သွားမယ်၊ စားမယ်၊ နှစ်ကူးသင်္ကြန်ဝယ် [Article Entertainment-6]


ကဲ … ဝန်ဇင်းပရိသတ်တို့ရေ 

လာမယ့် ၁၃ ရက်နေ့ ( သောကြာနေ့ ) မှာဆိုရင် သင်္ကြန်အကြိုနေ့ ကျရောက်လာတော့မှာဖြစ်ပြီး နောက်တစ်ပတ် ၁၆ ရက်နေ့အထိ နှစ်ကူး အတာသင်္ကြန်ကာလ လေးရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို သင်္ကြန်ကာလအတွင်းမှာ ရန်ကုန်မြို့တွင်း ရေပက်ခံထွက်လည်မယ့် သူတွေအနေနဲ့ သင်္ကြန်တွင်း စားသောက်စရာဆိုင်တွေ ပိတ်တယ်ဆိုပြီး စိတ်ညစ်မနေပါနဲ့ခင်ဗျ။ အကြောင်းကတော့ သင်္ကြန်ရက်အတွင်းမှာ ဖွင့်လှစ်ရောင်းချပေးသွားမယ့် စားသောက်ဆိုင်တွေ ရှိနေလို့ပါပဲ။ ဒီလို သင်္ကြန်တွင်းဖွင့်လှစ်မယ့် စားသောက်ဆိုင်အချို့ကို အောက်ပါအတိုင်း တင်ပြလိုက်ရပါတယ်။

၁။ OMG ရခိုင်ရိုးရာအစားအစာနှင့် ပင်လယ်စာချဉ်ငံစပ်
ဒီဆိုင်ကတော့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ  ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပြီး ရခိုင်ရိုးရာအစားအစာနဲ့ ပင်လယ်စာလက်ရာကောင်းမွန်တဲ့ ဆိုင်အဖြစ် နာမည်ကြီးပါတယ်။ ဒီဆိုင်မှာ ရခိုင်မုန့်တီ၊ ဟော့ပေါ့နဲ့ ထိုင်း၊တရုတ် အစားအစာတွေကိုလည်း ရရှိမှာပါ။ နေရာကတော့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဒါဝီ Junction နားမှာတည်ရှိပြီး၊ ကြည့်မြင်တိုင်မှာ ရှိတဲ့ဆိုင်လည်း သင်္ကြန်တွင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

၂။ လှိုင်မြို့နယ်ထဲက ဓမ္မာရုံလမ်းနားမှာရှိတဲ့ “စေတနာရှင် ထမင်းဆိုင်” ကလည်း သင်္ကြန်တွင်း ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆိုင်မှာတော့ မြန်မာထမင်းဟင်းတို့ကို သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ပြီး ဈေးနှုန်းမမြင့်လွန်းတဲ့အပြင် ဖော်ရွှေမှုရှိခြင်းတို့ကြောင့် သင်္ကြန်တွင်း ရွေးချယ်သွားရောက်သင့်တဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

၃။ နောက် ဆိုင်တစ်ဆိုင်ကတော့ 	ဝက်သားကြိုက်သူတွေအတွက် ကန္တာရထဲက အိုအေစစ်လိုဖြစ်မယ့် ဆိုင်ပါပဲခင်ဗျ။ ဆိုင်နာမည်က “မဝတုတ် ဝက်သားတုတ်ထိုး” ဆိုင်ဖြစ်ပြီး အမှတ် ( ၆၀ )၊ ဘုရားလမ်း၊ ဟံသာရိပ်မွန်အိမ်ရာ၊ ( ၅ ) ရပ်ကွက်၊ ကမာရွတ်မြို့နယ်မှာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီဆိုင်မှာ ဝက်သားတုတ်ထိုး၊ ဝက်သုံးထပ်သားကင်၊ အသားကင်၊ ဝက်အူစုံ၊ အငန်ပြုတ်၊ ဝက်ခေါင်းသုပ်၊ ဝက်ခြေထောက်ပြုတ်၊ ဝက်ဦးနှောက်အမျိုးမျိုး၊ ဝက်အူချောင်း၊ ဝက်ပေါင်သားကြော်၊ ဝက်ကောက်ညှင်းထုပ်၊ ဝက်အူစုံကြော် စတာတွေ မှာယူစားသောက်နိုင်မှာဖြစ်ပြီး ဝက်သားအထူး ကြိုက်သူများအတွက်ကတော့ ဒီလိုဆိုင်ကိုမှ မသွားရင် ဘယ်ဆိုင်ကို သွားမတုန်းဗျာ။

၎။ ရှူးရှဲရှူးရှဲနဲ့ ချမ်းနေသမျှ ပြေသွားစေရမယ့် စားစရာတွေ ရရှိမယ့်ဆိုင်ကတော့ “ရွှေနန်းတော်” ဆိုတဲ့  စားသောက်ဆိုင်ပါပဲ၊ ဒီဆိုင်ကတော့ အမှတ် ( ၁၆၂ - B )၊ အောက်ကြည့်မြင်တိုင် လမ်းမကြီး၊ ပထမသီရိ၇ိပ်သာနှင့် ဒုတိယသီရိရိပ်သာကြား၊ သစ်တောလမ်းအနီး အလုံမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး မန္တလေးမုန့်တီနဲ့ မြီးရှည်တို့ကို အထူးမှာယူ စားသောက်နိုင်မှာမို့ သွားဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ။

၅။ ရှူးရှဲရှူးရှဲဆိုလို့ ပူပူစပ်စပ်နဲ့ ပင်လယ်စာသရဲတွေအတွက် သတင်းကောင်းရှိတယ်ခင်ဗျ။ အဲ့ဒါကတော့ ရန်ကုန်မြို့တွင်းက ဟော့ပေါ့ဆိုင်အချို့ သင်္ကြန်တွင်း ဖွင့်လှစ်ထားမယ့် အကြောင်းပါပဲ။ ဦးစွာ လမ်းမတော်မြို့ထဲက ဘုန်းကြီးလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ စံပြရုပ်ရှင်ရုံအောက်က Mr. Mango Hot Pot ဆိုင်၊ ဗဟန်းက ဆရာစံလမ်းမှာရှိတဲ့ Beauty in the Pot ဆိုင်နဲ့ အရှေ့ရွှေဂုံတိုင်နားက Hot Pot Valley တို့ကလည်း သင်္ကြန်တွင်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရတယ်ခင်ဗျ။

၆။ ဒီ့အပြင် ကန်တော်ကြီး၊ မျှော်စင်ကျွန်းနားက La Chong Qing Hot Pot ဆိုင်နဲ့ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမပေါ်က Thai Pot ၊ Yangon Grill and Chill ၊ မရမ်းကုန်း၊ ပါရမီလမ်းထဲက O shabu Premium Hot Pot ၊ စမ်းချောင်းမှာဆိုရင် ဗဟိုလမ်း၊ ရွှေလောင်းလမ်းထိပ်က 7 Star Hot Pot ၊ ကျွန်းတောလမ်းနဲ့ ဂန္ဓမာလမ်းထောင့်က Shwe Wang Hot Pot ၊ စမ်းချောင်းလမ်းထဲက Shwe Apple Hot Pot ဆိုင်တွေလည်း ဖွင့်လှစ်ထားမှာပါခင်ဗျ။
၇။ ပြီးတော့ တောင်ဥက္ကလာ၊ သစ္စာလမ်းထဲက Hot Pot King Hot Pot and BBQ ၊ တာမွေ၊ တောင်မြောက်မြင်းပြိုင်ကွင်းလမ်းနားက Golden Pot Hot Pot and BBQ ၊ သင်္ဃန်းကျွန်း၊ ရတနာလမ်းပေါ်က La La Lah Grill and Pot နဲ့ Shwe Pan Sai BBQ and Buffet ၊ အလုံ၊ မင်းရဲကျော်စွာလမ်းထဲက Hot Pot City Ah Lone တို့လည်း သင်္ကြန်တွင်းမှာ ဆိုင်ပိတ်မထားဘူးလို့ သိရပါတယ်ခင်ဗျ။ 

၅။ ကဲ … ဟော့ပေါ့ပြီးတော့ ရှမ်းအစားအစာဘက် လှည့်ရအောင်ခင်ဗျ။ ရှမ်းအစားအသောက်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့တွင်းထဲဆိုရင်လည်း အနော်ရထာလမ်းနဲ့ ( ၁၃ ) လမ်းအနီး၊ အမှတ်  ၂၀၀ မှာ ရှိတဲ့ “ရှမ်းပြည်မြခင် ရှမ်းခေါက်ဆွဲ” ဆိုင်က သင်္ကြန်တွင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ရှမ်းအစားအစာစစ်စစ်ကိုမှ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ တကယ့်နေရာကောင်းဆိုတာ အသေအချာပါပဲခင်ဗျ။ ဒီဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်း၊ ဆန်စေး၊ မြီးရှည်၊ ဆန်ပြား၊ မြေအိုးမြီးရှည်၊ မာလာရှမ်းကော၊ တို့ဟူးနွေး၊ ပုစွန်တန်ပူရာ၊ ဖက်ထုပ်အစားအစာမျိုးစုံနဲ့ ကြက်၊ ဝက်စားစရာတွေအပြင် ဖျော်ရည် သောက်စရာမျိုးစုံကိုလည်း မှာယူစားသောက်နိုင်မှာ ဖြစ်ပါတယ်။

ကဲ … ဒီလိုဆိုတော့ သင်္ကြန်မှာ အပြင်ထွက်လည်မယ့်သူတွေအတွက် မနက်စာ၊ နေ့လည်စာ သုံးဆောင်ဖို့ စားသောက်ဆိုင်တွေ တကူးတက ရှာမနေရတော့ဘူးပေါခင်ဗျာ။ သင်္ကြန်ရေရွှဲပြီး ခိုက်ခိုက်တုန်နေပါစေ ပူပူစပ်စပ်ကလေးနဲ့ ရခိုင်မုန့်တီဆိုင်၊ ဗိုက်ပေါက်ထွက်အောင် ဆွဲလို့ရမယ့် ဝက်သားအထူးဆိုင်နဲ့ ငပိရည်နဲ့တို့စရာ မပါရင် ထမင်းမမြိန်သူတွေအတွက် မြန်မာထမင်းဆိုင်၊ ဟော့ပေါ့သရဲတွေအတွက် ဟော့ပေါ့နဲ့ ဘာဘီကျု ဆိုင်တွေကို အထက်ဖော်ပြပါ စားသောက်ဆိုင်စာရင်းအလိုက် သွားရောက်သုံးဆောင်ကြဖို့ သတင်းကောင်းပါးရင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

Related Posts