင်းဆုံးလျှို့ဝှက်ချက်” 

ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး နည်းပညာကုမ္ပဏီဖြစ်တဲ့ Apple ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဂျော့ ( Steve Jobs ) ဖေဖော်ဝါရီ ၂၄ ရက်၊ ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ သူဟာ နာတာရှည်ဖြစ်နေတဲ့ ပန်ကရိယကင်ဆာဝေဒနာကြောင့် လူ့လောကကြီးကို ကျောခိုင်းခဲ့ရပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်သာရှိသေးလို့ အားလုံးက ယူကျုံးမရဖြစ်ခဲ့ကြရတယ်။ တီထွင်ဖန်တီးနိုင်စွမ်း၊ ထက်မြက်မှုနဲ့ အလုပ်ကို ခုံမင်မြတ်နိုးစွာ လုပ်ကိုင်တတ်မှု၊ ဇွဲအပြည့်နဲ့ ကြိုးစားတတ်တဲ့ စွမ်းရည်၊ လေးနက်တဲ့ အတွေးအခေါ်နဲ့ ဇင်ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ ရိုးရှင်းတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက စတိဗ်ဂျော့ ကျောခိုင်းသွားတဲ့ လောကကြီးထဲမှာ ဘယ်တော့မှ မကွယ်ပျောက်သော ခြေရာတွေအဖြစ် ကျန်ရစ်နေခဲ့ပါတယ်။ 

သူကပြောတယ်။ “ကိုယ့်မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ချစ်သူ လက်တွဲဖော်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ သူတစ်ပါးကိုလည်း တန်ဖိုးထားပါ။” တဲ့ … ဒါ သူမကွယ်လွန်ခင် နောက်ဆုံးပြောခဲ့တဲ့၊ စတိဗ်ဂျော့ပြောတဲ့ ဘဝရဲ့ အရိုးရှင်းဆုံးလျှို့ဝှက်ချက်ပါပဲ။ စတိဗ်ဂျော့ မကွယ်လွန်ခင် ဘာတွေပြောခဲ့လဲ … ဝန်ဇင်းစာချစ်သူတို့အတွက် ခုလို ဖော်ပြပေးလိုက်ပါတယ်။ 
………….
စီးပွားရေးလောကမှာ ကျွန်တော် အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများအမြင်မှာတော့ ကျွန်တော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့လေ။ ဒါပေမဲ့ အလုပ်ပြင်ပမှာတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာဆိုတာ နည်းနည်းလေး။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝမှုဆိုတာ ကျွန်တော့်အဖို့ သိပ်ပြီးမထူးဆန်းတော့တဲ့ကိစ္စ၊ ကျွန်တော့်ဘဝရဲ့ သာမန် အစိတ်အပိုင်းတစ်ခု သက်သက်ပါပဲ။ 

နေထိုင်မကောင်းလို့ အိပ်ယာထဲလဲနေတဲ့ ခုအချိန်မှာ ကျွန်တော့်ဘဝကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော် သိပ်ကို ဂုဏ်ယူခဲ့တဲ့ ဓနဥစ္စာဝကြွယ်ဝမှုတွေ၊ လူတွေရဲ့ အသိအမှတ်ပြုခြင်းခံရမှုဆိုတာတွေက မှေးမှိန်သွားတယ်၊ သေခြင်းတရားရဲ့ မျက်မှောက်မှာ ဒါတွေအကုန်လုံးဟာ အဓိပ္ပါယ်မဲ့သွားတယ်။ 

အမှောင်ထဲမှာ ကျွန်တော့်အသက်ကို အထောက်အပံ့ပေးထားတဲ့ စက်ကိရိယာတွေဆီကလာတဲ့ အစိမ်းရောင်မီးလေးဆီကို ကြည့်နေမိတယ်။ စက်တွေဆီကလာတဲ့ တဝီဝီသံတွေကို ကြားနေရတယ်။ အနားကို တဖြည်းဖြည်းရောက်တဲ့ သေမင်းတမန်ရဲ့ အသက်ရှူသံကို ခံစားလို့ရနေတယ်။ အခုတော့ ကျွန်တော်သိသွားပြီ။ ဘဝအတွက် လုံလောက်တဲ့ကြွယ်ဝမှုမျိုးကို နောက်ဆုံးအချိန်ထိ ရှာဖွေပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ဟာ ငွေကြေးဥစ္စာနဲ့ မဆိုင်တဲ့ အခြားအရာတွေနောက်ကို လိုက်သင့်တယ်။ ဘဝအတွက် တကယ်အရေးကြီးတဲ့ ကိစ္စမျိုးတွေပေါ့၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေ၊ အနုပညာပဲဖြစ်ဖြစ်၊ ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့တဲ့ စိတ်ကူးအိပ်မက်ပဲ ဖြစ်ဖြစ်ပေါ့။ ကြွယ်ဝချမ်းသာမှုနောက်ကိုပဲ မဆုံးတမ်းလိုက်တဲ့အခါ ကျွန်တော့်လိုပဲ လူသားမဆန်တဲ့လူမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ 

ဘုရားသခင်ဟာ လူတိုင်းအတွက် ချစ်ခြင်းမေတ္တာကို ခံစားတတ်တဲ့နှလုံးသားကို ပေးအပ်ထားပါတယ်။ ချမ်းသာကြွယ်ဝမှုက ယူဆောင်လာတဲ့ အတုအယောင်တွေနောက်ချည်း လိုက်မနေပါနဲ့။ ကျွန်တော် ရှာဖွေစုဆောင်းထားတဲ့ ဥစ္စာဓနတွေကို ကျွန်တော်ယူသွားလို့မရဘူး။ ချစ်ခြင်းမေတ္တာကြောင့် ပေါ်ပေါက်လာတဲ့ အမှတ်တရ ပီတိလေးတွေကိုသာ ကျွန်တော် ယူဆောင်သွားနိုင်တာပါ။ ဒီအရာကမှ ကိုယ့်နောက် အမှန်တကယ်ပါလာမယ့်၊ ကိုယ့်ကို အဖော်လုပ်ပေးမယ့်၊ ကိုယ့်အတွက် ရှေ့ဆက်ဖို့ အလင်းနဲ့ခွန်အားကိုပေးမယ့် တကယ့် ချမ်းသာမှု အစစ်အမှန်ပဲ ဖြစ်တယ်။ 

ချစ်ခြင်းမေတ္တာဆိုတာ မိုင်ထောင်ချီ သွားနိုင်ပါတယ်။ ဘဝဆိုတာ အဆုံးမဲ့ပါ။ ကိုယ်သွားချင်တဲ့ နေရာကိုသွား၊ ကိုယ်တက်လှမ်းချင်သလောက် တက်လှမ်းလိုက်၊ ဒီလိုလုပ်နိုင်ဖို့က ခင်ဗျားရဲ့နှလုံးသား၊ ခင်ဗျားရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအိပ်ယာက ဘယ်အိပ်ယာလဲ သိလား ? ခင်ဗျားနာမကျန်းဖြစ်လို့ ကျောခင်းရတဲ့ လူနာကုတင်ပါပဲ။ ခင်ဗျားကားကို မောင်းပေးဖို့ လူခန့်လို့ရမယ်၊ ပိုက်ဆံရှာခိုင်းလို့ရမယ်၊ ဒါပေမဲ့ ခင်ဗျား ခံစားရတဲ့ ရောဂါဝေဒနာကိုတော့ ဘယ်သူ့ကိုမှ အစားဝင်ခံခိုင်းလို့ မရပါဘူး။ 

ပျောက်ဆုံးသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပြန်ရှာလို့ရတယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့အခါ ပြန်ရှာလို့မရနိုင်တာ တစ်ခုပဲရှိတယ်။ အဲ့ဒါ ဘဝပဲ။  လူတစ်ယောက် ခွဲစိတ်ခန်းထဲဝင်သွားတဲ့အခါ သူ့ဘဝမှာ ပြီးဆုံးအောင် မဖတ်ရသေးတဲ့ စာအုပ်တစ်အုပ်ရှိတယ်ဆိုတာ သူ သဘောပေါက်မိပါလိမ့်မယ်။ ‘ကျန်းမာသောဘဝ’ ဆိုတဲ့ စာအုပ်ပေါ့ဗျာ။ ကျွန်တော်တို့ဟာ ဘဝရဲ့ ဘယ်အရွယ်မှာ ရောက်နေပါစေ၊ တစ်ချိန်ချိန်မှာတော့ ကန်လန့်ကာကျလာမယ့်နေ့နဲ့ ရင်ဆိုင်တွေ့ရမှာပါပဲ။ 

ကိုယ့်မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ချစ်သူ လက်တွဲဖော်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ သူတစ်ပါးကိုလည်း တန်ဖိုးထားပါ။ 

Ref; www.snopes.com
…………
“ဝန်ဇင်းစာချစ်သူတို့က စတိဗ်ဂျော့အကြောင်းကို စိတ်ဝင်စားတယ်၊ စတိဗ်ဂျော့ရဲ့ အတွေးအခေါ်နဲ့ ထက်မြက်မှုတို့ကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
“ခုလို အပတ်စဉ်တင်ဆက်ပေးနေသည့် Wun Zinn Digest ရဲ့ Motivation ကဏ္ဍနဲ့ပတ်သက်ပြီး ပြောချင်တာလေးတွေကို ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်ပါရစေခင်ဗျ”
…….
ဝန်ဇင်းစာပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts