Facebook ကို အကျိုးရှိရှိ အသုံးချနည်း ...


Facebook ကို အကျိုးရှိရှိ အသုံးချနည်း

အခုဆိုရင် facebook သုံးစွဲခြင်းဟာ လူတိုင်းနီးပါးအတွက် နေ့စဉ် အလုပ်တာဝန်တစ်ခုလို ဖြစ်လာနေပါတယ်။ ဒါပေမဲ့ facebook ဘာ ပြန်ရလိုက်သလဲလို့ သေချာ စဉ်းစားကြည့်ရင် ကိုယ်ရလိုက်တဲ့ အများစုဟာ ကိုယ့်အတွက် တကယ်တမ်း အသုံးအဝင် အကျိုးမရှိတဲ့ အမှိုက်တွေ ဖြစ်နေတတ်ပါတယ်။ Cele အကြောင်း အတင်းအဖျင်းတွေ ၊ ဟိုတစ်စသည်တစ်စနဲ့ ခိုင်မာမှန်ကန်မှု မရှိတဲ့ သတင်းတွေ ၊ လူတွေရဲ့ စိတ်ခံစားချက် အမျိုးမျိုး နဲ့ တစ်ခါတရံမှာ စိတ်မသက်သာစရာ ပို့စ်တွေကို facebook ပေါ်မှာ ပေါခြင်းသောခြင်းကို တွေ့နေရပါတယ်။ 

ဖုန်းစခရင်ကို အလိုအလျောက် ပွတ်ဆွဲနေမိရင်း ကိုယ့်အတွက် အသုံးမဝင်တာတွေကို မြင်နေရပေမဲ့ လူတော်တော်များများက facebook ကွန်ရက်ထဲကနေ ရုန်းမထွက်နိုင်ကြပါဘူး။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် facebook အသုံးပြုခြင်းကြောင့် ရရှိလာတဲ့ အကျိုးရလဒ်မှာ ( ၁၀ ) ရာခိုင်နှုန်းပဲ ကိုယ့်အတွက် တကယ် အသုံးကျပြီး ကျန်တဲ့ ( ၉၉ ) ရာခိုင်နှုန်းကတော့ အမှိုက်တွေ ဖြစ်သွားကြပါတယ်။ အဲ့ဒီ ( ၉၉ ) ရာခိုင်နှုန်းထဲမှာ အချိန်တွေ ၊ ဖုန်းဘေတွေနဲ့ ကိုယ့်ရဲ့ အာရုံစူးစိုက်မှု ဖြည်းဖြည်းချင်း ကျဆင်းလာမှု စတဲ့အရာတွေ ပါဝင်ပါတယ်။ ( ၁၀ ) ရာခိုင်နှုန်းဆိုရာမှာတော့ ကိုယ်နဲ့ လူချင်းအလှမ်းဝေးနေတဲ့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ခွင့်ရမှုရယ်၊ ကိုယ့်အတွက် တကယ် ဗဟုသုတဖြစ်စေမယ့် သတင်းနဲ့ အကြောင်းအရာတွေပဲ ပါဝင်ပါတယ်။ 

ဒါဆို အမှိုက်ဖြစ်သွားတဲ့ ( ၉၉ ) ရာခိုင်နှုန်းကို ရွှေဖြစ်အောင် လုပ်လို့ရမလားလို့ မေးလာခဲ့ရင်တော့ *ရပါတယ်* လို့ ဖြေရပါလိမ့်မယ်။ အဲ့ဒါကတော့ “Facebook ကို အကျိုးရှိရှိ အသုံးချနည်း” ပဲ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်တွေအတိုင်း ဖြစ်အောင် ၊ ကိုယ့်အကောင့်ကို သန့်ရှင်းရေးလုပ်လိုက်တာ ( ဒါမှမဟုတ် ) အကောင့်သစ်တစ်ခုဖွင့်ပြီး စနစ်တကျ အသုံးချမယ်ဆိုရင် သင်လက်ထဲက facebook ဟာ သင့်အတွက် စိတ်ဝင်စားဖို့ ကောင်းနေပါလိမ့်မယ်။ 

၁။ Friend - ကိုယ့်ရဲ့ အကောင့်ထဲမှာ Friend ဖောင်းပွနေခြင်းမဖြစ်အောင် ကိုယ်နဲ့ သိတဲ့သူ ၊ ကိုယ့်စိတ်ဝင်စားမှု နယ်ပယ်ထဲမှ ပုဂ္ဂိုလ်များကိုသာ Friend အဖြစ် ထားရှိသင့်ပါတယ်။ Friend အရေအတွက် ထောင်ကျော်နေပေမယ့် တကယ်တမ်း ကိုယ့်ရဲ့ acc မှာ တက်လာတဲ့ ပို့စ်တွေဟာ၊ အဲ့ဒီ ထောင်ဂဏန်းထဲမှ ဆယ်ဂဏန်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် facebook ပေါ်က ကိုယ့်ရဲ့ မိတ်ဆွေ အဝန်းအဝိုင်းကို ကျစ်ကျစ်လစ်လစ် တည်ဆောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

၂။ Page - ကိုယ့်အတွက် အကျိုးရှိပြီး ကိုယ် တကယ် စိတ်ဝင်စားတဲ့ Page တွေကိုသာ Like လုပ် ၊ လိုအပ်ရင် See First ထားရှိတာမျိုးက အသင့်လျော်ဆုံးပါပဲ။ Like Page တွေ ထောင်နဲ့ချီပေမယ့် တကယ်တမ်းမှာတော့ အဆိုပါ Page များရဲ့ ပို့စ်တွေဟာ ကိုယ့် acc မှာ တက်လာတာ နည်းပါတယ်။ မိမိ like လုပ်ခြင်း အများဆုံးခံရတဲ့ page ရဲ့ ပို့စ်တွေကိုသာ အများဆုံး မြင်ရမှဖြစ်ပြီး အခြား page တွေရဲ့ ပို့စ်ကိုတော့ ( page boost ထားတာကလွဲလို့ ) မြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ် အသုံးဝင်မယ့် Page များကိုသာ စိစစ်ပြီး Like လုပ်ထားပါ။

၃။ Group - Facebook group များဟာ ကိုယ့်အတွက် အသုံးဝင်စေပါတယ်။ သူတို့ကို စနစ်တကျ စိစစ်ပြီး member ဝင်ထားသင့်ပါတယ်။ မိမိစိတ်ဝင်စားတဲ့ နယ်ပယ်အလိုက် member ဝင်ပြီး လေ့လာစရာ group တွေ အများအပြား ရှိပါတယ်။ အချို့ gp များကတော့ Active ဖြစ်တာ အလွန်နည်းပြီး မကြာခင်မှာပဲ gp သေသွားလေ့ရှိပါတယ်။ ဒါကြောင့် gp တစ်ခုကို မဝင်ခင် ၄င်းရဲ့ active ဖြစ်မှုကို လေ့လာတာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကိုယ့်စိတ်ကြိုက် gp ကို ဖွဲ့ပြီး အသုံးဝင်မယ့် topic တွေကြိ မိတ်ဆွေများနဲ့ ဆွေးနွေးတာမျိုး ၊ information sharing လုပ်တာမျိုးက သင့်အတွက် လုံးဝ အကျိုးရှိစေမှာပါ။

၎။ Video - အခုနောက်ပိုင်း Facebook version အသစ်တွေမှာ fb video ကို save လုပ်တာနဲ့ ပတ်သက်ပြီး collection ခွဲလို့ရနိုင်တဲ့ option အသစ်တစ်ခု ပါဝင်လာပါတယ်။ ဒီ option က ကိုယ် စိတ်ဝင်စားတဲ့ video ကို save တာနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးအစား သတ်မှတ်ပြီး အုပ်စုခွဲနိုင်တဲ့အပြင် အလွယ်တကူလည်း ပြန်ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ facebook ကို update လုပ်ပြီး fb ပေါ်က video တစ်ခုဟာ ကိုယ့်အတွက် အသုံးဝင်မယ်ထင်ရင် မြန်မြန်သာ save ထားလိုက်ပါတော့။ 

၅။ Profile - အရေးအကြီးဆုံးကတော့ ကိုယ့် facebook account မှာ ဖြည့်သွင်းဖော်ပြထားတဲ့ ကိုယ့်အကြောင်းပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကုမ္ပဏီကြီးတွေကို အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ fb account ကိုပါ တောင်းလေ့ရှိပါတယ်။ Social Media မှာ ဖော်ပြထားတဲ့ ကိုယ့်အကြောင်းနဲ့ အသုံးပြုပုံတွေကို စစ်ဆေးပြီး ကိုယ့်ရဲ့ စိတ်ဝင်စားမှုနယ်ပယ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ခန့်မှန်း စိစစ်လေ့ ရှိကြပါတယ်။ 

 fb ကို အပျော်သုံးတာ ဆိုရင်တော့ ကိစ္စမရှိပေမဲ့ အကျိုးရှိအောင် အသုံးချတော့မယ်ဆိုရင်တော့ fb ပေါ်က ကိုယ့်ရဲ့ profile မှာ မှန်ကန်တဲ့ အချက်အလက်များကို ပြည့်စုံအောင် ဖြည့်သွင်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ facebook ကို အပျော်တမ်း သုံးချင်သေးတယ်ဆိုရင်တော့ အပျော်သုံးအကောင့်တစ်ခု ဖွင့်ပြီး သုံးစွဲသင့်ပါတယ်လို့ အကြံပြုပါရစေ။

ကဲ … အခုဖော်ပြခဲ့တဲ့ အချက်တွေဟာ အကောင်အထည်ဖော်ရလွယ်ကူပြီး တကယ်ပဲ အကျိုးရှိစေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး Facebook ကို အကျိုးရှိရှိ အသုံးချလိုက်ရအောင်ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။ 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … ။ 

Related Posts