နိုဝင်ဘာလဖွား ကမ္ဘာကျော် စာရေးဆရာ ( ၅ ) ဦး …


နိုဝင်ဘာလဖွား ကမ္ဘာကျော် စာရေးဆရာ ( ၅ ) ဦး …

၁။ Albert Camus ( 1913 – 1960 )

ပြင်သစ်တွေးခေါ်ရှင်၊ ဂျာနယ်လစ်၊ စာရေးဆရာ နိုဗဲဆုရှင် အလ်ဘတ်ကမူးကို ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့မှာ အယ်လ်ဂျီးရီးယားပြည်၊ မွန်ဒိုဗီမြို့မှာ မွေးတယ်။ သူ့ရေးတဲ့ ‘The Outsider’ (စည်းအပြင်ကလူ အဖြစ် ထင်လင်း မြန်မာပြန်) ၊ ‘The Plague’ (ပလိပ် အဖြစ် ထင်လင်း မြန်မာပြန်) တို့ဟာ အထူးထင်ရှားတယ်။ ကမူးရဲ့ စာပေနဲ့ လူမှုရေးအတွေးအမြင်တွေ မြှုပ်နှံထားတဲ့ ‘The Myth of Sisyphus’ နဲ့ နာမည်ကြီး ပြဇာတ်တစ်ပုဒ် ဖြစ်တဲ့ ‘Caligula’ (ဒီနိုဗို ဘာသာပြန်) ၊ ကမူးရဲ့ ဒဿနစာတမ်းလို့ ဆိုရမှာ ဖြစ်တဲ့ ‘The Rebel’ တို့က သူ့ရဲ့ ကမ္ဘာကျော် လက်ရာတွေပဲ ဖြစ်တယ်။ မာ့က်စ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသူ ဖြစ်ပြီး သူ့ရဲ့ အရေးအသားတွေကြောင့် အတ္တဘဝအမှန်ဝါဒီ (Existentialist) တစ်ဦးလို့ ဝေဖန်ရေးဆရာတွေက သတ်မှတ်ကြပြီး သူကိုယ်တိုင်ကတော့ ယင်းကို ငြင်းဆိုခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်မှာ ကားအက်စီးဒင့်ကြောင့် ကွယ်လွန်ခဲ့တယ်။

၂။ Margaret Mitchell ( 1900 – 1949 )

စာရေးဆရာမ မာဂရက်မစ်ချယ် ဆိုရင် စာသမားတိုင်း ရင်းနှီးကြပါလိမ့်မယ်။ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုစာရင်းဝင်တဲ့ ‘Gone with the Wind’ ကို ရေးသားခဲသူ အမေရိကန် စာရေးဆရာမ တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဝတ္ထုရှည်ကြီးကိုတော့ ‘လေရူးသုန်သုန်’ အဖြစ် စာရေးဆရာ မြသန်းတင့်ရဲ့ မြန်မာဘာသာပြန် လက်ရာကိုလည်း ဝန်ဇင်းမှာ ဖတ်ရှုလို့ ရနေပြီပဲ ဖြစ်ပါတယ်။ မားဂရက်မစ်ချယ်ကို ၁၉၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ မွေးတယ်။ ဂျော်ဂျီယာပြည်နယ်ရဲ့ အတ္တလန်တာမြို့က သူမရဲ့ ဇာတိပဲ။ သူမဟာ ဂျာနယ်လစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ အမေရိကန် ပြည်တွင်းစစ်နောက်ခံ ‘လေရူးသုန်သုန်’ ဝတ္ထုရှည်ကြီးကို စတင် ရေးသားတယ်။ ၁၉၃၆ ခုနှစ်မှာ ပုံနှိပ်တယ်။ အဲ့ဒီဝတ္ထုနဲ့ပဲ သူမဟာ အမျိုးသားစာပေဆုနဲ့ ပူလစ်ဇာဆုတို့ ချီးမြှင့်ခံခဲ့ရတယ်။ ထူးခြားတာကတော့ ဝတ္ထုရှည်ဆိုလို့ သူမ သက်တမ်းတလျှောက်မှာ လေရူးသုန်သုန် တစ်အုပ်ပဲ ရေးခဲ့တာ ဖြစ်တယ်။ ၁၉၄၉ ခုနှစ်မှာ ယာဉ်တိုက်မှုဖြင့် ကွယ်လွန်တယ်။

၃။ Margaret Atwood ( 1939 - ) 

မာဂရက်အတ်ဝုဒ်ဟာ ကနေဒါနိုင်ငံသူ ကမ္ဘာကျော် ကဗျာဆရာမ ဖြစ်တယ်။ ဝတ္ထုတိုအမြောက်အမြားနဲ့ ဝတ္ထုရှည်တွေ ရေးသားတယ်။ အက်ဆေးရေးသူ အဖြစ်လည်း ကျော်ကြားတယ်။ သူမကို နိုဝင်ဘာ ၁၈ ရက်နေ့၊ ၁၉၃၉ ခုနှစ်မှာ ကနေဒါနိုင်ငံ အောထဝါမြို့မှာ မွေးတယ်။ The Circle Game (1966), The Handmaid’s Tale (1985), The Blind Assassin (2000), Oryx and Crake (2003) နဲ့ The Tent (2006) တို့က သူမကို နိုင်ငံတကာက သိစေတဲ့ လက်ရာတွေပဲပေါ့။ “စစ်ပွဲတွေဆိုတာ ဘာသာစကားရဲ့ ကျဆုံးမှု” လို့ သူမက ဆိုတယ်။ ရုပ်ရှင်မင်းသားကြီး Morgan Freeman ၊ ကမ္ဘာကျော် အမေရိကန် စာရေးဆရာ Stephen King တို့နဲ့ ခေတ်ပြိုင်တွေလို့ ဆိုရမှာဖြစ်တယ်။ 

၎။ Voltaire

ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ‘အကောင်းမြင်သမား’ ( ဝန်ဇင်းမှာဖတ်ရှုနိုင် ) ရဲ့ မူရင်းစာအုပ် -  ‘Candide’ ကို ရေးသူ ပြင်သစ်လူမျိုး အတွေးအခေါ် ဒဿပညာရှင် စာရေးဆရာ ဗော်တဲယားကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မွေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာကျော် ၊ ၁၆၉၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်မှာ မွေးတယ်။ သရော်စာရေးသားခြင်းနဲ့ နာမည်ကြီးတဲ့ စာရေးဆရာတစ်ယောက် ဖြစ်သလို သမိုင်းမှာ ဒဿနိကဗေဒကို အသုံးချဖို့ ကြိုးစားခဲ့တဲ့ လက်တစ်ဆုပ်စာ တွေးခေါ်ရှင်များအနက် တစ်ဦး အပါအဝင် အဖြစ် အလွန် အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ သူ့ရဲ့ ဒဿနကို လက်နက်တစ်ခုလို အသုံးချခဲ့ပြီး အယူသည်းမှု ခေါင်းစဉ်အောက်က ဘာသာတရားတွေကို အပြုတ်တိုက်ခဲ့တယ်။ ပြင်သစ်သမိုင်းထဲက ဒိတ်ဒိတ်ကြဲ ဖလော်ဆော်ဖာတစ်ယောက်ပေါ့။

၅။ George Eliot (1819-1880)

သူမကို ၁၈၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ မွေးတယ်။ ဂျော့အဲလိယော့ကို သူမရဲ့ ကမ္ဘာကျော် လက်ရာဖြစ်တဲ့ ‘The Mill on the Floss’ စာအုပ်နဲ့ တွဲပြီး မြင်မိကြပါလိမ့်မယ်။ ယင်းစာအုပ်ကို ဆရာကျော်အောင်က ‘မြစ်ကမ်းပေါ်က စက်ရုံကလေး’ အဖြစ် ဘာသာပြန်ဆိုထားပြီး ဝန်ဇင်းမှာလည်း ဖတ်ရှုလို့ ရနေပြီ ဖြစ်ပါတယ်။ စာရေးဆရာမ ဂျော့အဲလိယော့ဟာ လူတွေရဲ့ အတွင်းစိတ်ကို ပီပီပြင်ပြင် သရုပ်ဖော်ရေးသားနိုင်တဲ့ စာရေးဆရာမ တစ်ဦးဖြစ်တယ်။ သူမရဲ့ လက်ရာတွေမှာ စိတ်ပညာရပ်ဆိုင်ရာ အရိပ်အငွေ့တွေ ယှက်သမ်းနေတယ်လို့ ဝေဖန်ရေးဆရာတွေက သုံးသပ်ကြတယ်။ သူမရဲ့ နာမည်ကြီး နောက်တစ်အုပ်ဖြစ်တဲ့ ‘Silas Marner’ ကို မောင်ထွန်းသူက ‘ဆိုင်းလတ်မာနာ’ အဖြစ် ဘာသာပြန်ဆိုထားတယ်။ ၁၈၈၀ ပြည့်နှစ်မှာ သူမ ကွယ်လွန်ပါတယ်။ 

။	။ ဒီပို့စ်ကို ဖတ်ပြီးလို့ ကြိုက်တယ်ဆိုရင် Like & Share နဲ့ ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦးနော်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို *အခမဲ့* ဖတ်ရှုနိုင်မယ့် ဝန်ဇင်း App ထဲက *အခမဲ့ဖတ်စရာ* ကဏ္ဍကို နေ့စဉ် ဝင်ရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Related Posts