စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ ?


စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ ? 

စာအုပ်တစ်အုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်ထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။ ဒါတွေကတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
 
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတစ်ပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်းရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာကို ခွင့်လွှတ်ကြပါ။ 

ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုနှစ်ရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလိပ် နပိုလီယန်စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တစ်နည်းပြောရရင် ဗြိတိသျှအင်ပါယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။

ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။ 

ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ သစ်ကြားသီး ခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။ 

ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကို သွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။ 

ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား။ အသက်ပေးမလား ဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။ 

ကျွန်တော်တို့တစ်တွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့အကြောင်းကို ပြောနေရသလဲ။ ခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတစ်မျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတစ်မျိုးဟာ နားဝင်မှာ မဟုတ်ဘူး။ 

“ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်တွေပါတဲ့ စာကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်မှကိုလည်း လက်ခံနိုင်မှာ မဟုတ်ဘူး”

“လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင် အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက် လိုက်နေရင် အဲဒီ လူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး”

ကျွန်တော် ပြောခဲ့တဲ့စကားတွေဟာ ရင့်သည်းတယ်လို့များ ထင်ကြရင် သည်းခံနားထောင်ကြပါ။ ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။ 

[ ၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ဝိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်တိုက်အသင်း စာပေဆုပေးပွဲ အခမ်းအနားတွင် ပြောသည့်စကား ] 
…….
။	။ အခု ဖော်ပြခဲ့တဲ့ အကြောင်းအရာကို ဆရာမြသန်းတင့်ရဲ့ ‘အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ’ ဆိုတဲ့ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ 

Related Posts