စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 18]


"စာရေးဆရာ ချစ်နိုင် ( စိတ်ပညာ ) ပြောတဲ့ လူငယ်နှင့်ဇွဲအကြောင်း"

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီတစ်ပတ်အတွက် Wun Zinn Digest ရဲ့ “စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများ” ( Motivational ) ကဏ္ဍမှ ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ ‘လူငယ်နှင့်ဇွဲအကြောင်း’ ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီအကြောင်းနှင့် ပတ်သက်သည့် ဆောင်းပါးစာစုကို စာရေးဆရာ ချစ်နိုင် ( စိတ်ပညာ ) ၏ “လူငယ်နှင့်ဇွဲ” စာအုပ်မှ ဝန်ဇင်းစာချစ်သူများအတွက် အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ 

ဇွဲကြောင့် 

လီယိုတော်လ်စတွိုင်းဆိုသော စာရေးဆရာကြီးသည် စာအုပ်ဆိုဒ်ကြီးဖြင့် စာမျက်နှာပေါင်း တစ်ထောင်ကျော်သည့် ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဟူသော ကမ္ဘာကျော် နိုဗယ်လ်ဂန္ထဝင် ဝတ္ထုရှည်ကြီးအား အဘယ်ကြောင့် ရေးနိုင်ခဲ့ပါသနည်း။ ဇွဲရှိလို့ပါ။ အခန်းတစ်ခန်းကို ရေးရာတွင် ရေးရင်း ပြန်ပြင်ရင်း အကြိမ်ပေါင်း ၈၁ ကြိမ်တိတိ အသစ်တဖန် ပြန်ပြင်ရေးခဲ့ရသည်ဟု မှတ်သားရဖူး၏။ ဤမျှ အာရုံဝင်စားပြီး အကောင်းဆုံးစိတ်ကူးရအောင် ရေးခဲ့၏။ 

မာဂရက်မစ်ချယ်ဟူသော အမေရိကန်သူ စာရေးဆရာမတစ်ဦးသည် ‘လေရူးသုန်သုန်’ အမည်ရှိ အမေရိကန်ပြည်တွင်းစစ်နောက်ခံ ဘဝသရုပ်ဖော် ကမ္ဘာကျော်နိုဗယ်လ်ဝတ္ထုရှည်ကြီးအား အဘယ့်ကြောင့် ရေးနိုင်ခဲ့သနည်း။ ဇွဲရှိခဲ့လို့ပါ။ 

ထိုဝတ္ထုကို ရုပ်ရှင်ရိုက်ကူးရာ ကမ္ဘာကျော်ဇာတ်ကားကြီး ဖြစ်ခဲ့ပြန်လေသည်။ ဝတ္ထုဇာတ်ကောင်များ၏ စရိုက်အကောင်းအဆိုးတို့သည် လူပီသ၏။ စင်းလုံးချော အကောင်းမရှိ၊ ဖန်တီးထားသော ဇာတ်ရုပ်အသေမဟုတ်။ ပကတိလောကရှိ လူအများနှင့် တူညီ၏။ အသက်ဝင်၏။ ဤဝတ္ထုရှည်ကြီးတစ်ပုဒ်တည်းဖြင့် မာဂရက်မစ်ချယ်သည် ကမ္ဘာကျော်၏။ 

ဆရာမြသန်းတင့်အမည်ရှိ မြန်မာစာရေးဆရာတစ်ဦးသည် လီယိုတော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး၊ မာဂရက်မစ်ချယ်၏ လေရူးသုန်သုန်၊ အင်္ဂလိပ် ဘင်္ဂါလီကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ ကဗျာများ၊ တရုတ်ဂန္ထဝင် ဝတ္ထုရှည်ဖြစ်သော ခန်းဆောင်နီအိပ်မက် အစရှိသည့် ဘာသာပြန်စာအုပ်ပေါင်းများစွာကို ဘာသာပြန်ဆို ရေးသားနိုင်ခဲ့၏။ အဘယ့်အကြောင့် ကမ္ဘာ့ဂန္ထဝင် စာကောင်းပေကောင်း စာမျက်နှာပေါင်းများစွာကို သူတစ်ဦးတည်း ဘာကြောင့် မြန်မာပြန်နိုင်ခဲ့သနည်း။ ဇွဲရှိလို့ပါ။ ဘာသာပြန်စာပေဆု၊ အမျိုးသားစာပေဆုအဖြစ် နိုင်ငံတော်က ဆု ( ၄ ) ကြိမ်၊ ( ၅ ) ကြိမ်ထပ်ကာ ချီးမြှင့်ခဲ့ရ၏။

သာဓက

သက်ရှိထင်ရှား ရှိသူများအနက်မှ သာဓကပြရလျှင် ဆရာကြီးချစ်စံဝင်း၊ စာအုပ်ပေါင်း ၂၀၀ ခန့်ကို ဘာကြောင့် ရေးနိုင်ခဲ့ပါသနည်း။ ဆရာမကြီး ဒေါက်တာမတင်ဝင်းသည် စာအုပ်ပေါင်း ၁၅၀ ခန့်ကို ဘာကြောင့် ရေးနိုင်ခဲ့ပါသနည်း။ စာအုပ်တစ်အုပ် မဆိုထားနှင့် စာတစ်ပိုဒ်ကို စာဖတ်သူ ကြိုက်နှစ်သက်အောင် ဖတ်ချင်အောင် ကောင်းကျိုးရစေအောင် ရေးဖြစ်ဖို့ မလွယ်ချေ။ စေတနာလည်း ထက်သန်ရမည်။ ဉာဏ်ပညာလည်း ပြည့်စုံရမည်။ အတတ်ပညာလည်း ရှိရဦးမည်။ ထိုအချက်တို့ထက် အဓိကကျစွာ လိုအပ်သောအရာကား မိမိလုပ်သောအလုပ်မှာ ဇွဲရှိခြင်းဖြစ်ကြောင်း ထင်ရှားစွာ သိမြင်ရပါသည်။ 

ဇွဲပါမှရသည်

အခြားအင်္ဂါလက္ခဏာရပ်များ ကောင်းစွာပြည့်စုံပါလျက် ဇွဲမရှိသောကြောင့် အောင်မြင်မှုပန်းတိုင်နှင့် လွဲချော်ခဲ့ရသူများ၏ ရှုံးနိမ့်မှု ဥပမာ သာဓကများမှာ များပြားလှပါသည်။ ဇွဲမပါလျှင် ဘာမျှမအောင်မြင်နိုင်ပေ။ ဇွဲပါလျှင် အရာရာ ဘာမဆိုအောင်မြင်နိုင်ပေသည်။ 

( က ) လုပ်ဆောင်နိုင်သမျှ အကုန်အသုံးချပြီး လုပ်ဆောင်ပါ။ 
( ခ ) ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် လုပ်ဆောင်ပါ။ 
( ဂ ) အလုပ်ကိုပြီးမှ လတ်စသတ်ပါ။ တစ်ပိုင်းတစ်စနှင့် ပစ်မထားရ။
( ဃ ) အလုပ်ကို ပိုပြီး ကြိုးစားလုပ်ပါ။ 
( င ) ယုံကြည်ချက် တစ်ခုခုအတွက် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ပါ။ 
( စ ) အလုပ်ကို ပြိုင်ပွဲတစ်ခုအဖြစ် သဘောထားပါ။ 

[ အမှန်တကယ်လည်း အချိန်နှင့် ယှဉ်ပြိုင်နေရခြင်း ဖြစ်ပါသည်။ အချိန်က တစ်စက္ကန့်မှ ရပ်စောင့်မနေ ] အရာရာမှာ ပြိုင်ဆိုင်ရသောခေတ် ဖြစ်ပါသည်။ 

ဆင်းရဲသားလေး 

ကမ္ဘာကျော် အမေရိကန် ဟောလီးဝုဒ်ရုပ်ရှင်လောကတွင် ယနေ့အထိ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ရှိခဲ့ပါ၏။ သူကား အများ သိပြီးကြပြီးသား ချာလီချက်ပလင်ဖြစ်၏။ သူ၏ အောင်မြင်မှု ဘဝခရီးကား ခက်ခဲကြမ်းတမ်းခဲ့ပါ၏။ ချာလီချက်ပလင်ကို ၁၈၈၉ ခုနှစ်မှာ အင်္ဂလန်၌ မွေးဖွားခဲ့၏။ သူ့ဖခင်က မထင်မရှား ဂီတသမား၊ သူ့အမေက ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံမှာပဲ အမြဲတမ်း ကုသခံနေရသည့် လူနာဖြစ်၏။ သူတို့မိသားစုက ဆင်းရဲသည်။ မိဘမဲ့ဂေဟာမှာ နေခဲ့ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းခွင်ထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည်။ အလုပ်ကြမ်းမျိုးစုံလုပ်ရင်း လူငယ်ဘဝကို ဖြတ်သန်းခဲ့ရသည်။ သူ့ဘဝသည် ကြမ်းတမ်းလှ၏။

အသက် ၁၇ နှစ်အရွယ် ရောက်သောအခါ သူသည် ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အတန်အသင့် နာမည်ရစ ပြုလာပါပြီ။ ၁၉၁၄ ခုနှစ်၊ သူ့အသက် ၂၅ နှစ်မှာ အင်္ဂလန်မှ အမေရိကန်သို့ ချာလီချက်ပလင် ရောက်လာခဲ့သည်။ ဟောလီးဝုဒ်မှာ တစ်ပတ်လျှင် ဒေါ်လာ ၁၈၀ နှင့် စတူဒီယိုတစ်ခု၌ အလုပ်ရ၏။ တစ်နှစ်ကြာသောအခါ သူသည် သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ တာဝန်များကိုယူကာ ရုပ်ရှင်ဇာတ်ကား ( ၃၅ ) ကားကို စက်နှင့်လှည့်ထုတ်လိုက်သကဲ့သို့ ဖြောဖြော ဖြောဖြော သွန်ချကာ ထုတ်လုပ်ပြလိုက်လေသည်။ 

ဇွဲနှင့်လူငယ်

ချာလီချက်ပလင်၏ စွမ်းဆောင်မှုမှာ သာမန်လူ ၁၀ ယောက်စာလောက်က ငါးနှစ်လုပ်မှပြီးနိုင်သော လုပ်ငန်းများကို အရည်အသွေးအားဖြင့် အနုပညာအဆင့်အတန်း မြင့်စွာသော ရုပ်ရှင်ကားများကို တစ်နှစ်အချိန်အတွင်း ထုတ်လုပ်ချလိုက်၏။ သူ၏ အနုပညာအစွမ်း အံ့မခန်းကို ကမ္ဘာတစ်ဝှမ်းလုံးက အံ့အားသင့်စွာ အားပေးချီးကျူးကြသဖြင့် ချာလီချက်ပလင်ဟူသော နာမည်သည် ၁၉၁၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ အနှစ် ၁၀၀ အတွင်း ပြိုင်ဘက်မရှိ ထင်ရှားကျော်ကြားနေပါတော့၏။

သူ၏ ဝင်ငွေသည်လည်း တစ်ပတ်လျှင် ဒေါ်လာ ၁၂၅၀ ဖြစ်လာလေ၏။ ပထမကမ္ဘာစစ်ကြီးပြီးစ ၁၉၁၈ ခုနှစ်တွင် ပထမဦးဆုံး ဟောလီးဝုဒ်၏ ကန်ထရိုက်စာချုပ်ကို ဒေါ်လာတစ်သန်းနှင့် လက်မှတ်ရေးထိုးပြီး ရခဲ့၏။ ၁၉၄၃ ခုနှစ်တွင်ကား ချာလီချက်ပလင်သည် အမေရိကန် ဟောလီးဝုဒ်ရုပ်ရှင်လောကတစ်လုံးတွင် အထင်ရှား အကျော်ကြားဆုံး သရုပ်ဆောင်၊ ဒါရိုက်တာအပြင် အလွန်တရာ ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးလည်း ဖြစ်နေပေပြီ။ 

ဇွဲနှင့်အောင်ပွဲ

သူ၏ သင်ယူတတ်မြောက်လွယ်မှုနှင့် ဇွဲကောင်းခြင်းမှာ သူမတူအောင် ထူးခြားလှလေ၏။ ဇွဲရှိစွာ အလုပ်ကို အာရုံစူးစိုက် လုပ်ဆောင်သလောက်လည်း အောင်မြင်မှုများ၊ အောင်ပွဲများ ဆက်ကာဆက်ကာ ရရှိခဲ့လေသည်။ ကျေနပ်ရပ်တန့်မနေဘဲ ပရိသတ်ကို ကောင်းသထက်ကောင်းအောင် မည်ကဲ့သို့ ဖန်တီးဖျော်ဖြေမလဲဟု ငယ်စဉ်ကပင် သူ အမြဲ စဉ်းစားလေ့ရှိ၏။

ဇွဲရှိခြင်းကြောင့် သူသည် သရဖူဆောင်းနိုင်ခဲ့၏။ ဇွဲရှိမှသာ အရာရာအောင်မြင်စမြဲပဲ မဟုတ်ပါလား။ 

ချစ်နိုင် ( စိတ်ပညာ ) 
၂၂-၁၂-၂၀၁၅
………….
ဝန်ဇင်းသတင်းစကား ။       ။ ဖတ်ရှုရ အကျိုးရှိစေပြီး မိမိအတွက် အသိအမြင် တစ်စုံတရာ ရရှိသွားစေမယ့် စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများကို Wun Zinn Digest မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 
………….
“ဒီပို့စ်လေးကို ဖတ်ရှုပြီး ဝန်ဇင်းစာချစ်သူများအတွက် တစ်စုံတရာ အကျိုးဖြစ်ထွန်းသွားတယ်၊ ဖတ်ရှုရ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ  ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … ။ 

Related Posts