ဆရာမြသန်းတင့်ပြောတဲ့ စာကိုဘယ်လိုဖတ်ကြမလဲ ? ...


စာကို ဘယ်လို ဖတ်ကြမလဲ ? 

စာဖတ်တဲ့ လူတစ်ယောက်ဟာ ရွှေတွင်းတူးသမားတစ်ယောက်နဲ့ တူတယ်။ ကျွန်တော့်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တစ်ခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ၊ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ်စ သည်တစ်စ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး၊ အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တစ်ခါတလေမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်ရတယ်။ 

သဘာဝကြီးက ရွှေတွေကို မြေကြီးပက်ကြားအက်တွေမှာ ဟိုတစ်စ သည်တစ်စ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ပင်ပန်ကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစ်စကို ရချင်မှရတာ။

ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဉာဏ်ပညာတွေဟာလည်း ထိုနည်းလည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတစ်ယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကိရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓာတ်ကြံ့ခိုင်ရဲ့လား။ အဲဒီ မေးခွန်းတွေ မေးဖို့ လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။ 

ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ၊ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင် အတွေးအခေါ် ဖြစ်ပါတယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး ခင်ဗျား ပညာအခံတွေနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ၊ ဂေါ်ပြားတွေနဲ့ တူးပြီ။ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။ အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေဖြစ်ပြီး အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစ်စကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကိရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက် ကျိုရလိမ့်မယ်။ 

စာအုပ်တစ်အုပ်ကို ဆယ်မျက်နှာလောက် ဖတ်ပြီး အဲဒီ ဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တစ်လုံးချင်းရဲ့ အဓိပ္ပာယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ မူတည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့ မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။

မြသန်းတင့် 

။     ။ အခုဖော်ပြလိုက်တဲ့ အကြောင်းအရာကို ဆရာမြသန်းတင့်ရဲ့ 'အတ္ထုပ္ပတ္တိ၏ အတ္ထုပ္ပတ္တိ' ဆိုတဲ့ စာအုပ်ထဲမှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စာချစ်သူတို့လည်း ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ 

Related Posts