င့ါကမ်းရိုးတမ်းကို လာနမ်းတဲ့မုန်တိုင်း [Movie Review]


င့ါကမ်းရိုးတမ်းကို လာနမ်းတဲ့မုန်တိုင်း 
မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီတစ်ပတ်ရဲ့ Wun Zinn ရုပ်ရှင်အညွှန်းကဏ္ဍမှ ရွေးချယ်တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ဇာတ်ကားကတော့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဆိုတဲ့ ရုံတင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်ခင်ဗျ။ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီး သိပြီး ကြားပြီးဖြစ်တဲ့အတိုင်း ဒီရုပ်ရှင်က ခုတလော Hot အဖြစ်ဆုံး ဇာတ်ကားလည်းဖြစ်တဲ့အပြင် အဆိုတော်လူငယ်နှစ်ယောက် အပြိုင်ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ 

လူငယ်စာရေးဆရာမ ‘ညေး’ ရဲ့ “ငါ့ကမ်းရိုးတမ်းကို လာနမ်းတဲ့မုန်တိုင်း” ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပဲ ဖြစ်ပြီး အကယ်ဒမီဖွေးဖွေး၊ နာမည်ကြီးလူငယ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့က အဓိက သရုပ်ဆောင်ထားတာပဲ ဖြစ်တယ်။ 

ဝတ္ထုထဲက အဖွင့်စာအတိုင်းဆိုရရင် …

“စကြာဝဠာဟင်းလင်းပြင်မှာ Black Hole ( တွင်းနက် ) တွေ ရှိကြသလို၊ လူ့ပတ်ဝန်းကျင်မှာလည်း Love Triangle ( သုံးပွင့်ဆိုင်အချစ် ) တွေ ရှိတတ်ကြတယ်။ ကြယ်တွေ၊ ဂြိုလ်တွေ၊ အရန်လတွေဟာ တွင်းနက်တွေကို ရှောင်ချင်ကြသလို လူသားတွေဟာလည်း သုံးပွင့်ဆိုင်အချစ်ကို ကြောက်လန့်တကြား ရှောင်ချင်ကြပေမဲ့ ကံဆိုးပြီး မတော်တဆ ပြုတ်ကျကြတဲ့အခါ” ဆိုသလိုပဲ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်အကြောင်းကို ရိုက်ကူးထားတာပါ။ 

“ဘယ်လူပျိုလူလွတ်မဆို လွတ်လပ်တဲ့ ဘယ်မိန်းကလေးတစ်ယောက်ကိုမဆို ရင်ခုန်စွာချဉ်းကပ်ပိုင်ခွင့်ရှိတယ် ပျိုး …။ ဒါ ကိုယ့်အခွင့်အရေးပဲ …” ( သြရစိုး ) 

ဇာတ်ရှိန်ကိုမြင့်စေမယ့် အဓိကဇာတ်ဆောင်ကတော့ သြရစိုးပါပဲ။ ချစ်သူရှိပြီးသား ဝင်းရှင့်ပျိုဆီကို မုန်တိုင်းတစ်စင်းလို ဝင်ရောက်လာတဲ့ သြရစိုး ( ရဲရင့်အောင် ) ရဲ့ ဒိုင်ယာလော့ဂ်တွေနဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို ခပ်မိုက်မိုက်ပါပဲ။ မျက်နှာထား၊ လေသံနဲ့ ဟန်ပန်ကအစ လိုချင်တာတစ်ခုကို မရရအောင် ယူတတ်သူတစ်ယောက်ရဲ့ စရိုက်မျိုးကို ပေါ်လွင်အောင် သရုပ်ဆောင်ထားချက်တွေ၊ ‘ပျို’ ရဲ့ အချစ်ကို ရယူဖို့ စနစ်အကျ သွေးအေးအေးနဲ့ ချဉ်းကပ်ပြီး အပိုင်တွက်ထားတဲ့ ဇာတ်လမ်းအချိုး ….. 

“ရှင့်စကားတွေက နားထောင်လို့တော့ကောင်းပါရဲ့၊ ဒါပေမဲ့ ကျွန်မအတွက်တော့ သဲကန္တာရမှာ ဘေလ်ဘုတ်ထောင်ထားတဲ့ ရေသန့်ဗူးကြော်ငြာလိုပဲ” ( ဝင်းရှင့်ပျို ) 

အကယ်ဒမီ ဖွေးဖွေးရဲ့ ‘ပျို’ နေရာက သရုပ်ဆောင်ချက်ကတော့ ပြောစရာပင်လို၊ နေညိုသွင် ( လွှမ်းပိုင် ) ရဲ့ ချစ်သူအဖြစ်ကနေ မုန်တိုင်းတစ်စင်းရဲ့ စနစ်တကျ ဝင်ရောက်တိုက်ခတ်လာမှုကို ရင်ဆိုင်ရနေချိန်မှာ ဆုံးဖြတ်ရခက်ခက်၊ မိန်းမသားတစ်ယောက်ရဲ့ နှလုံးသား ပျော့ကွက် ဟာကွက်တို့ကို အပိုင်ချည်ရင်း အကွက်ကျကျ ရွှေ့လာတဲ့ သြရစိုးရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ရခက်တဲ့အချိန် … 

တစ်ဖက်က သူ့ချစ်သူဖြစ်တဲ့ စဉ်းစဉ်းစားစား ခပ်အေးအေးနေတတ်သူ နေညိုသွင်ရဲ့ တစ်ခါတရံမှာ ချစ်သူကို ဦးစားမပေးတတ်တဲ့ ရိုးရိုးသားသားအမူအကျင့်လေးတွေဟာ ‘ပျို’ အတွက် စိတ်နှစ်ခွဖြစ်စေလာတဲ့အခါ … 
“တရားဥပဒေချိုးဖောက်မှ ပစ်မှုမြောက်တယ်လို့ မင်းထင်နေလား၊ စာရွက်ပေါ်မှာ ချမရေးထားတဲ့ လူ့ကျင့်ဝတ်တွေ အများကြီးရှိတယ်ဆိုတာ မင်းနားလည်ထား” ( နေညိုသွင် ) 

ကိုယ်အရမ်းချစ်ရသူ၊ ကိုယ့်ကိုလည်းအရမ်းချစ်တဲ့သူ - သူတို့နှစ်ယောက်ရဲ့ ကြားကို အချစ်ကြီးကြီးနဲ့ ဝင်ရောက်လာတဲ့ သြရစိုးရဲ့ မုန်တိုင်းဟာ သူ ( ရဲရင့်အောင် ) နဲ့ ( လွှမ်းပိုင် ) နေညိုသွင်တို့ရဲ့ အပြိုင်သရုပ်ဆောင်မှုကို ပေါ်လွင်စေပြီး တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ 

ပိတ်ကားထက်မြင်တွေ့ရသူတွေက မြင်နေကျ သရုပ်ဆောင်တွေမဟုတ်တာကြောင့် အသစ်အဆန်းဖြစ်နေသလို ခံစားရမှာဖြစ်ပြီး ဒီလို အသစ်အဆန်းတွေကပဲ ရုပ်ရှင်ကြည့်သူတွေကို ဇတ်လမ်းထဲ မျောသွားပါလိမ့်မယ်။ ကင်မရာရိုက်ချက်တွေကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပြီး နောက်ခံသီချင်းတွေကလည်း ရုပ်ရှင်နဲ့ အံကိုက်ဖြစ်နေပြီး သုံးပွင့်ဆိုင်အချစ်ကို ကြုံခဲ့ဖူးသူတွေအတွက်ကတော့ ဒီရုပ်ရှင်က အတိတ်ရဲ့ပုံရိပ်တွေက တရိပ်ရပ် ပေါ်လာမှာမို့ …. ။ 

“မိန်းမတွေဟာ ကမ်းရိုးတန်းတွေနဲ့တူတယ်။ သူတို့ဆီကို မုန်တိုင်းနဲ့တူတဲ့ယောက်ျားတွေ ရောက်လာမှာကို လွယ်လွယ်ကူကူ မတားဆီးနိုင်ကြဘူး” ( မူရင်းဝတ္ထုရေးဆရာမ ‘ညေး’ ) 

‘ပျို’ အနေနဲ့ မုန်တိုင်းနဲ့တူတဲ့ယောက်ျားတွေ ရောက်လာမှာကို လွယ်လွယ်ကူကူ တားဆီးနိုင် မတားဆီးနိုင်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပိတ်ကားထက်ကို အလျင်အမြန်လေး ပြေးကြည့်လိုက်ပါလို့သာ ပြောပါရစေတော့ခင်ဗျာ။ 

ကဲ … ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးရေ။

ဒီရုပ်ရှင်လေးကို တင်နေဆဲဆိုရင်တော့ ခုချက်ချင်း သွားရောက်ကြည့်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ 
“ဝန်ဇင်းပရိသတ်ကြီးက မြန်မာရုပ်ရှင်ဇာတ်ကားကောင်းကောင်းကို ကြည့်ရှုလိုတယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကိုအားပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းပရိသတ်ကြီး ကြည့်ရှုချင်တဲ့ဇာတ်ကားများကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့်။

Related Posts