စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 3]


" အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ဟာ ဘာလဲ "

 တစ်ခါတုန်းက ဂရိတွေးခေါ်ရှင်ကြီး ဆော့ခရတ္တိကို လူငယ်လေးတစ်ဦးက အောင်မြင်မှုရဲ့ 
လျှို့ဝှက်ချက်ကို မေးသတဲ့။ ဒီအခါ အဘိုးကြီး ဆော့ခရတ္တိက ချက်ချင်း ပြန်မဖြေဘူးဗျ။
 နောက်နေ့ နံနက်ခင်းအချိန်မှာ သူ့ကို မြစ်ကမ်းဘေးမှာ လာတွေ့ဖို့ ချိန်းလိုက်တယ်။ 
ဒီလိုနဲ့ နှစ်ယောက်သား တွေ့ကြလေသတည်းပေါ့။ 
သူတို့ တွေ့ဆုံတဲ့အခါ ဆော့ခရတ္တိက လူငယ်လေးကို --- 
" ကဲ .. မင်း ငါနဲ့အတူ ဒီမြစ်ကို ဖြတ်လျှောက်မလားလို့ " လို့ မေးလိုက်တယ်။ 
ပညာရှိကြီးရဲ့အဖြေကို သိချင်နေတဲ့ လူငယ်ကလည်း 
" အင်းပေါ့ ... လျှောက်တာပေါ့ဗျာ " လို့ ပြန်ဖြေရင်း 
စိတ်ထဲမှာတော့ " ငါမေးတာနဲ့ ရေထဲဖြတ်လျှောက်ရမှာနဲ့ ဘာမှလည်း မဆိုင်ဘူး " ဆိုပြီး
 တွေးတော သံသယဝင်နေတာပေါ့ဗျာ။ 
အဲ့ ... သူတို့နှစ်ဦး မြစ်ထဲကို တဖြည်ဖြည်း ဆင်းပြီး လျှောက်ရင်းလျှောက်ရင်းက
 မြစ်ရေဟာ သူတို့ လည်ပင်းအထိ ရောက်လာတဲ့အခါ အဘိုးကြီး ဆော့ခရတ္တိက
 ရုတ်တရက် ဘာမပြောညာမပြောနဲ့ လူငယ်ရဲ့ ခေါင်းကို ဆွဲကိုင်ပြီး ရေထဲ နှစ်လိုက်ပါလေရော။ 
လူငယ်လေးကလည်း ချက်ချင်းကြီး မထင်မှတ်တာဖြစ်လာတော့ ကြောက်လန့်တကြားနဲ့
 ရေထဲအနှစ်ခံထားတဲ့ သူကိုယ့်သူ အပြင်းအထန် ရုန်းကန်နေလေရဲ့။ ဒါပေမယ့် မရုန်းနိုင်ရှာပါဘူး။
 ဆော့ခရတ္တိရဲ့ လက်က ပြုတ်တူလို သူ့ရဲ့ခေါင်းကို ညှပ်ထားပြီး ရေထဲနှစ်ထားတာဟာ
 မျက်နှာနဲ့ နှုတ်ခမ်းတွေ ပြာလာတဲ့အထိပဲ။
နောက်ဆုံးတော့ ဆော့ခရတ္တိက သူ့ကိုချုပ်ထားရာကနေ လွှတ်ပေးလိုက်တယ်။ 
အဘိုးကြီးလက်က လွတ်လွတ်ခြင်းပဲ လူငယ်လေးက ရေထဲကနေ ရုန်းထ၊ ခေါင်းကိုမော့ပြီး 
အသက်ကို ပင်ပန်းကြီးစွာ ရှုရှိုက်နေရတယ်။ 
ဒီအခါမှ ဆော့ခရတ္တိက လူငယ်လေးကို မေးတော့တယ်။ 
" မင်း ... ရေထဲ အနှစ်ခံထားရချိန်မှာ အတောင့်တဆုံးက ဘာလဲ "
 " လေပေါ့ဗျာ .. လေပေါ့၊ 
ဒီ လေသာ မရှုရှိုက်ရရင် ကျုပ်သေသွားမှာပေါ့ဗျ " လို့ လူငယ်လေးက ဒေါသတကြီး ပြန်ဖြေတယ်။
 ဆော့ခရတ္တိက သက်ပြင်းကြီးချရင်း လူငယ်လေးကို အခုလိုပြောပြတယ်။ 
" အောင်မြင်မှုအတွက် လျှို့ဝှက်ချက်ရယ်လို့ မရှိဘူးကွ၊ မင်း ခုနက လေကို အသက်တမျှ အပြင်းအထန် လိုအပ်သလို အောင်မြင်မှုကို အလိုရှိတဲ့အခါမှာတော့ အောင်မြင်မှုကို မင်းရရှိမှာပဲ၊ ဒီအပြင် အခြား လျှို့ဝှက်ချက်ရယ်လို့ မရှိဘူး " .......။ 
ဒီလိုပါပဲဗျာ .... ကျွန်တော်တို့ဟာ အောင်မြင်မှုဆိုတာကို လိုချင်ကြတယ်။ 
ကိုယ်နဲ့ ပတ်သက်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ကိုယ်ဟာ အဘက်ဘက်က
အောင်မြင်နေသူတစ်ယောက် ဖြစ်ချင်တယ်။ လုပ်ငန်းခွင်၊ ပညာရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာလည်း
အောင်မြင်မှုကို ခံစားချင်တယ်။ ဒီ့အတွက် ကျွန်တော်တို့ဟာ အောင်မြင်မှု ရရှိစေမယ့် နည်းလမ်းတွေ 
ရှာကြဖွေကြ၊ အဲ့ဒီနည်းလမ်းအတိုင်း လိုက်လုပ်ကြနဲ့ အောင်မြင်မှုအတွက် 
အချိန်တွေ ငွေတွေ ပေးဆပ်ကြရတယ်။ 
ဒါပေမယ့် အောင်မြင်မှုဆိုတာကို ခုနက လူငယ်လေး ရေထဲရောက်နေချိန် လေကို အပြင်းအထန်လိုအပ်သလိုမျိုး ကျွန်တော်တို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ အောင်မြင်မှုရရှိလိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်မျိုး အလုံအလောက်ရှိရဲ့လား။ သိပ်ကို ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ အောင်မြင်မှုကို ရယူလိုစိတ် အသေအချာ ရှိပြီလား ဆိုတာ 
တကယ်ကို ပြန်လည် ဆန်းစစ်သင့်ပါတယ်။ 
ကျွန်တော်တို့ဟာ အောင်မြင်မှုအတွက် ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားမျိုးနဲ့ မလုပ်ဆောင်ဘူး၊ သာမန်ကာလျှံကာ အပေါ်ယံ နည်းလမ်းတွေနဲ့ပဲ နှစ်ပါးသွားနေမယ်၊ မိမိစိတ်ကို မိမိ ပြန်လည် ဆန်းစစ်မှု မပြုဘူးဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးနေဦးမှာပါပဲ .... ။

Related Posts