"အဖေများနေ့"


“ဖေဖေ့ကို တောင်းပန်ပါတယ်”

သို့ … ဖေဖေ

ချစ်လို့ကြင်နာလို့ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုမှာ သားသမီးရတနာလေးတွေ မွေးဖွားလာပြန်တော့ အိမ်ထောင်ဦးစီးဆိုတဲ့တာဝန်ဟာ ဖေဖေ့အတွက် ပိုပြီးပီပြင်လာခဲ့တယ်။ အိမ်ထောင်ဦးစီးလို့ အများက သတ်မှတ်ထားပေမဲ့ တကယ့် လက်တွေ့မှာတော့ ဖေဖေဟာ မိုးလင်းမိုးချုပ် အပြင်ထွက် စီးပွားရှာရင်း သားတို့သမီးတို့ရဲ့ အူဝဲအူဝဲနဲ့ ခြူသံဆည်းလည်းလေးကိုမှ မကြားရ၊ အိမ်မှာနေချင်သော်လည်း ရှိမနေနိုင်တဲ့ အိမ်ထောင်ဦးစီးအဖြစ် လှုပ်ရှားရုန်းကန်ခဲ့ပါပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေ မတစ်ထောင်သားတွေနဲ့ ဆက်ဆံရတဲ့အခါ ရင်ဆိုင်ရတဲ့ ပြဿနာမှန်သမျှ၊ မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးကို ထမ်းရွက်ထားရတဲ့အခါ ကြုံတွေ့ရတဲ့ ဒုက္ခမှန်သမျှကို မြိုချ … အိမ်ပြန်ရောက်လာတဲ့အခါ ဖေဖေ ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး။ သားနုသွေးနု ကလေးတွေမို့ ညဥ့်လွဲသန်းခေါင် ဂျီကျ၊ မလိုမကျလို့ ငိုပြတဲ့အခါတိုင်း သားတို့ကို အသက်နှင့်တမျှ ချစ်ရရှာတဲ့ဖေဖေဟာ ဆူညံပူညံ ဒီအသံတွေကို ဥပေက္ခာပြု၊ သာသာယာယာ ဆည်းလည်းသံတွေအဖြစ် မှတ်ယူပြီး နွေးထွေးမှု အကြင်နာများစွာနဲ့ ချော့သိပ်ရှာသေးတယ်။ မအိပ်ရလည်း ကိစ္စမရှိပါဘူးလေ … ဖေဖေ့ခမျာ သားတို့သမီးနဲ့ ညအချိန်လေးပဲ တွေ့ရတာမဟုတ်လား ……. ။ 

အသက် ၄၀ ကျော် ၅၀ … ဖေဖေဟာ တဖြည်းဖြည်း အိုမင်းလာခဲ့တယ်။  
အသက် ၁၀ နှစ်ကျော် ၂၀ စ ……… သားတို့တွေ အရွယ်ရောက်လာခဲ့တယ်။ 

“ငါ့သားလေး ကျောင်းတက်နေပြီကွ … င့ါသမီးလေး သိပ်စာကြိုးစားတာကွ” လို့ နှုတ်ကတပြောပြော၊ မောလို့မောမှန်းမသိဘဲ သားတို့ရဲ့ ပညာရေးအတွက် ဖေဖေဟာ ဆထက်ထမ်းပိုး စီးပွားရှာရပြန်တာပေါ့။ မိဘတိုင်းဟာ သူတို့ကိုယ်တိုင် ပညာမတတ်ရင်နေပါစေ၊ သားသမီးတိုင်းကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ကြတယ်မဟုတ်လား။ သားတို့ကို မိဘတွေထက် ထူးထူးချွန်ချွန် ပညာတတ်မြောက်စေလိုတဲ့ဖေဖေဟာ၊ ဖေဖေရဲ့ အစွမ်းအစအားလုံးကို သားတို့ရဲ့ပညာရေးအတွက် စီးပွားရှာရင်း နှစ်မြှုပ်လိုက်ပြန်တယ်။ ဟုတ်တာပေါ့ … ဖေဖေဟာ ပိုက်ဆံပိုရှာရမှာပဲ၊ တက္ကသိုလ်ဆက်တက်ဖို့၊ သင်တန်းတွေဆက်တက်ဖို့၊ အထက်တန်းကျောင်းသားဘဝကတည်းက ဝတ်ချင်စားချင် လည်ချင်ပတ်ချင်ဖြစ်လာတဲ့ သားတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့လေ …….။ 

ဒါပေမဲ့ သားတို့ဟာ ကိုယ့်ချစ်ရတဲ့ သားသမီးတွေ မွေးလာကတည်းက နာရီများစွာခွဲနေရ၊ သားသမီးတွေ မြီးကောင်ပေါက်အရွယ် ရောက်လာပြန်တော့လည်း အလုပ်တွေကြောင့် နာရီများစွာခွဲနေပြန်ရ … အသက်တမျှ ချစ်ရတဲ့ ကိုယ့်သားသမီးတွေကို အချိန်တိုင်း မြင်တွေ့ချင်ပေမဲ့ မတွေ့ရတဲ့ ဖေဖေ့ရင်ထဲက အချစ်မေတ္တာ ခံစားချက်တွေကို သားတို့မမြင်ခဲ့ဘူး။ ဖေဖေအိမ်မှာရှိနေတဲ့ ခဏကိုပင် သားတို့ဟာ လိုချင်တာမရတဲ့အတွက် ကလန်ကဆန်လုပ်မှု၊ ဖေဖေရဲ့ ဆုံးမမှုတွေကို နားလည်သဘောပေါက်စွာ လက်မခံခဲ့ဘဲ တစ်ခွန်းစ နှစ်ခွန်းစ ပြန်ခံပြောတတ်မှုတွေနဲ့ သားတို့ရဲ့ ကြည်လင်ချမ်းမြေ့တဲ့ မျက်နှာပေါ်က အပြုံးချိုချိုလေးကို မြင်တွေ့ချင်တဲ့ ဖေဖေ့ရဲ့ ဆန္ဒကို သားတို့ ရိုက်ချိုးခဲ့မိတယ်၊ ဖျက်ဆီးခဲ့မိတယ်၊ ဖေဖေ့ရဲ့ ပူပင်သောက အပူမီးတွေကို မငြှိမ်းသတ်တဲ့အပြင် ထပ်ဆောင်း အပူပေးသလိုတောင် ဖြစ်ခဲ့တယ်မဟုတ်လား … ဒါပေမဲ့ ဖေဖေ့ရင်ထဲမှာ အမုန်းမရှိခဲ့၊ သားသမီးတွေရဲ့ ကလန်ကဆန် ဆူဆူပူပူ ဂျီကျ အရွဲ့တိုက်တာတွေကို နားလည်ခွင့်လွှတ်စွာနဲ့ ဖေဖေဟာ ချစ်မြဲ ချစ်ဆဲပဲလေ။ သားတို့အမြဲ ပြုံးရွှင်နိုင်ဖို့၊ သမီးတို့အမြဲ ပျော်ရွှင်နိုင်ဖို့အတွက် ဖေဖေ့ရင်ထဲက မေတ္တာဟာ ဘယ်တော့မှ သေဆုံးခြင်းမရှိခဲ့ဘူး။ ချစ်ခင်ကြင်နာစွာနဲ့ သားတို့ကို မကြာခဏ ပြန်ချော့တတ်တဲ့ ဖေဖေ့မျက်နှာပေါ်က ကလူကျီစယ် အပြုံးချိုချိုလေးကို မြင်ယောင်မိတိုင်း သားတို့တွေ ခုချိန်မှာ ဖေဖေ့အပေါ် မတရားခဲ့တာတွေအတွက် နောင်တရမိနေတယ်။ 

သြော် … ဖေဖေရယ် 
ဖေဖေ့ရဲ့ ကြင်နာမှု
ဖေဖေ့ရဲ့ မေတ္တာစေတနာ 
ဖေဖေ့ရဲ့ နားလည်ခွင့်လွှတ်ခြင်း … ဒါတွေကို သားတို့ ငယ်စဉ်တုန်းက သဘောမပေါက်ခဲ့ဘူး၊ ဖေ့ဖေ့ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သားတို့နဲ့ မထိုက်တန်ခဲ့ဘူး၊ သားတို့ရဲ့ တုံ့ပြန်မှုက ဖေ့ဖေ့ ရင်ထဲက မေတ္တာပင်လယ်ကြီးနဲ့ ယှဉ်ရင် ရေတစ်ပေါက်သာသာပါ ဖေဖေရယ် … ၊ ဒါပေမဲ့ ဖေဖေ ဗွေမယူခဲ့ဘူး ….. ။

ဒီလိုနဲ့ ၆၀ ကျော် ၇၀ … ဖေဖေဟာ တဖြည်းဖြည်း အိုမင်းလာခဲ့တယ်။ 
အသက် ၂၀ ကျော် ၃၀ … သားတို့ဟာ တဖြည်းဖြည်း အတောင်အလက်စုံလာခဲ့တယ်။ 

လုပ်ငန်းခွင်မှာ ငယ်ရွယ်သူတွေအတွက်ပဲ နေရာရှိပြီး လူအိုတစ်ပိုင်းဖြစ်လာသူတွေအတွက် နေရာမရှိတော့တဲ့အခါ သားသမီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ဘူးဆိုပြီး ယောက်ျားရင့်မာကြီးဖြစ်လျက် ရင်ထဲမှာ ကြိတ်မှိတ်ငိုကြွေးမှုတွေ စတင်ခဲ့တာ သားတို့ မသိခဲ့ဘူး။ သားသမီးတွေ အလုပ်အကိုင်အဆင်မပြေတာကို သိရလိုက်တိုင်း ရင်ထဲမှာ ဆို့နင့်သွားရှာတဲ့ ဖေဖေရဲ့ ခံစားချက်ကို သားတို့ မသိခဲ့ဘူး။ လိုချင်ရာ၊ ဖြစ်ချင်တာတွေများလာတဲ့အခါ လိုအပ်တဲ့ ငွေကြေးကို ဖြည့်ဆည်းပေးချင်ပေမဲ့ အခြေအနေမပေးတော့တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်မြင်နေတတ်တဲ့ ဖေဖေ့ရဲ့ ပေးဆပ်အနစ်နာခံတတ်မှုကို သားတို့ မမြင်ခဲ့ဘူးလေ။

သူငယ်ချင်းတွေရဲ့ အဖေတွေနဲ့ နှိုင်းယှဉ်ပြီး အပြစ်မြင်ကြ၊ လိုချင်တဲ့ဆန္ဒမပြည့်တဲ့အခါ လူညံ့ကြီးတစ်ယောက်လို့ စွပ်စွဲတတ်ကြတဲ့ သားသမီးတွေကို ဖေဖေ ဘယ်တော့မှ အပြုံးမပျက်၊ မေတ္တာမရပ်ခဲ့ဘူး မဟုတ်လား။ အသက်ကြီးလာတာမို့ ရှာလို့ဖွေလို့ မကောင်းတဲ့အခါ သားတို့ပြန်ပေးတဲ့ ငွေကြေးလစာလေး စိုးစဉ်းမျှကို လက်ထဲမှ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပီတိရည်လဲ့နေတဲ့ မျက်လုံးအိမ်ထဲက အကြည့်တွေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြည်နူးဖြစ်ရရှာတယ်။ ဒါပေမဲ့ … ဖေဖေဟာ သားသမီးတွေဆီက ငွေကြေးတစ်စုံတရာကို လိုချင်တာမှမဟုတ်ဘဲ၊ သားသမီးတွေ စိတ်ချမ်းချမ်းသာသာရှိဖို့၊ ဘဝကို ပင်ပန်းဆင်းရဲခြင်းမရှိဘဲ သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် မိမိရဲ့ ကိုယ်စွမ်းကိုယ်စ၊ ဉာဏ်စွမ်းဉာဏ်စနဲ့ အချိန်တွေကို တစ်သက်လုံး မြှုပ်နှံထားချင်တဲ့ ပေးဆပ်သူကြီးတစ်ယောက်လေ။ 

သားတို့ အူဝဲအရွယ်ကစလို့ တလျှောက်လုံးပေးဆပ်လာခဲ့တဲ့ ဖေဖေ့ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့မပြောနဲ့၊ နာရီပေါင်းများစွာ ကိုယ်ချစ်ရတဲ့ကလေးတွေနဲ့ ခွဲခွာခဲ့ရတဲ့ ဖေဖေ့ကို ခုတစ်ခါ သားတို့က ထပ်ပြီး ခွဲခွာပြန်ပြီလေ။ အချိန်တန် အရွယ်ရောက်လို့ အတောင်အလက်စုံလာတဲ့သားတို့ဟာ ကြင်ယာတစ်လက်နဲ့အတူ တစ်အိုးတစ်အိမ် ထူထောင်လိုက်ကြပါပေါ့။
 
ဖေဖေဟာ
သားတို့ရဲ့ အောင်မြင်မှုအတွက်  
သမီးတို့ရဲ့ ပညာရေးအတွက်
ဒီသားသမီးတွေရဲ့ ဘဝခရီးလမ်း ဖြောင့်ဖြူးရေးအတွက် ထီးတစ်လက်အဖြစ် မိသားစုတစ်ခုလုံးကို သောကအပူတွေကင်းဝေးအောင် ရိပ်မိုးပေးခဲ့တယ်။ လေဒဏ် မိုးဒဏ် အပူဒဏ်တွေကို ရာသီမရွေး ရင်ဆိုင်ခဲ့ရတဲ့ ထီးဟာ တဖြည်းဖြည်းနဲ့ ကိုင်းကျိုး ယိုင်နဲ့လာပေမဲ့ သူ့ရဲ့ အရွက်အလက်တွေက မေတ္တာအကာအရံကြီးတစ်ခုလိုပါပဲ။ နောက်ဆုံးချိန်ထိတိုင်အောင် သားသမီးတွေအတွက် အရိပ်ရစေခဲ့တယ်။

သားတို့ ငယ်ငယ်တုန်းက စကားတစ်ခွန်းကြားဖူးတယ်ဖေဖေ။ မိဘမေတ္တာဟာ မြင့်မိုရ်တောင်ကြီးလိုပဲ တုနှိုင်းမရအောင် ကြီးမားမြင့်ထယ်လွန်းလှတယ်တဲ့။ သားတို့ အရွယ်ရောက်လာတဲ့အခါကျတော့ စကားတစ်ခု ထပ်သိရပြန်တယ်ဖေဖေ။ မြင့်မိုရ်တောင်ကြီးပြိုရင် မြင့်မိုရ်တောင်ကြီး ပိတတ်တယ်တဲ့။ မြင့်မိုရ်တောင်ကြီး မပြိုကျလိုက်ပါနဲ့ဦး … 

လောကဓံရှစ်ပါးမက အပါးရှစ်ဆယ်ကို အံကြိတ်ရင်ဆိုင်ခဲ့တဲ့ 
မြင့်မိုရ်တောင်ကြီး မပြိုကျလိုက်ပါနဲ့ဦး …
သားတို့ ထမ်းရွယ်ပါရစေ … 
သမီးတို့ ဖေးမကူပါရစေ …
ဒါပေမဲ့ ဖေဖေရယ် …
သားတို့ ရင်ထဲမှာ သိနားလည်လိုက်ရတဲ့အချိန် 
သမီးတို့ နှလုံးသားထဲမှာ သဘောပေါက်သိမြင်လိုက်ရတဲ့အချိန်
အဲ့ဒီအချိန် … အဲ့ဒီအချိန်ဟာ
လွန်ဆန်လို့မရတဲ့ သင်္ခါရတရားအောက်
မြင့်မိုရ်တောင်ကြီး ပြိုကျသွားချိန်မှလား …
ဒါမှမဟုတ်
မြင့်မိုရ်တောင်ကြီး မားမားမတ်မတ် ရှိနေဦးမှာလား … ။       ။
ဖေဖေ့ကို တောင်းပန်ပါတယ်။ 
ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံရင်း 
အရာအားလုံးကို ပေးဆပ်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာစေတနာ
ဒါတွေကို မသိကျိုးကျွန်ပြုခဲ့တဲ့
သားသမီးတွေကို အမြဲခွင့်လွှတ်နားလည်ပေးတတ်သူ 
ပေးဆပ်သမားကြီး ဖေဖေ့အတွက် 
သားတို့ သမီးတို့အားလုံး
‘ဖေဖေ့ကို တောင်းပန်ပါတယ်’ ။      ။

Related Posts