“နိုင်ငံကျော်တေးရေးဆရာမြို့မငြိမ်း ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတာလဲ”[Article Entertainment-13]


“နိုင်ငံကျော်တေးရေးဆရာမြို့မငြိမ်း ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတာလဲ”
…..

“ပြာရီမှိုင်းကာမို့မို့ ××× ညို့ညို့ညိုလွင်၊ ညင်းလေပြည်သွေးလို့သာ ×××” အစချီတဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့ တေးဆိုသံ၊ မင်းသမီးကြီး ချိုပြုံး နဲ့ ဟေမာနေဝင်းတို့ရဲ့ သီဆိုမှုတွေကို ကြားလိုက်ရတဲ့ခဏမှာတော့ ဒီသီချင်းကို မွေးဖွားခဲ့သူ မန္တလေးမြို့မ တူရိယာအသင်းကြီးရဲ့ အမြုတေဖြစ်တဲ့ နိုင်ငံကျော်တေးရေးဆရာ မြို့မငြိမ်းကို အောက်မေ့မိပါတော့တယ်။ 

ဆွေးမြေ့လွမ်းဆွတ်ဖွယ်ကောင်းသော ဆရာကြီးမြို့မငြိမ်း၊ ဆရာငြိမ်းရဲ့ နောက်ဆုံးရေးစပ် ဖန်တီးခဲ့သော “တိမ်လွှာမို့မို့လွင်” သီချင်းဟာ ခုချိန်ထိ ဟောင်းနွမ်းခြင်းမရှိ၊ အမြဲသစ်လွင်နေဆဲဆိုတာ ဒီသီချင်းကို ခံစားဖူးသူတိုင်း သိကြပါတယ်။ ခုဆိုရင်တော့ ဆရာငြိမ်းကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ( ၇၀ ) ခန့် ရှိပါပြီ။ 

“မြို့မငြိမ်း” ဆိုတဲ့ နာမည်ကို ကြားသိလိုက်တာနဲ့ နိုင်ငံကျော်တေးရေးဆရာမှန်း၊ မန္တလေးမြို့မတူရိယာအသင်းကြီးကို ဦးဆောင်သူတစ်ဦးဖြစ်မှန်း နားလည် သဘောပေါက်ကြပေမဲ့ သူ ကွယ်လွန်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ ဂဃနဏ တိတိပပ သိရှိသူရှားသလို ဆရာငြိမ်းအကြောင်း ရေးသားထားတဲ့ စာအုပ်စာတမ်းကလည်း အင်မတန်ကို နည်းပါးလွန်းပါတယ်။ 

မြို့မငြိမ်းဘယ်သူလဲ - နိုင်ငံကျော်တေးရေးဆရာ မြို့မငြိမ်းကို ဖခင်ဖြစ်သူ ရွှေပန်းထိမ်ဆရာ ဦးညီနှင့် မိခင် ယွန်းထည်ကုန်သည် ဒေါ်ချစ်ဦးတို့မှ မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ တပေါင်းလဆန်း ( ၅ ) ရက်၊ မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ညီငယ်တစ်ဦးရှိခဲ့တဲ့ မြို့မငြိမ်းရဲ့ အမည်ရင်းက မောင်ကျော်ငြိမ်းဖြစ်ပြီး မိခင်ဖြစ်သူက သူ ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့တဲ့အပြင် ညီငယ် မောင်ကျော်သိန်းလည်း လူ့လောကကို စောစောစီးစီး စွန့်ခွာသွားခဲ့ပါတယ်။ 

မြို့မငြိမ်းဟာ ဖခင်နဲ့အတူနေထိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဘိုးဦးရိပ်နဲ့ အဘွား ဒေါ်မမလေးတို့က ခေါ်ယူမွေးစားခဲ့ကြတယ်။ ဒီလိုနဲ့ မြို့မငြိမ်းရဲ့ ငယ်စဉ်ဘဝဟာ မိခင်မေတ္တာငတ်၊ မွေးချင်းညီငယ်ကိုလည်း စွန့်လွှတ်လိုက်ရတဲ့အပြင် ဖခင်ဖြစ်သူနဲ့လည်း တစ်အိမ်တစ်နေရာစီ ခွဲခွာနေထိုင်ခဲ့ရတယ်။ 

ငယ်စဉ်က မန္တလေးမြို့ ဗုဒ္ဓဘာသာ နုဂ္ဂဟကျောင်းမှာ ပညာဆည်းပူးခဲ့ပြီး မန္တလေး အမျိုးသားကျောင်းမှ ဆက်လက် ပညာသင်ကြားခဲ့တယ်။ ဂီတမျိုးရိုးနောက်ခံမရှိပေမဲ့ မြို့မငြိမ်းဟာ အသက် ၁၄ နှစ်အရွယ်မှာ မန္တလေးမြို့နေ ပန်းချီဆရာကြီး ဦးဘသက်ထံမှာ ဗျပ်စောင်းအတီးကို စတင်သင်ကြားခဲ့ပြီး မင်းကြီး ဦးဆက်၏ညီ ဦးချက်နှင့် ဦးညီ၏ညီ ပန်းထိမ်ဆရာကြီး ဦးလင်းတို့ထံမှာ ဗျပ်စောင်းအတီးကို ဆက်လက်သင်ယူခဲ့တယ်။ 

ဒီ့နောက်မှာတော့ ဗျပ်စောင်းကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့အချိန်၊ ဂီတအနုပညာဘက်မှာ ပါရမီရင့်သန်သူပီပီ မယ်ဒလင်၊ ဘင်ဂျိုမှစ၍ အနောက်တိုင်းတူရိယာမျိုးစုံကိုလည်း ကျင်လည်စွာ တီးမှုတ်လာနိုင်တော့တယ်။ မြို့မငြိမ်းအဖြစ် သီချင်းတွေ ရေးစပ်ရင်းကနေ ဂီတသင်္ကေတပညာကိုလည်း ဂီတသင်္ကေတစာအုပ်ဝယ်ပြီး ကိုယ်တိုင်လေ့လာဆည်းပူးခြင်းဖြင့် တတ်မြောက်ခဲ့တယ်။ 

မြို့မတူရိယာအသင်း  - ဆရာမြို့မငြိမ်းဟာ ၁၉၂၅ ခုနှစ်၊ မြို့မတူရိယာအသင်းကို အုတ်မြစ်ချခဲ့ရာမှာ တစ်ဦးအဖြစ် ပါဝင်ခဲ့တယ်။ ၁၉၂၈ - ၂၉ ခုနှစ်ခန့်မှာတော့ မြို့မတူရိယာအသင်း တီးမှုတ်ရန်အတွက် သီချင်းကလေးများကို စတင်ရေးသားခဲ့တယ်။  ၁၉၃၆ ခုနှစ်၊ ဆရာ့အသက် ၃၀ စွန်းစမှာ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ စတဲ့ သီချင်းများကို ဓာတ်ပြားသွင်း ထုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ ဂီတလောကမှာ “မန္တလေးမြို့မ မောင်ညိမ်း”၊ ထိုမှ “မြို့မငြိမ်း”၊ “မြို့မငြိမ်း” ဟူ၍ ဖြစ်လာတယ်လို့ သိရပါတယ်။ 

မန္တလေးမြို့၊ မန္တလေးရုပ်ရှင်ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာ …
နိုင်ငံတော်အစိုးရ၏ အနုပညာရှေးသီချင်းကြီး မူမှန်ရရှိရေးအတွက် အထက်မြန်မာပြည်မှ ခန့်အပ်သော ကော်မတီလူကြီးအဖြစ် … 
မန္တလေးမြို့ရဲ့ ထိပ်တန်း နာမည်ကြီး တူရိယာအသင်းဖြစ်တဲ့ မြို့မတူရိယာအသင်းရဲ့ နာမည်ကျော် ဂီတသမားတစ်ဦးအဖြစ် ဆောင်ရွက်ရင်း သီချင်းများ ရေးစပ်နေရာမှ … 

ဆရာမြို့မငြိမ်းဟာ 
မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ( ၁၃ ) ရက်၊ 
၁၉၅၅ ခုနှစ်၊ စက်တင်ဘာ ( ၁၅ ) ရက်နေ့မှာ “ကားတိုက်ခံရမှု” ဖြင့် ကွယ်လွန်ခဲ့တယ် … 
ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ 

ရွှေမန်းမှ ဂီတမှူးတစ်ဦး သေဆုံးသွားရခြင်း၊ ကားနင်းခံရပြီး မြို့မငြိမ်း ဘဝပြောင်းရှာခဲ့ပုံ ၊ အနုပညာသည်တစ်ဦး ကြေကွဲဖွယ်အဖြစ်တစ်ရပ်နှင့် ဇာတ်သိမ်းရှာပြီ ၊ နတ်သျှင်နောင်ကို ဂီတဖြင့် မော်ကွန်းတင်ခဲ့သူ သုခုမဂီတအနုပညာရှင်မြို့မငြိမ်း ..  စသည်ဖြင့် ဆရာငြိမ်း ကွယ်လွန်ခြင်းအကြောင်း ဖော်ပြခဲ့တဲ့ သတင်းတွေကို ဖတ်ရှုရတဲ့အခါ။ ဆရာငြိမ်းရဲ့ ကားတိုက်ခံရမှုဟာ မတော်တဆလား၊ တမင်ဝင်တိုက်ခံရတာလားဆိုတာ အတိအကျ မသိရပေမဲ့ အနုအပညာရှင် အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရတော့ ဆရာငြိမ်းဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။ 
…….
“တူနှစ်ကိုယ် ××× တဲအိုပျက်မှာနေရ၊ ရွှေပုံပေါ်မှာစံရ၊ ချစ်တာပဓာနလို့ ဆိုချင်ပါတယ် ×××”

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က ခေတ်စားခဲ့သော ဤချစ်ပဓာန သီချင်းကို ရေးစပ်ခဲ့သူ ဂီတအနုပညာရှင် ဆရာမြို့မငြိမ်းကား … လွန်ခဲသည့် စက်တင်ဘာ ( ၁၅ ) ရက်နေ့က ကွယ်လွန် အနိစ္စ ရောက်ခဲ့လေပြီ။ 

ဤသီချင်းသည် ဆရာငြိမ်း၏ ဘဝဝယ် ထူးခြားထင်ရှားသော ထုံးမှတ်တိုင်တစ်ခုဖြစ်၏။ အောင်မြင်ခြင်း၏ အစဖြစ်၏။ ထို့နောက်တွင်ကား တချစ်တည်းချစ်၊ မဲဇာ၊ ပျို့မှာတမ်း၊ နတ်သျှင်နောင်၊ သက်ဝေ၊ ရေခင်းတော်၊ ငွေစင်ရော်၊ ပြုံးတုံ့လှယ် .. စသည့် သီချင်းများကြောင့် ဆရာငြိမ်း အနုပညာ ဂုဏ်ကျက်သရေတို့မှာ ဖြာဝေထွန်းလင်း၍ မဆုံးနိုင်အောင် ဖြစ်ခဲ့လေတော့သည်။ 

ဒုတိယကမ္ဘာစစ်အတွင်းက အထူးခေတ်စားခဲ့သည့် နတ်သျှင်နောင် သီချင်းဆိုလျှင် ရိုးရိုးအချစ်သီချင်းအဖြစ်ဖြင့်သာမက၊ ရာဇဝင်၌ စစ်ရေးနှင့် စာပေရေးတွင် ထင်ရှားခဲ့သူ နတ်သျှင်နောင်အား မော်ကွန်းတင်လိုက်သည့် သီချင်းအဖြစ်လည်း ထူးခြားဆန်းသစ်ခဲ့လေသည်။ 
ထိုပြောင်မြောက်သော သီချင်းများကို ရေးစပ်ခဲ့သူ ဆရာငြိမ်းကား ဂီတအနုပညာမျိုးရိုး မဟုတ်ခဲ့ပေ။ ( ဗမာ့ခေတ်သတင်းစာ )
…….
ဆရာမြို့မငြိမ်း ကားကြိတ်ခံရမှုကို မဏ္ဍိုင်နေ့စဉ်သတင်းစာမှ သတင်းအပိုင်းအစတစ်ခုဖြင့် ဖော်ပြရရင်

“ကား … ကား … ကား”
ကားတိုက်သွားသော ဒဏ်ရာကြောင့် ဆရာငြိမ်း၏ ဦးခေါင်းမှာ ပြား၍ ရှည်ထွက်လာကြောင်း၊ ဆရာငြိမ်းအား တိုက်သွားသောကားကိုမူ မည်သည့်ကားဟူ၍ တိတိကျကျ မသိလိုက်ကြကြောင်း။ သို့ရာတွင် ထိုလမ်းမှာ အုတ်ကျဉ်းမှ အုတ်တင်သောကားနှင့် သဲတင်သောကားမှတပါး အခြား မည်သည့်ကားမျှ သွားသောလမ်းမဟုတ်ဟု သိရှိရကြောင်း။

ကားတိုက်ခံရမှုနဲ့ ကွယ်လွန်ခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ကားဘီးအောက်ကို တမင် ခေါင်းထိုးပေးခဲ့တယ်လို့ ဆရာ အောင်ခင်မြင့်ရဲ့ “တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန် အနုပညာဆီသို့” ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ရှုရမိတယ်။ စာချစ်သူတို့လည်း ဖတ်ရှုလေ့လာနိုင်ဖို့ ဆရာအောင်ခင်မြင့်ရဲ့ စာကို အနည်းငယ် ပြန်လည်ဖော်ပြလိုက်ပါတယ်။ 

“မြို့မငြိမ်း”
ချိုင်ကော့ဗ်စကီး ( Tchaikovasky ) ဟာ သူနောက်ဆုံးရေးဖွဲ့ခဲ့တဲ့ ‘ဆဋ္ဌမဆင်ဖိုနီ ( Sixth Symphony ) ကို သူ့ဘဝရဲ့ အကောင်းဆုံးလက်ရာလို့ ယူဆခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချိုင်ကော့ဗ်စကီးဟာ အဲဒီအထဲမှာ သူ့ရဲ့ ဝိညာဉ်တစ်ခုလုံးကို ထည့်သွင်းဖွဲ့ဆိုခဲ့လို့ပါပဲ။ ဒါပေမဲ့ ‘ဆဋ္ဌမဆင်ဖိုနီ’ ကို ကျိုးတိုးကျဲတဲ သြဘာသံတွေနဲ့ ခြောက်တိခြောက်ကပ် တုံ့ပြန်ခဲ့တယ်။ အဲဒီအချိန်က စိန့်ပီတာစဘတ်ဟာ ‘ဆဋ္ဌမဆင်ဖိုနီ’ ကို နားလည်ခဲ့ဘူး။ ချိုင်ကော့ဗ်စကီး စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ ( သူဟာ ကာလဝမ်းရောဂါ ဖြစ်ပွားနေချိန်မှာ ကျိုချက်မထားတဲ့ရေကို တမင်သက်သက် သောက်ခဲ့တယ်။ )

ချိုင်ကော့ဗ်စကီးဟာ သူ့ရဲ့ ကျရှုံးမှုအတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သလို မြို့မငြိမ်းဟာလည်း သူ့ရဲ့ မအောင်မြင်မှုအတွက် ကားတစ်စီးရဲ့အောက်မှာ ခေါင်းထိုးပေးခဲ့တယ်။ ကျွန်တော်တို့ဟာ ချိုင်ကော့ဗ်စကီးရဲ့ မအောင်မြင်မှုကို နားလည်ရင် မြို့မငြိမ်းရဲ့ မအောင်မြင်မှုကို ပိုလို့တောင် နားလည်နိုင်သေးတယ်။ 

မြို့မငြိမ်းဟာ အလွန်လွတ်လပ်ရဲရင့်တဲ့ ဂီတပညာရှင်တစ်ယောက်။ သူက မြန်မာအမျိုးသားဝါဒ၊ မြန်မာ့အနုပညာနဲ့ နိုင်ငံတကာဝါဒ ( Internationalism ) ကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့တယ်။ သူဟာ ဆင်းဆင်းရဲရဲနဲ့ ဘဝတလျှောက်လုံး အနုပညာကို ဖန်တီးခဲ့တယ်။ မြို့မငြိမ်းရဲ့ အကြီးမားဆုံး အိပ်မက်ကတော့ ဆင်ဖိုနီတေးသွားတွေ ရေးဖွဲ့ဖန်တီးနိုင်ဖို့ပဲ။ မြို့မငြိမ်းရဲ့လိပ်ပြာဟာ သူအကောင်အထည် မဖော်နိုင်ခဲ့တဲ့၊ သူတစ်ယောက်တည်းသာ ကြားနိုင်တဲ့ အလွန်ပြင်းထန်တဲ့ ဆင်ဖိုနီတေးသွားတွေကြားမှာ တဖျတ်ဖျတ်နဲ့ ယောက်ယက်ခတ် ပျံသန်းနေခဲ့တယ်။ သူက အခက်အခဲတွေ၊ အကန့်အသတ်တွေ၊ မပြည့်စုံမှုတွေ၊ သူ့ရဲ့ ကြီးမားတဲ့ဆန္ဒတွေကို သူ့စိတ်ထဲမှာပဲ မထွေးနိုင် မအန်နိုင် သိမ်းဆည်းထားခဲ့တယ်။ မြို့မငြိမ်းရဲ့ စိတ်ပျက်မှုဟာ ချိုင်ကော့ဗ်စကီးရဲ့ စိတ်ပျက်မှုထက် ပိုခဲ့တယ်။ မြို့မငြိမ်းဟာ သူလုပ်ချင်ခဲ့တဲ့အရာကို အစပျိုးနိုင်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး။ 

ကျွန်တော်တို့ဟာ အနုပညာရှင်တစ်ယောက်ကို သူ သေဆုံးပြီးမှသာ ပိုမိုနားလည်ခဲ့ကြတယ်။ မြို့မငြိမ်းရဲ့ နောက်ဆုံးရေးစပ်ခဲ့တဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ‘တိမ်လွှာမို့မို့လွင်’ မှာ မြို့မငြိမ်းရဲ့ ညှိုးငယ်ဝမ်းနည်းမှုကို တွေ့ရတယ်။ သူ့ဘဝအပေါ်ကို တဖြည်းဖြည်း အုံ့ဆိုင်းလာတဲ့ မပျော်ရွှင်မှုကို တွေ့ရတယ်။ မြို့မငြိမ်းဟာ အနုပညာရဲ့ဒဏ်ကို မခံနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမျှော်မှန်းခဲ့တဲ့ အနုပညာဟာ အင်မတန်မှလှပတဲ့၊ လျှို့ဝှက်နက်နဲတဲ့၊ ဒြပ်မဲ့တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့ အနုပညာဖြစ်လို့ပဲ။ မြို့မငြိမ်းရဲ့ အနုပညာအတွက် စတေးမှုဟာ အပေါစားအနုပညာရှင်တွေကို တုန်လှုပ်စေခဲ့တယ်။ မြို့မငြိမ်းဟာ အနုပညာလောကအတွက် လေးနက်မှုကို အမွေအဖြစ် ထားရစ်ခဲ့တယ်။ …….. ။

ကိုးကား - မြို့မငြိမ်းနှင့်သူ့အနုပညာ။ တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့။ 
.............
"ဝန်ဇင်းပရိသတ်ကြီးလည်း ဆရာမြို့မငြိမ်းရဲ့ တေးသီချင်းတွေကို နားဆင်ခံစားဖူးတယ်၊ ဆရာငြိမ်းရဲ့ အနုပညာဘဝအကြောင်း စိတ်ဝင်စားမိတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြပါဦး" "စာချစ်သူတို့ သိရှိ ဖတ်ဖူးထားတဲ့ ဆရာမြို့မငြိမ်းအကြောင်းကိုလည်း Comment Box ထဲမှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ"

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 



Related Posts