မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၁ ) [Article Entertainment-5]


ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာ ဝန်ဇင်းပရိသတ်ကြီးအတွက် ဖျော်ဖြေရေးကဏ္ဍကနေ တင်ဆက်ပေးလိုတာကတော့ မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၁ ) ပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ဟိုးမား၊ ဘီသိုဗင်နဲ့ ဆာရာဘန်းဟတ်တို့အကြောင်းကို အကျဉ်းမျှဖော်ပြထားပါတယ်။

၁။ ဟိုးမား ( c. 800 BCE – c. 701 BCE )

ဂရိစာဆိုကြီး ဟိုးမား ( Homer ) သည် မျက်စိနှစ်ကွင်း အလင်းမရသော စာဆိုကျော်ကြီးအဖြစ် ယခုအချိန်ထိ ထင်ရှားဆဲဖြစ်သည်။ ဘီစီ ၁၂၀၀ ခန့်က ထရွိုင်မြို့တွင်ဖြစ်ပွားခဲ့သော စစ်ပွဲကြီးအကြောင်း ဖွဲ့နွဲ့ထားသော ဂရိမဟာလင်္ကာကြီးနှစ်စောင်ဖြစ်သည့် အိလိယတ် ( Iliad ) နှင့် အိုဒက်ဆီ ( Odyssey ) တို့မှာ ၄င်း၏ ထင်ရှားကျော်ကြားသော လက်ရာဖြစ်ပြီး ရှေးဟောင်းဂရိစာပေ၏ အဓိကကျသော စာပေလက်ရာလည်းဖြစ်သည်။ ယခုခေတ်နောက်ပိုင်းတွင် ယင်းလင်္ကာကြီးများမှ ဝတ္ထုကြောင်းများကို ကောက်နုတ်ပြီး စကားပြေ၊ ကဗျာ၊ ပြဇာတ်တို့အဖြစ် ဖန်တီးခြင်း၊ လေ့လာခြင်းတို့ကို ပြုလုပ်လျက်ရှိကြသည်။ 


၂။ ဘီသိုဗင် ( ၁၇၇၀ - ၁၈၂၇ ) 

ဂျာမန်လူမျိုး ဘီသိုဗင် ( Ludwig van Beethoven ) သည် အသက် ( ၃၂ ) နှစ်အရွယ်တွင် နားလေးလာပြီး ၄င်းအသက် ( ၄၆ ) နှစ်တွင် နားလုံးဝ မကြားရတော့ချေ။ သို့သော် သူ နားလုံးဝမကြားပြီးချိန်တွင် ရေးစပ်ဖွဲ့ဆိုခဲ့သော သီချင်းကြီး သီချင်းခန့်၊ ( Symphony ) တေးသွားတို့ကား ယခုအချိန်အထိ ကမ္ဘာကျော်နေဆဲဖြစ်သည်။ ဘီသိုဗင်၏ နာမည်အကြီးဆုံး တေးသွားနံပါတ်မှာ Symphony NO.9 ပင်ဖြစ်ပြီး အခြားဆင်ဖိုနီတေးသွားများကိုလည်း ယခုခေတ် သံစုံတီးဝိုင်းများတွင် ပြန်လည်တီးခတ်ဆဲ ရှိသည်။

၃။ ဆာရာဘန်းဟတ် ( ၁၈၄၄ - ၁၉၂၃ ) 

ပြင်သစ်သရုပ်ဆောင်မင်းသမီး ဆာရာဘန်းဟတ် ( Sarah Bernhardt ) သည် ဒူးဆစ်ဒဏ်ရာကြောင့် ( ၁၉၀၅ ) ခုနှစ်မှာ ခြေတစ်ဖက်မသန်ဖြစ်ပြီး ( ၁၉၁၄ ) ခုနှစ်မှာတော့ ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရသည်။ ထို့နောက် ခြေအတုဖြင့်ပင် ဇာတ်စင်ပေါ် မင်းသမီးအဖြစ် ကခုန်ခဲ့ပြီး အသက်သေဆုံးသည်အထိ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်လက် အောင်မြင်ခဲ့သည်။ ရှိတ်စပီးယား၏ နာမည်ကျော် “ဟမ်းမလက်” ပြဇာတ်အပါအဝင် အချို့ပြဇာတ်များတွင်လည်း အမျိုးသားသရုပ်ဆောင်အဖြစ် ကပြဖျော်ဖြေခဲ့သေးသည်။ 

Ref; hcdg.org / SuccessStory.com

မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၂ ) ကို ( ၁၇-၄-၁၈) အင်္ဂါနေ့ ညနေ ၃ နာရီအချိန်မှာ ဆက်လက်တင်ဆက်ပေးသွားပါမယ်။








Related Posts