စိတ်ခွန်အားဖြစ်ဖွယ်စာစုများ [Motivational Article - 21]


“RS များအတွက် ရည်စားချော့နည်းပေါင်းချုပ်” 

မင်္ဂလာ ညနေခင်းပါဗျို့ …..

ဝန်ဇင်းပရိသတ်ကြီးထဲမှာ RS တွေများ ရှိမလားခင်ဗျ။ ဒီတစ်ပတ်အတွက် Motivation ကဏ္ဍကနေ ဖော်ပြထားတဲ့ ခေါင်းစဉ်က RS များအတွက် ရည်းစားချော့နည်းပေါင်းချုပ် ဖြစ်နေတော့ ဝန်ဇင်းပရိသတ်ကြီးထဲက Single တွေ၊ FA တွေအနေဖြင့် ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ကျော်တော့ မသွားပါနဲ့ဗျာ။ တစ်ရက်ရက်မှာတော့ RS ချိတ်ကောင်း ချိတ်သွားမှာပဲ မဟုတ်လား။ 

ကဲ … ဒီတော့ ၊ စလိုက်ရအောင်။ RS တွေအတွက် ရည်းစားချော့နည်းတွေက ဘာတွေဖြစ်မလဲ ? 

Social Media တွေ ခေတ်စားလာတဲ့အချိန်မှာ RS တွေဟာ မကြာခဏ ပြတ်သွားလိုက်၊ ပြန်တွဲလိုက်၊ အသစ်ချိတ်လိုက်၊ အဟောင်းဆီ ပြန်လာလိုက်နဲ့ ရေရှည်တည်တံ့တဲ့ Relationship တစ်ခု ဖြစ်ဖို့ကတော့ တကယ်ကို မလွယ်တဲ့ ခေတ်အခြေအနေမှာ ရောက်နေတာကို သတိထား မိပါလိမ့်မယ်။ စတွဲကတည်းက သူ့အကြောင်းလည်း ဂဃနဏမသိ၊ ကိုယ့်အကြောင်းလည်း သူ ဘာမှမသိနဲ့ RS ဖြစ်သွားတာတွေလည်း မနည်းပါဘူး။ 

သုံးနှစ်သုံးမိုးဆိုတဲ့ စကားလုံးဟာ အခုခေတ်မှာတော့ ပုံပြင်သာသာ ဖြစ်နေပြီး၊ ဒါဟာ မကောင်းတစ်ဖက် ကောင်းတစ်ကွက်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ မိမိနဲ့ သင့်တော်မယ့် ကြင်ယာဘက်ကို အရွယ်မလွန်ခင် စိတ်ကြိုက် ရှာဖွေနိုင်တာပဲ ဖြစ်ပြီး၊ မကောင်းတဲ့အချက်ကတော့ ဘဝလက်တွဲဖော် ရွေးချယ်ရာမှာ အချိန်တိုတိုနဲ့ တစ်ဦးနှင့်တစ်ဦး သေချာ လေ့လာခြင်းမရှိ အလွယ်တကူ ဘဝသစ် ထူထောင်လိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ 

ဒီအခါမှာတော့ ပဋိပက္ခပေါင်းစုံက သင့်ဆီကို တရားမဝင်အောက်လမ်းနည်းနဲ့ရော၊ တရားဝင်နည်းနဲ့ပါ နည်းမျိုးစုံနဲ့ အခန်းတံခါးကို လာခေါက်တော့မှာ ဖြစ်ပါတယ်။ အဲ့ … ဒီနေရာမှာ သင့်ရဲ့ အချစ်က ကောက်ရိုးမီးလို ဟုန်းခနဲ ထထောက်ပြီး ချက်ချင်း ပြန်ငြိမ်းသွားတတ်တဲ့ အချစ်မျိုးဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီနေ့ဖော်ပြမယ့် အကြောင်းအရာကတော့ မိန်းကလေးတစ်ယောက်ကို ဖြစ်ဖြစ်၊ ယောက်ျားလေးတစ်ယောက်ကို ဖြစ်ဖြစ် အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားသူ RS တွေ အတွက် ရည်ရွယ်ပါတယ်။ 

ရည်းစားချော့နည်းများကို မလေ့လာခင်မှာ RS တိုင်းအတွက် သတိပြု အလေးထားစရာတွေ ရှိပါတယ်။ ဒီအချက်တွေကိုမှ သိမထားဘူး၊ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ သင့်တို့နှစ်ဦးရဲ့ Relationship ဟာ အလွယ်တကူ ပျက်စီးသွားပါလိမ့်မယ်။ ဒီတော့ … ကြည့်လိုက်ရအောင်လားခင်ဗျ။

*Boys*

၁။ သင့် ချစ်သူ ( ကောင်မလေး ) ကို လေးစားမှု ရှိပါ။ ( ဘယ် RS မဆို အချင်းချင်း အပြန်အလှန် လေးစားမှု မရှိရင် ဒါဟာ ကလေးသာသာ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်သွားပါလိမ့်မယ်။ )

၂။ သူ့မရဲ့ ခံယူချက်နဲ့ အတွေးအခေါ်၊ သဘောထားအမြင်တွေကို အလေးထားပါ။ ( အကြောင်းအရာတစ်ခုကို ပြောဆိုကြတဲ့အခါ ကိုယ့်အမြင်ချည်းပဲ ဦးစားပေး၊ တဇွတ်ထိုး ပြောဆိုတာမျိုး မပြုလုပ်သင့်ပါဘူး။ )

၃။ သူမ ပြောတဲ့ အကြောင်းအရာတွေကို ဂရုတစိုက်နဲ့ နားထောင်ပေးပါ၊ ပြီးတော့ မှတ်သားထားပါ။ ( အနည်းဆုံးတော့ သူမ ဘာကြိုက်တတ်လဲ ဘာမကြိုက်တတ်ဘူးလောက်တော့ သိထားသင့်ပါတယ်။ )

၎။ သူမဘာလုပ်လုပ်၊ သူမအပေါ် သင့်ရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်မှု ရှိတယ်ဆိုတာကို ဖော်ထုတ်ပါ။ ( မိန်းကလေးတွေက ကိုယ့်ချစ်သူ ကောင်လေးက သူ့အပေါ် အာရုံစိုက်မှုရှိတာ၊ စိတ်ဝင်တစားရှိတာကိုပဲ လိုချင်ကြပါတယ်။ )

၅။ သူမဟာ ကိုယ့်အတွက် တစ်ခါတရံမှာ ကလေးဆန်တတ်ပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ရောက်လာတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်က လူကြီးလူကောင်းဆန်ဆန် ပြုမူသင့်ပြီး သူမနဲ့ အတူ ဆုံးဖြတ်ချက်များ ချမှတ်ပါ။ ( ကိုယ်က သူမအတွက် အကိုတစ်ယောက်လို၊ ဦးလေးတစ်ယောက်လို၊ ဖခင်တစ်ယောက်လို ဖြစ်သင့်ပါတယ်။ ) 

၆။ သူမရဲ့ ခံစားချက်တွေကို နားလည်ပါ။ ရင်ထဲမှာ မျိုသိပ်ထားတဲ့ ခံစားချက်တွေအတွက် သင်ဟာ နားထောင်သူတစ်ယောက်၊ အားပေးနှစ်သိမ့်သူတစ်ယောက် ဖြစ်ပါစေ။ ( မိန်းကလေးတွေ အထီးကျန်ဆုံးအချိန်၊ ဝမ်းနည်းဆုံးအချိန်တွေမှာ သူမရဲ့ ချစ်သူ အနားမှာ ရှိနေပေးမှာကို အမြဲတောင့်တလေ့ ရှိကြပါတယ်။ )

၇။ သူမနဲ့ ပတ်သက်ရင် ကြောက်သလိုလို ရွံ့သလိုလို လုပ်မနေဘဲ ကိုယ့်ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုပါ။ ( မိန်းကလေးအများစုက ရင်ထဲမှာ မြုံနေပြီး ပွင့်လင်းမှုမရှိတဲ့ ယောက်ျားလေးတွေကို မနှစ်သက်ကြပါဘူး။ ) 

၈။ သူမကို ဂရုစိုက်ပါ၊ ဘယ်အရာအဆို သူမဘက်က ရှိနေပေးပါ၊ ပြီးတော့ သာမန်ချစ်သူဘဝကစလို့ ကိုယ်က အရာရာကို ဦးဆောင်တဲ့သူတစ်ယောက် ဖြစ်နေပါစေ။ ( ဆုံးဖြတ်ချက်တစ်ခုချဖို့ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေတတ်တဲ့ ယောက်ျားမျိုးကို ဘယ်မိန်းကလေးမှ အထင်မကြီးပါဘူး။ ) 

၉။ သင့်ကောင်မလေးအတွက် အမှတ်ရစရာ အမှတ်တရတွေ၊ ကိုယ်ပိုင် စိတ်ကူး idea နဲ့ ဖန်တီးထားတဲ့ အရာတွေနဲ့ သူမကို ပျော်ရွှင်ပါစေ။ ( သိပ်ကို ရိုမန်တစ်ဆန်ဖို့ မလိုအပ်ပေမဲ့ မိန်းကလေးတွေဟာ သူမအတွက် တကူးတက သီးသန့် ဖန်တီးပြုလုပ်ပေးတဲ့ အရာတွေကို မြတ်နိုး တန်ဖိုးထားတတ်ကြပါတယ်။ ) 

*Girls*

၁။ ကိုယ့်ရဲ့ အရေးကြီးတဲ့ အရာတွေကို ကိုယ့်ချစ်သူ ( ကောင်လေး ) နဲ့အတူ တိုင်ပင်ပါ။ ဒါဟာ ကိုယ့်အားကိုယ်မကိုးဘဲ၊ မှီခိုလိုတဲ့စိတ်ကို အကျင့်ပါအောင် လုပ်တာမျိုး မဟုတ်ပါဘူး။ ကိုယ့်ချစ်သူဆီက အကြံဉာဏ်တောင်းတာ၊ ကိုယ့် ဘာလုပ်နေတယ်ဆိုတာကို ကိုယ့်ကောင်လေးကို အသိပေးတယ်ဆိုတာက ကိုယ့်ရဲ့ စိတ်ထဲမှာ သူအမြဲတမ်းရှိနေတယ် ဆိုတာကို ပြသခြင်းတစ်မျိုးပါပဲ။ ( ပြီးတော့ ယောက်ျားလေးတွေက ဆရာကြီး လုပ်ရတာကို သဘောကျလေ့ရှိပါတယ်၊ သူ့ဆီက အကြံဉာဏ်တောင်းတာဟာ ဆရာကြီးလုပ်ခိုင်းတာ မဟုတ်ပေမဲ့ သူ့ကို အလေးထားရာရောက်ပြီး သဘောကျ လက်ခံလေ့ရှိပါတယ်။ ) 

၂။ နားထောင်ကောင်းသူ တစ်ယောက် ဖြစ်ပါစေ။ ( ယောက်ျားလေးများဟာ အများအားဖြင့် မိန်းကလေးတွေလောက် စကားများများ မပြောတတ်ကြ၊ မိန်းကလေးတွေလောက် မျိုသိပ်ထားမှု သိပ်မရှိတတ်ကြပေမဲ့ သူတို့မှာလည်း ထုတ်မပြောဖြစ်တဲ့ အကြောင်းအရာပေါင်း များစွာ ရှိနေတတ်ပါတယ်။ ဘယ်အရာမဆို ကိုယ့်ချစ်သူ အတွက် ကိုယ်ဟာ နားထောင်သူ တစ်ဦးအဖြစ် ရှိနေပေးခြင်းဟာ သူ့အတွက် စိတ်ခွန်အား ဖြစ်စေပါတယ်။ ) 

၃။ သူ့ရဲ့ ခံစားချက်တွေကို မျှဝေခံစား၊ နားလည်မှုရှိပေးပါ။ ( ခုနက ပြောခဲ့သလိုပဲ၊ ယောက်ျားလေးတွေဟာ တော်ရုံကိစ္စတွေကို ပြောလေ့မရှိသလို ကိစ္စကြီးကြီးမားမားတွေကိုလည်း မျိုသိပ်ထားလေ့ရှိပါတယ်။ အဲ့ဒီအရာတွေက တစ်ခါတရံမှာတော့ ပေါက်ကွဲထွက်လာတတ်ပါတယ်။ ဒီလို အချိန်မျိုးမှာ သင့်ရဲ့ တုံ့ပြန်မှုကလည်း negative ပြနေမယ်ဆိုရင်တော့ သင်တို့ရဲ့ RS က ရေရှည် တည်တံ့မှာ မဟုတ်ပါဘူး။ )
 
၎။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ( ဒီအချက်ကတော့ အများကြီး အရေးကြီးပါတယ်။ ကျန်းမာရေးကအစ ပြောဆို နေထိုင်မှုပုံစံ အပါအဝင် အလှပြင်တာအဆုံး - ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကောင်းသလို၊ ကိုယ့်ချစ်သူအတွက်လည်း ဂုဏ်ယူစရာအချက်တစ်ချက် ဖြစ်နေမှာပါ။ ) 

၅။ သင့်ချစ်သူကောင်လေးကို ကြုံကြိုက်တဲ့အခါတိုင်းမှာ ချီးမွမ်းအားပေးမှု ပြုလုပ်ပါ။ ( ယောက်ျားလေး တော်တော်များများအတွက်ကတော့ သူတကယ် ချစ်ခင်မြတ်နိုးတဲ့ မိန်းကလေးဟာ သူ့အတွက်တော့ ဒုတိယ မိခင်ပါပဲ။ သင့်ဆီကနေ ချီးကျူးအားပေးတဲ့ စကားမျိုးကို တောင့်တမိလေ့ရှိပါတယ်။ သင့်ရဲ့ နှစ်သိမ့်မှုတွေကိုရောပေါ့။ )

၆။ သင့်ချစ်သူရဲ့ ကောင်းကြောင်းကို သင့်ရဲ့ သူငယ်ချင်းတွေကို ပြောပြထားတယ်ဆိုတာ သူ သိပါစေ။ ( ယောက်ျားလေးတွေက သူတို့ရဲ့ ချစ်သူဟာ သူ့အကြောင်းကို အခြား သူငယ်ချင်း အပေါင်းအသင်းတွေကို ပြောပြထားတဲ့အပေါ် ကြိတ်ပြီး သဘောကျလေ့ ရှိပါတယ်။ ) 

၇။ သင့်ချစ်သူရဲ့ ဘဝရည်မှန်းချက်တွေကို အထောက်အပံ့ပေးပါ။ ( အောင်မြင်သော ယောက်ျားတိုင်းရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ အမျိုးသမီးတစ်ဦး ရှိနေတတ်တယ်ဆိုတာ စိတ်ကူးနဲ့ ထင်ရာ ပြောဆိုထားတာ မဟုတ်ပါဘူး။ တကယ်ပဲ ကိုယ့်ရဲ့ အားပေး၊ ထောက်ခံမှုဟာ ကိုယ့်ချစ်သူရဲ့ ဘဝအတွက် စိတ်ခွန်အားတွေ ရရှိစေပါတယ်။ )    

………….

ကဲ ၊ ဒါတွေ ဖတ်ပြီးသွားတဲ့အချိန်မှာတော့ စာဖတ်သူဟာ “ကဲ … မင်းပြောတဲ့၊ ရည်းစားချော့နည်း ဘယ်မလဲ” လို့ မေးချင်နေပါလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ရည်းစားချော့နည်းရယ်လို့ သီးသန့် မရှိပါဘူး။ ကိုယ့်ချစ်သူရဲ့ စိတ်နေသဘောထားကို သိရှိပြီး၊ ကိုယ့်ရဲ့ အချစ်က တကယ်စစ်မှန်တယ်၊ အပျော်တွဲတာ မဟုတ်ဘူးဆိုရင်တော့ *ရည်းစားချော့နည်း* ဆိုတာ စာဖတ်သူအနေနဲ့ အလိုလို တက်မြောက်ပြီးသား အရာပါ။ ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကို စိတ်ဆိုးမှာ၊ အထင်လွဲကြမှာကို မလိုလားကြပါဘူး။ ဒါကြောင့် ဖြစ်နိုင်သမျှ နည်းနဲ့ ချစ်သူကို ချော့လေ့ရှိပါတယ်။ 

ဒါပေမဲ့ - ချော့လိုက်တော့မှ ပိုဆိုးသွားတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် အခု အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို နောက်တစ်ခေါက် ပြန်ဖတ်လိုက်ပါ၊ ပြီးတော့ ကိုယ့်ချစ်သူရဲ့ စိတ်နေသဘောထားကို နားလည် သဘောပေါက်ပြီး သာယာတဲ့ Relationship တစ်ခုကို အမြဲ တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။ 

( တကယ်လို့ ချော့ရခက်နေရင် comment box မှာ မေးလိုက်ပါ၊ ချက်ချင်းစိတ်ပြေသွားအောင် နည်းလမ်းပေးပါ့မယ် .. ဟဲဟဲ ) 

………….

ဝန်ဇင်းသတင်းစကား ။       ။ ဖတ်ရှုရ အကျိုးရှိစေပြီး မိမိအတွက် အသိအမြင် တစ်စုံတရာ ရရှိသွားစေမယ့် စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများကို Wun Zinn Digest မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန် တင်ဆက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

…………

“ဒီပို့စ်လေးကို ဖတ်ရှုပြီး ဝန်ဇင်းစာချစ်သူများအတွက် တစ်စုံတရာ အကျိုးဖြစ်ထွန်းသွားတယ်၊ ဖတ်ရှုရ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ  ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … ။

Related Posts