တစ်ချိန်တုန်းက ဆင်ဆာပိတ်ခံရဖူးတဲ့ အင်္ဂလိပ်သီချင်း ( ၁၁ ) ပုဒ် [Article Entertainment-27]


တစ်ချိန်တုန်းက ဆင်ဆာပိတ်ခံရဖူးတဲ့ အင်္ဂလိပ်သီချင်း ( ၁၁ ) ပုဒ်

၁။ Wake Up Little Susie - ဒီသီချင်းက ၁၉၅၇ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ The Everly Brothers အဖွဲ့က ဆိုထားတာဖြစ်ပြီး ရေဒီယိုမှ ထုတ်လွှင့်ခွင့် ပိတ်ပင်ခံရဖူးပါတယ်။ အကြောင်းကတော့ သူတို့သီချင်းဟာ စုံတွဲတွေ Living Together နေတဲ့ အကြောင်းကို အသားပေး ရေးသားထားတာကြောင့်လို့ ဆိုပါတယ်။ 

၂။ Splish Splash - ဒီသီချင်းကတော့ Bobby Darin ရဲ့ သီချင်းဖြစ်ပြီး ၁၉၅၈ မှာ ထွက်ခဲ့တာပါ။ လူတစ်ယောက် ရေချိုးကန်ထဲကနေထွက်ပြီး ပါတီပွဲတက်တဲ့အကြောင်းပါပဲ။ သီချင်းမလွှင့်ဖို့ အပိတ်ခံရတဲ့အကြောင်းကတော့ သီချင်းထဲကလူဟာ ဝတ်စလစ် ဖြစ်နေလို့ပါတဲ့။ တကယ်တော့ သဘက်ကို ပတ်ထားတယ်လို့ ဆိုပါတယ်။ 

၃။ Tell Laura I Love Her – Ray Peterson ရဲ့ သီချင်းဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်မှာ ထွက်တာပါ။ သိပ်ကို ဝမ်းနည်းဖို့ကောင်းလို့ ပိတ်တာလို့ ဆိုပါတယ်။ သီချင်းကတော့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က သူ့ချစ်သူကို လက်ထပ်လက်စွပ် ဝယ်ပေးနိုင်ဖို့ ကားပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ပထမဆုရအောင်ကြိုးစားရင်းနဲ့ အက်စီးဒင့်ဖြစ်ပြီး ကွယ်လွန်သွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။

၎။ Puff the Magic Dragon – Peter, Paul နဲ့ Mary ဆိုတဲ့ အဆိုတော်သုံးဦး ပေါင်းဆိုထားတာဖြစ်ပြီး ၁၉၆၂ မှာ ထွက်ရှိခဲ့တာပါ။ ဒီသီချင်း ထုတ်လွှင့်ခွင့် ပိတ်ပင်ခဲ့ဖူးတဲ့ အကြောင်းကတော့ မူးယစ်ဆေးကိစ္စတွေ ပါလို့ပါတဲ့။ 

၅။ My Generation – The Who အဖွဲ့က ဆိုထားတာဖြစ်ပြီး ၁၉၆၅ မှာ ထွက်ခဲ့တာပါ။ BBC Radio ကနေ ဒီသီချင်းကို ထုတ်လွှင့်ခွင့်မပေးဘဲ ပိတ်ခဲ့ပါတယ်။ သီချင်းဆိုတဲ့ ပုံစံက စကားထစ်သူတွေကို စော်ကားထားတဲ့ အခြေအနေ ဖြစ်သွားတာကြောင့်လို့ ဆိုပါတယ်။  

၆။ Let’s Spend the Night Together – The Rolling Stones ရဲ့ လက်ရာပဲဖြစ်ပြီး ၁၉၆၇ မှာ ဆိုခဲ့တာပါ။ The Ed Sullivan Show ပွဲမှာ ဒီသီချင်းကို မဆိုဖို့ ပိတ်ပင်ခံရဖူးပါတယ်။ မူလ သဘောတူထားတဲ့ စာသားအစား အခြား လက်မခံနိုင်တဲ့ စာသားကို ပြောင်းလဲသီဆိုခဲ့တာကြောင့်လို့ ဆိုပါတယ်။ 

၇။ A Day in the Life - ၁၉၆၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Beatles အဖွဲ့ရဲ့ သီချင်းပဲ ဖြစ်ပါတယ်။ Puff the Magic Dragon လိုပဲ သူ့ကို ပိတ်ပင်ခဲ့တဲ့အကြောင်းကတော့ သီချင်းထဲမှာ မူးယစ်ဆေးကိစ္စတွေ ပါနေတာကြောင့်လို့ ဆိုပါတယ်။ 

၈။ Lola – The Kinks ရဲ့ ၁၉၇၀ ထွက် သီချင်းဖြစ်ပါတယ်။ သူလည်း BBC Radio မှာ သီချင်းလွှင့်ခွင့် မရခဲ့ပါဘူး။ သီချင်းစာသားထဲမှာ ကိုကာကိုလာအကြောင်း ထည့်သွင်းထားတာဟာ ကြော်ငြာကို အခမဲ့ ကြေညာပေးရာရောက်နေတာကြောင့်လို့ ဆိုပါတယ်။ 

၉။ God Save the Queen – The Sex Pistols အဖွဲ့ရဲ့ ၁၉၇၇ ခုနှစ်ထွက် သီချင်းဖြစ်ပြီး အင်္ဂလန်ဘုရင်မကြီးအကြောင်း ညွှန်းထားတဲ့ သီချင်းစာသားတွေ ပါဝင်ပါတယ်။ ဗြိတိန်မှာတော့ ထိပ်တန်းစာရင်း ဝင်ခဲ့ပေမဲ့ ဘုရင်မကြီးရဲ့ ငွေရတုအခမ်းအနားမှာတော့ သီချင်းကို မလွှင့်ဖို့ ပိတ်ပင်ခဲ့ပါတယ်။ ဘာလို့ဆို သီချင်းထဲမှာ ဘုရင်မကြီးက လူမဟုတ်ဘူးလို့ ဆိုထားတာကြောင့် ဖြစ်ပါတယ်။ 

၁၀။ Walk Like an Egyptian - ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး The Bangles အဖွဲ့ရဲ့ သီချင်း ဖြစ်ပါတယ်။ ပိတ်ခံရတဲ့အကြောင်းကတော့ သီချင်းစာသားထဲမှာ ဖော်ပြအကြောင်းအရာတွေဟာ ဒေသန္တရအချိန် မှားယွင်းမှုကြောင့်လို့ ဆိုပါတယ်။

၁၁။ Cop Killer - ၁၉၉၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Body Count ရဲ့ သီချင်းဖြစ်ပြီး လော့အိန်ဂျလိစ်မှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းတွေအကြောင်း ထည့်သွင်း သီဆိုထားတာကြောင့် ပိတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

-	ဝန်ဇင်းသီချင်းချစ်သူတို့လည်း ဒီသီချင်းတွေကို နားဆင်ချင်တယ်ဆိုရင် You Tube မှာ ရှာဖွေ နားဆင်ကြည့်နိုင်ပါတယ်နော်။

Ref; mentalfloss.com

Related Posts