ဥပါယ်တံမျဉ် [Article Entertainment-2]


ပရိသတ်တွေရဲ့ ဝန်းရံမှုကြောင့်သာမက ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဟာ (၈)ပတ်မြောက် အထိ ရုံတင်ခွင့်ကို ရရှိသွားပြီဖြစ်ပါတယ်။ 
ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကိုတော့ ရန်ကုန်မှာရှိတဲ့ JCGV ရုံတွင်သာမက မန္တလေးနဲ့ ရေနံချောင်းမှာရှိတဲ့ Yadanar 3D Cinema တို့မှာ မတ်လ(၃၁) ရက်နေ့အထိ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာ ရရှိတဲ့ JCGV ရုံဝင်ခ အကျိုးအမြတ်တွေကိုတော့ ကလေးသူငယ်များဖွံ့ဖြိုးရေးနဲ့ မိဘမဲ့ ကျောင်းများ သို့ လှူဒါန်းသွားမှာ ဖြစ်တယ်ဆိုပြီး ဥပါယ်တံမျဉ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြထားပါတယ်။ သရုပ်ဆောင် ဇဏ်ခီအနေနဲ့လည်း နောက်ထပ် ပြသခွင့်ရတဲ့အပေါ် အရမ်းကို ဝမ်းသာနေပါတယ်။
"ဥပါယ်တံမျဉ် (၈) ပတ်ပြခွင့် မင်္ဂလာသတင်းကြောင့်  မဖော်ပြတက်အောင် စိတ်ထဲမှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ 
ဘာလုပ်ရမှန်းမသိတာနဲ့ ပရိတ်သတ်တစ်ယောက်ပေးတဲ့ မျက်မှန်ကိုတပ်ပြီး ပဲပေးလိုက်ရပါတယ်။ 
Thank you so much!"  ဆိုပြီး ပြောထားပါတယ်။
ရုံတင်ပြသတဲ့အချိန်မှာ နာမည်ကြီး မင်းသားတွေမပါတဲ့အတွက် ရုပ်ရှင်ရုံကြီးတချို့မှာ ပြသခွင့်မရခဲ့တဲ့ ဥပါယ်တံမျဉ်ဇာတ်ကားဟာ အခုဆိုရင် ပရိသတ်များရဲ့ အားပေးမှု အနုပညာရှင်များရဲ့ ချီးကျူးမှုကို ခံနေရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားဟာ ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကား နမူနာ ထွက်ချိန်မှာပရိသတ်တွေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတစ်ကားလို့ ထင်ခဲ့ကြပေမယ့်လည်း တကယ်တမ်း ဇာတ်ကားတစ်ခုလုံးကို ကြည့်တဲ့အချိန်မှာ လှည့်ကွက်တွေများစွာ သုံးထားတာကို တွေ့မြင်ရမှာပါ။

ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာကတော့ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသားသစ်ဖြစ်တဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ်တို့ပဲ ဖြစ်ပါတယ်။ ဇဏ်ခီဟာလည်း သူသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ လိုက်ဖက်ညီအောင် ကြိုးစားနိုင်ခဲ့သလို အောင်မြင့်မြတ်ဟာလည်း သူ့ရဲ့ ကာရိုက်တာကို အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကို မိန်းကလေး ဒါရိုက်တာ ဖြစ်တဲ့ ခရစ်(စ)တီးနားခီက ရိုက်ကူးတာဖြစ်ပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီးလေး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Related Posts