မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၂ )[Article Entertainment-7]


မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၂ ) 

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာ ဝန်ဇင်းပရိသတ်ကြီးအတွက် ဖျော်ဖြေရေးကဏ္ဍကနေ တင်ဆက်ပေးလိုတာကတော့ မသန်စွမ်းသူများထဲမှ ထင်ရှားကျော်ကြားသူများ ( အပိုင်း - ၂ ) ပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဟယ်လင်ကဲလား နဲ့ ဆူဒချန်ဒရန်း၊ ကမ္ဘာကျော်စာရေးဆရာ လော့ဒ်ဘရိုင်ရွှန် တို့ရဲ့ အကြောင်းတွေကို အကျဉ်းမျှ ဖော်ပြသွားမှာပါ။ 

၁။ ဟယ်လင်ကဲလား ( ၁၈၈၀ - ၁၉၆၈ )
ဟယ်လင်ကဲလား ( Hellen Keller ) ငယ်စဉ်ကတည်းက အမြင်အာရုံကွယ်ခဲ့တဲ့အပြင် အကြားစွမ်းရည်မဲ့သူ ဖြစ်ပေမယ့် သူမဟာ တက္ကသိုလ်ကျောင်းသူအရွယ်မှာပင် ဝိဇ္ဇာဘွဲ့ဂုဏ်ထူးတွေအပြင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကနေ ချီးမြင့်တဲ့ ဂုဏ်ထူးဆောင်ဒီဂရီဘွဲ့ကို အမျိုးသမီးတွေအနက် ပထမဆုံးရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တယ်။ ၁၈၈၀ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက်မှာ အမေရိကတိုက် တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ အလာဘားမားမှာ မွေးဖွားခဲ့တဲ့ ဟယ်လင်ကဲလားဟာ သူမအသက် (၂) နှစ်လောက်မှာ ဖြစ်ပွားခဲ့တဲ့ အမည်မသိ အဖျားရောဂါတစ်ခုကြောင့် အမြင်အာရုံနဲ့ အကြားအာရုံတွေကို ရာသက်ပန်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆာချူးဆက်ပြည်နယ်က မိန်းကလေးသီးသန့်သင်တန်းကျောင်း “ကိန်းဘရစ်ခ်ျ” ကိုတက်ရောက်၊ မျက်စိမြင်နားကြားတဲ့ အခြားကျောင်းသူတွေနဲ့ ရင်ပေါင်တန်းပြီး ဂျာမာန်၊ လက်တင်၊ အင်္ဂလိပ်စာနဲ့ သမိုင်း၊ သင်္ချာ ဘာသာရပ်တွေ သင်ကြားခဲ့တယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ မျက်မမြင်နားမကြားကျောင်းတွေအတွက် ထောက်ပံ့မှုတွေနဲ့ “ကျွန်မဘဝဇာတ်ကြောင်း” ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ကို ရေးသားဆောင်ရွက်နိုင်ခဲ့တဲ့ အတုယူအားကျစရာ ပုဂ္ဂိုလ်ကတော့ ဟယ်လင်ကဲလားပါပဲ။ 

၂။ ဆူဒချန်ဒရန်း ( စက်တင်ဘာ ၂၇၊ ၁၉၆၅ ) 
လက်ရှိအချိန်မှာ အိန္ဒိယရုပ်သံနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ အောင်မြင်နေတဲ့ နာမည်ကြီး အနုပညာရှင်တစ်ဦးကတော့ ဆူဒချန်ဒရန်း ( Sudha Chandran ) ဆိုတဲ့ အမျိုးသမီးပါပဲ။ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ မွေးဖွားတဲ့ တမီးလ်မိသားစုတစ်ခုက ဆင်းသက်သူ ဆူဒချန်ဒရန်းဟာ အိန္ဒိယရိုးရာအက တစ်ခုဖြစ်တဲ့ Bharatnatyam အကကို ကျွမ်းကျင်နှစ်သက်သူလည်း ဖြစ်တယ်။ ၁၉၈၁ ခုနှစ်၊ သူမရဲ့ တက်သစ်စ လူငယ်အရွယ်ဖြစ်တဲ့ အသက် ၁၆ နှစ်လောက်မှာတော့ လမ်းပေါ်က မတော်တဆမှုတစ်ခုကြောင့် သူမရဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံးမှာတော့ ၄င်းခြေထောက်ကို  ဖြတ်တောက်ကာ  ခြေတုအစားထိုးကုသမှု ခံယူခဲ့ရတယ်။ မိမိရဲ့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒီလိုဆိုးရွားမှု ဖြစ်စဉ်အပြီး (၂) နှစ်ခန့်အကြာမှာတော့ သူမဟာ အိန္ဒိယ၊ ဆောဒီအာရေဗျ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ ဘရာဟမ်၊ ရီမန်နဲ့ အိုမန် စတဲ့နိုင်ငံတွေမှာ အိန္ဒိယအကပညာရှင်အဖြစ် လှည့်လည် ဖျော်ဖြေရင်း သူမရဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို အနိုင်ယူခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာတော့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ရာဗီဒန်းနဲ့ လက်ထပ်ခဲ့ပြီး လက်ရှိအချိန်ထိ အနုပညာလုပ်ငန်းတွေကို ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ 

၃။ လော့ဒ်ဘရိုင်ရွန် ( ၁၇၈၈ - ၁၈၂၄ ) 
အင်္ဂလိပ်နိုဗဲလ်ဆုရှင်၊ ကဗျာဆရာနဲ့ စာရေးဆရာ၊ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ အမျိုးသားသူရဲကောင်းဘွဲ့ရခဲ့သူ လော့ဒ်ဘရိုင်ရွန် ( Lord Bryon ) ဟာ ဝက်ရူးပြန်ရောဂါရှိတဲ့အပြင်  ခြေတစ်ဖက်ခွင်နေသူတစ်ဦးအဖြစ် ကမ္ဘာကျော် မသန်စွမ်းလူပုဂ္ဂိုလ်များ စာရင်းဝင်သူတစ်ဦးလည်း ဖြစ်တယ်။ ၁၇၈၈ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ မွေးဖွားခဲ့တဲ့ သူဟာ ကမ္ဘာ့စာပေလောကရဲ့ အထင်ကရလှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ ရိုမန်တစ်စာပေအရေးအသား လှုပ်ရှားမှုကို ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ “She Walks in Beauty” ဟာဆိုရင် တကယ့် ကမ္ဘာကျော်လက်ရာ ကဗျာတိုတစ်ပုဒ်အဖြစ် လက်ရှိမှာလည်း နာမည်ကြီးနေဆဲ ဖြစ်တဲ့အပြင် သူရေးသားဖန်တီးခဲ့တဲ့ စာပေလက်ရာအနည်းအကျဉ်းဟာ စာပေသမိုင်းမှာ မှတ်တမ်းတင်ခံရတယ်။ စာပေအနုပညာမှာ ဘဝကို မြှပ်နှံရင်း အော်တိုမန်အင်ပါယာကို တော်လှန်တိုက်ခိုက်တဲ့ ဂရိလွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ၁၈၂၄ ခုနှစ်၊ သူ့အသက် ၃၆ နှစ်အရွယ်မှာတော့ ငှက်ဖျားရောဂါရပြီး သေဆုံးခဲ့ရပါတယ်။

Ref; SuccessStory.com

Related Posts