“ဒုဋ္ဌဝတီကိုလွန်၍” [Movie Review]


“ဒုဋ္ဌဝတီကိုလွန်၍”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ Movie Review ကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကားကတော့ လက်ရှိမှာလည်း ရုံတင်ပြသနေဆဲ ဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားတဲ့ ကဗျာဆရာ၊ စာရေးဆရာ ‘အောင်ရင်ငြိမ်း’ ရဲ့ “မြန်မာ့ရုပ်ရှင် အမှောင်ခေတ်ကို ထွန်းထိုးဖောက်ထွက်ခြင်း” လို့ အမည်ပေးထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍ - ရုပ်ရှင်ဇာတ်ကားဝေဖန်ချက်’ ကို ဝန်ဇင်းပရိသတ်ကြီး ဖတ်ရှုခံစားနိုင်ဖို့ စာရေးသူထံမှ ခွင့်ပြုချက်ယူပြီး အောက်ပါအတိုင်း တင်ဆက်ပေးလိုက်ပါတယ်။ 

[ Remark: Review + Spoiler ] 
………….
“မြန်မာ့ရုပ်ရှင်အမှောင်ခေတ်ကို ထွန်းထိုးဖောက်ထွက်ခြင်း”
( ဒု ဋ္ဌ ဝ တီ ကို လွန် ၍ - ရုပ်ရှင်ဇာတ်ကားဝေဖန်ချက် )

ရဲနောင်ရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာအာကာ ရိုက်ကူးတဲ့ " ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ဇာတ်ကား ရုံတင်နေပြီဆိုတဲ့ သတင်းကြားကြားချင်း ဂျစ်ပုပ်က ရုပ်ရှင်ရုံကိုဖုန်းလှမ်းဆက်ပြီး လက်မှတ် ၂ စောင် ကြိုမှာထားလိုက်တယ်။ သူက fB ကတစ်ဆင့်ဖတ်ရတဲ့ ဒုဋ္ဌဝတီ သတင်းတွေကြားပြီး ကြည့်ချင်စိတ်ပြင်းပြနေတာ။ ဂျစ်ပုပ်ပြောစကားအရဆိုရင် မြန်မာရုပ်ရှင်ပေါကားခေတ်ကို ကျော်လွန်ဖောက်ထွက်လာတဲ့ ဇာတ်ကားတွေထဲက တစ်ကားတဲ့။

သရုပ်ဆောင်တွေက နိုင်နိုင်း၊ အမွန်း၊ ဂျိုး မော်ရီယာ (?)၊ ဇော်ဇော်အောင်၊ ဆန်းထွဋ်၊ နော်အောင် အစရှိတဲ့သူတွေတဲ့။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မုဒြာခေါ်သံနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားတွေတုန်းက ကိုယ် ကြည့်ချင်ပေမဲ့ ကြည့်ခွင့်မသာခဲ့ဘူး။ အခု ဒုဋ္ဌဝတီကလည်း မြန်မာ့ရုပ်ရှင်အမှောင်ခေတ်ကို ကျော်လွန်လာတဲ့ဇာတ်ကားတစ်ကားလို့ ဆိုကြလေတော့ ကိုယ်လည်း စိတ်ဝင်စားတာနဲ့ ဂျစ်ပုပ်နဲ့အတူ လိုက်ကြည့်ဖို့ ခေါင်းညိတ်လိုက်တယ်။

ဇာတ်လမ်းစစချင်း ပြကွက်က ကုန်းဘောင်နောက်ဆုံးခေတ် ရှေးဟောင်းမြန်မာဝတ်စုံတွေနဲ့ လူငယ်လူငယ်တွေ ရေးကြီးသုတ်ပြာ ပြေးလွှားနေကြတဲ့ အခန်း။ စကားပြော လုံးဝမပါ၊ နောက်ခံမှာ သေနတ်ပစ်သံတွေ လက်နက်ကြီး ပေါက်ကွဲသံတွေနဲ့ ပြေးလွှားလှုပ်ရှားနေကြတဲ့ အက်ရှင်ခန်းသက်သက်နဲ့ ဇာတ်လမ်းကို စဖွင့်တယ်။ အင်္ဂလိပ်တွေ နန်းတော်ကို ဝင်စီးနေလို့ မြန်မာတွေ အသက်စွန့်ပြေးလွှားနေကြတာလို့ နားလည်လိုက်တယ်။ လူတွေ ပြေးလွှားနေတာ ပြပြီးသွားတော့မှ လူရွယ်တစ်ယောက်မြစ်ကမ်းပါးမှာ ရပ်ထားတဲ့ လှေဆီ ပြေးတက်သွားတာ ဆက်ပြတယ်။ နောက်မှာ ရိုင်ဖယ်သေနတ်တွေနဲ့ လိုက်လာတဲ့ အင်္ဂလိပ်စစ်သားတွေ။ မြန်မာလူရွယ် ပြေးတက်သွားတဲ့လှေ မြစ်ကမ်းကနေ ၁၅ ပေလောက်အကွာအဝေးရောက်သွားတော့ အင်္ဂလိပ်စစ်သားတွေက သေနတ်နဲ့ လှမ်းပစ်တယ်။ မြန်မာလူရွယ်ကို ထိသွားပြီး လှေထဲ ပစ်လဲကျသွားတယ်။ လှေက မြစ်ထဲမျောပါသွားပြီး မြစ်ကမ်းပါးနား ဘုန်းကြီးကျောင်းဝင်းတစ်ခုနားက ရေဆိပ်မှာ သောင်တင်တယ်။ ကိုရင်လေးတစ်ပါးက သေနတ်မှန်ထားတဲ့ မြန်မာလူရွယ်ရဲ့လှေကို စတွေ့၊ ဘုန်းကြီးတွေ စစ်ဆေးကြည့်၊ မြန်မာလူရွယ်ရဲ့အလောင်းကို သူ့ပစ္စည်းတွေနဲ့အတူ မြေမြှုပ်သဂြုင်္ိဟ် ပေးလိုက်ကြတယ်။

ဇာတ်လမ်းအဖွင့် ပြကွက်ကို ကြည့်နေတုန်းမှာ မြန်မာရှေးဟောင်းသမိုင်းနောက်ခံ ဇာတ်ကားတစ်ကားဖြစ်လိမ့်မယ်လို့ ကိုယ် တွေးလိုက်မိတာ မှားသွားတယ်။နောက်တစ်ခန်းမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မြင်ကွင်းတွေပေါ်လာပြီး သရုပ်ဆောင်နိုင်နိုင်းရဲ့နောက်ခံမိုနိုလော့ဂ်နဲ့ ပဲရစ်တစ်ခွင် သွားလာလှုပ်ရှားမှုတွေ ပေါ်လာတယ်။ အဲဒါတွေအပြီးမှာ သူ့ဖုန်းထဲ SMS တစ်စောင် ဝင်လာတယ်။
" ထက်ပိုင်၊ မင်း ချက်ချင်း ပြန်လာခဲ့။ အဖေနဲ့အမေ အသတ်ခံရတယ်"
နိုင်နိုင်းရဲ့( ရန်ကုန်မှာနေတဲ့ ) အစ်ကိုရင်းဆီက ပို့လိုက်တဲ့ SMS။
အဲဒီအချိန် ဂျစ်ပုပ်ဆီက အသံထွက်လာတယ်။

" သူ့ကျွန်မခံပြီ ဇာတ်ကားထဲက ကုန်းဘောင်ခေတ်ဝတ်စုံတွေက ပြဇာတ်ဆန်တယ်။ ဒီကားထဲက ဝတ်စုံတွေက သရုပ်ပိုပီပြင်တယ်နော်။ ဇာတ်ဝင်ခန်း အပြောင်းအလဲလည်း လှတယ်"

ရုပ်ရှင်ရုံထဲက ပရိသတ်တွေဟာ ဇာတ်လမ်း ဘာဆက်ဖြစ်လာမလဲ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။
ဒုဋ္ဌဝတီက လူသတ်မှုနဲ့ ဆက်စပ်နေတဲ့ ရှေးဟောင်းရတနာမြေပုံရှာဖွေရေး နောက်ခံအကြောင်းအရာပြုထားတဲ့ အက်ရှင်ဇာတ်လမ်း။ အင်္ဂလိပ်နဲ့ မြန်မာစာတန်းထိုး ဇာတ်ကား။ မှတ်ဉာဏ် သိပ်မကောင်းတော့ မှတ်မိသလောက်ပဲ ပြန်ပြောပြမယ်။

ဇာတ်လမ်းအကျဉ်း လိုတိုရှင်းပြောရရင် မိဘနှစ်ပါးအသတ်ခံရတဲ့ကိစ္စနဲ့ နိုင်နိုင်း ရန်ကုန်ကို ပြန်ရောက်လာတယ်။ ရဲက လူသတ်မှုဖြစ်တဲ့အိမ်ကို ယာယီချိတ်ပိတ်ထားတော့ ကမ်းနားလမ်းကဟော်တယ်တစ်ခုမှာ တည်းတယ်။ မိဘတွေ အသတ်ခံရတဲ့အပြင် လူသတ်မှုသတင်းကို ဖုန်း SMS ပို့ပေးတဲ့အစ်ကိုပါ ပျောက်ဆုံးနေတယ်။ ရဲကို အဲဒါတွေ ပြောပြထားတယ်။ လူသတ်မှု တာဝန်ရှိရဲအုပ်တစ်ယောက် (ဆန်းထွဋ်) က အမှုကိစ္စအတွက် ဆက်သွယ်ဖို့ သူ့ လိပ်စာကတ်ပြားနဲ့ ဖုန်းနံပါတ်ကို နိုင်နိုင်းဆီ ပေးထားတယ်။

ရန်ကုန်မြို့ပေါ် နိုင်နိုင်း သွားလာလှုပ်ရှားနေချိန်တွေမှာ အမည်မသိမိန်းကလေးတစ်ယောက် ( သရုပ်ဆောင် အမွန်း) က သူ့နောက်ကို အရိပ်တကြည့်ကြည့် လိုက်နေတာ နိုင်နိုင်း ရိပ်မိပြီး သံသယဖြစ်လာတယ်။
တည်းခိုရာ ဟော်တယ်မှာ နေနေတုန်း နိုင်နိုင်းဆီ ဖုန်း SMS ဝင်လာပြန်တယ်။

" ရှေ့နေဦးနေလ အခန်းကို ညနေ ……… နာရီ အရောက်လာခဲ့ပါ"
နိုင်နိုင်းရဲ့အစ်ကိုက ပျောက်နေတာ။ လူဆိုးတွေက သူ့အစ်ကိုကို ဖမ်းထားတယ်။ လူဆိုးတွေက သူ့အစ်ကိုဖုန်းကို ယူသုံးပြီး နိုင်နိုင်းဆီ SMS တွေ ပို့နေတာ။

" အရင် မြန်မာပေါကားတွေနဲ့ လုံးဝ ကွဲပြားခြားနားသွားပြီ။ ကင်မရာအယူအဆနဲ့ ကင်မရာတည်ပုံ လှုပ်ရှားပုံက နိုင်ငံတကာ ဆန်နေပြီ။ အက်ရှင်ကားပီပီ ကင်မရာက သရုပ်ဆောင် သွားလေရာ လိုက်လှုပ်ရှားနေတယ်။ ကင်မရာဘောင်းထဲ ဇာတ်ဆောင်တွေအားလုံး ဝိုင်းစုပြုံမနေကြတော့ဘူး။ ဇာတ်ဆောင်တွေကလည်း ဒိုင်ယာလော့ဂ်တွေ လုမပြောကြတော့ဘူး"

ဂျစ်ပုပ်က ကိုယ့်စကားသံကို မကြားဘဲ ဇာတ်လမ်းထဲ မျောနေတယ်။ ပရိသတ်အားလုံးလည်း ငြိမ်သက်တိတ်ဆိတ်နေကြတယ်။

နိုင်းနိုင်း ရန်ကုန်မြို့ပေါ်သွားလာလှုပ်ရှားနေရင်း သူငယ်ချင်းတစ်ယောက် ( ဇော်ဇော်အောင်) နဲ့ ပြန်ဆုံတယ်။
ဘော်ဒါနှစ်ယောက် ဗိုလ်ချုပ်ဈေးဝန်းကျင် သွားလာလှုပ်ရှားရင်း သံသယဖြစ် မိန်းကလေး အမွန်းနဲ့ ပြန်ဆုံတယ်။ နိုင်နိုင်းက လူကြားသူကြားထဲ အမွန်းကို အတင်းဆွဲခေါ်၊ လူသတ်မှုနဲ့ တစ်နည်းနည်း ပတ်သက်နေလိမ့်မယ် သံသယဖြစ်၊ ဇော်ဇော်အောင့် ကားပေါ် အတင်းဆွဲသွင်းပြီး ရဲစခန်းပို့ဖို့ စီစဉ်တယ်။ ရဲစခန်းသွားနေရင်းနဲ့ ရှေ့နေ ဦးနေလဆီသွားဖို့ သတိရ၊ ဟိုနှစ်ယောက်ကို ကားပေါ်မှာ ခဏစောင့်ခိုင်း၊ ဦးနေလအခန်းဆီ နိုင်နိုင်းရောက်သွားတော့ ဦးနေလက လူဆိုးတွေ လက်ချက်နဲ့ သေလုမျောပါးဖြစ်နေပြီ။ ဦးနေလက နိုင်နိုင်းလည်ပင်းက အံကြုတ်ပုံစံ ဆွဲကြိုးကို လက်ညှိုးထိုးပြ၊ ( ဘာမှန်း သေချာမကြားလိုက်ရတဲ့ ) စကားတစ်ခွန်း ပြောပြပြီး သေသွားတယ်။ နိုင်နိုင်း ဘာမှန်းမသိ ဇဝေဇဝါဖြစ်နေတုန်း အိမ်ခန်းထဲပုန်းနေတဲ့ လူဆိုးတွေက နိုင်နိုင်းကို ဝိုင်းတိုက်ခိုက်လို့ အပြန်အလှန်သတ်ပုတ်ပြီး ပြန်ထွက်ပြေး၊ အောက်မှာစောင့်နေတဲ့ ဇော်ဇော်အောင်+ အမွန်း ကားဆီ ပြန်တက် ဟော်တယ်ကို မောင်း၊ ဟော်တယ်အခန်းထဲ အဝတ်အစားတွေ ပြန်စစ်ချိန်ကျမှ ရှေ့နေဦးနေလ အခန်းထဲ လုံးထွေးသတ်ပုတ်ရင်း သူ့ပိုက်ဆံအိတ် ပြုတ်ကျကျန်ခဲ့တာ သတိရ၊ ဦးနေလ အသတ်ခံရတဲ့အခန်းဆီ ရောက်လာတဲ့ ရဲတွေက နိုင်နိုင်းပိုက်ဆံအိတ်ကို တွေ့သွား၊ ရဲအုပ် ဆန်းထွဋ်က နိုင်နိုင်းကို သံသယဖြစ်ပြီး ဖုန်းလှမ်းဆက်မေး၊ နိုင်နိုင်း ဟော်တယ်ကနေ တစ်ခါတည်းထွက်ပြေးဖို့ စီစဉ်၊ ဇော်ဇော်အောင်+အမွန်း ကားနဲ့ ထွက်ပြေးခါနီး ရဲကားတွေ အချိန်မီရောက်လာပြီး ကားနဲ့လိုက်ဖမ်း။

ရန်ကုန်မြို့ထဲမှာ ကားတွေ ပြေးလွှားမောင်းနှင်နေတာတွေ ရိုက်ပြဖို့ ကင်မရာ အနည်းဆုံး ၁၀ လုံးလောက် သုံးထားရလေမလားပဲ။ အက်ရှင်ခန်းတွေ Edit လုပ်ထားတာ မိုက်တယ်။ ကားဘရိတ်အုပ်သံတွေကအစ ပီပြင်တယ်။" အမွန်း သရုပ်ဆောင်တာ ကောင်းတယ်။ ဒါပေမဲ့ စကားပြောတာ သိပ် အသက်မဝင်ဘူး။ ကချင်တိုင်းရင်းသူ ဖြစ်နေလို့လား မသိ " ဂျစ်ပုပ်က အဲလိုပြောတယ်။

နိုင်နိုင်းမိဘတွေ အသတ်ခံရပြီး မကြာခင် အမွန်းအဖေလည်း အသတ်ခံရ၊ ရှေ့နေ ဦးနေလလည်း အသတ်ခံရ။ အဲဒါတွေကို စီစဉ်သူက အင်္ဂလိပ်လူမျိုး ဂျော့ခ်ျ( သရုပ်ဆောင် ဂျိုး မော်ရီယာ ? )။ ဂျော့ခ်ျနဲ့ အသတ်ခံရသူတွေကြားက လည်ဆွဲကြိုး ၄ ခုကိစ္စ၊ ရတနာမြေပုံကိစ္စတွေ အမွန်းက နိုင်နိုင်းကို ပြန်ပြောပြတဲ့အခန်းမှာ အမွန်းတစ်ယောက်တည်း စကားအကြာကြီး ပြောသွားတာ ဇာတ်ညွှန်းအားနည်းချက်။

" အမွန်း အသံက ပုံမှန်ပါပဲ။ ဇာတ်ညွှန်းအားနည်းချက်ကြောင့် ဒိုင်ယာလော့ဂ်တွေက ဝါကျရှည်တွေဖြစ်နေလို့ သရုပ်ဆောင်စကားသံထွက်တဲ့အပိုင်း အားနည်းသွားတာ။ အမွန်းတစ်ယောက်တည်း စကားပြောနေတဲ့အခန်းမှာ နိုင်နိုင်းရဲ့တန်ပြန်မေးခွန်းတွေ ဒိုင်ယာလော့ဂ်ဝင်လာရင် ပိုလန်းသွားမှာ။ အဲလိုဖြစ်ဖို့ ဇာတ်ညွှန်းဆရာ အဓိကကျတယ်"

ရုပ်ရှင်ကြည့်ရင်း ဝေဖန်လေကန်နေကြတာ ကိုယ်နဲ့ ဂျစ်ပုပ်ပဲ ရှိလေမလား မသိ။
" ဇော်ဇော်အောင် သရုပ်ဆောင်တာ ကွက်တိပဲ။ ပေါကားတွေမှာတုန်းက ပေါဇာတ်ညွှန်းတွေအတိုင်း သရုပ်ဆောင်ရ ပြောရလို့ သူတို့ပုံစံတွေက ငပေါကြီးတွေလို ဖြစ်နေခဲ့ကြတာ ဖြစ်မယ်။ ဒီကားထဲတော့ သူလည်း မဆိုးပါဘူး" " ဇော်ဇော်အောင် ဇာတ်ရုပ်ကို ဇာတ်လမ်းအရှိန်ဖော့ဖို့ ပရိသတ် ရယ်ဖို့ ထည့်ပေးထားတာ။ အဲဒါ မိုက်စ်ဒေ။ ဟိုဘဲရီး ဂျော့ခ်ျ အင်္ဂလိပ်လို ပြောပြီး သရုပ်ဆောင်တာ ပိုတောင် လန်းသေး။ အမူအရာရော အသံရော မိုက်တယ်"
ကင်မရာအယူအဆ၊ ဇာတ်လမ်းသယ်ယူချိတ်ဆက်ပုံ၊ အခန်းအကူးအပြောင်း၊ အက်ရှင်ခန်းတွေ တည်းဖြတ်ပုံ၊ လိုတိုရှင်း ဒိုင်ယာလော့ဂ်၊ ပြဇာတ်မဆန် လက်တွေ့ဆန် သဘာဝကျတဲ့ သရုပ်ဆောင်ပုံ၊ အပြောနဲ့ အပြ မျှတညီညွှတ်မှု၊ နောက်ခံမြူးဇစ် အပြောင်းအလဲ၊ မြန်မာ့သဘာဝရှုခင်း လိုကေးရှင်းရွေးချယ်မှုနဲ့ အသံဖမ်းစနစ်။
ဒုဋ္ဌဝတီမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ပညာအားလုံးက မြန်မာပေါကားတွေရဲ့အမှောင်ခေတ်ကို ကျော်လွန်ဖောက်ထွက်သွားခဲ့တာ သေချာခဲ့ပြီ။ ကိုယ့်ညံ့ဖျင်းမှုကိုယ် ဝန်မခံဘဲ ဆင်ခြေမျိုးစုံပေး၊ အတ္တကာကွယ်မှုယန္တရားတည်ဆောက်ပြီး ကိုယ့်ညံ့ဖျင်းမှုကိုယ်

နည်းမျိုးစုံနဲ့ ကာကွယ်နေကြတဲ့ မြန်မာပေါကားဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေ၊ ဇာတ်လမ်းဇာတ်ညွှန်းရေးဆရာတွေ၊ ကင်မရာမန်းတွေ ရှက်တတ်ရင် လဲသေလို့ ရနိုင်လောက်တဲ့ ဇာတ်ကား။ ဒုဋ္ဌဝတီ။
…………
ဇာတ်လမ်းပြန်ဆက်ရရင် နိုင်နိုင်း ဇော်ဇော်အောင်နဲ့ အမွန်းတို့ ကားနဲ့ ပြေးလွှားရင်း ရဲလက်က လွတ်၊ ပဲခူးက အမွန်းအိမ်ဆီ ဆက်ပြေးကြတယ်။ လူဆိုးတွေက နိုင်နိုင်းဆီက လည်ဆွဲကြိုးကို လိုချင်နေကြတာ။ အဲဒါရမှ လူဆိုးခေါင်းဆောင် ဂျော့ခ်ျဆီမှာ ရှိနေတဲ့ လည်ဆွဲ ၃ ခုနဲ့ ပေါင်းစပ်ပြီး ရတနာသေတ္တာသော့ ဖန်တီးလို့ ရမှာ။ သော့လုပ်နည်းနဲ့ ရတနာမြေပုံကို ရှာဖွေနိုင်မယ့် လမ်းညွှန်မြေပုံက အမွန်းအဖေ ဒိုင်ယာရီစာအုပ်ထဲမှာ။ ဒိုင်ယာရီစာအုပ်က အမွန်းလက်ထဲမှာ။

အမွန်းအိမ်မှာ နေနေတုန်း နိုင်နိုင်းဆီ ဖုန်း SMS ဝင်လာပြန်တယ်။ အစ်ကိုနဲ့ တွေ့ချင်ရင် မန္တလေးဘူတာကြီးကို ဘယ်နေ့ဘယ်အချိန် အရောက်လာခဲ့ တဲ့။ နိုင်နိုင်းတို့ ၃ ယောက် ရန်ကုန်- မန္တလေး ရထားစီးပြီး ထွက်ခဲ့ကြတယ်။ မန္တလေးရောက်ခါနီး ရထားပေါ် လူဆိုးတွေ တက်လာ၊ ဖိုက်တင်ခန်းတွေ ချကြ၊ မန္တလေးဘူတာမှာ လူဆိုးတွေက ဆိုင်ကယ်တွေနဲ့ အသင့်စောင့်နေ၊ ဆိုင်ကယ်စီးအက်ရှင်ခန်းတွေ ပါ၊ ဆိုင်ကယ်တွေနဲ့ ပြေးရင်းလွှားရင်း စစ်ကိုင်းတံတားပေါ် ရောက်သွား။

" ဆိုင်ကယ်နဲ့ ကုန်တင်ကား တိုက်မိပြီး မီးလောင်သွားတဲ့အခန်းက ဆော့ဖ်ဝဲရ်သုံးထားတာ ဖြစ်မယ်။ တံတားကျိုးကျတဲ့ ဆော့ဖ်ဝဲရ် မသုံးသင့်ဘူး။ ကားမီးလောင်တာက ယုတ္တိရှိတယ်။ တံတားကျိုးကျတာကျတော့ ယုတ္တိမရှိ ဖြစ်သွားတာပေါ့။ နည်းပညာကို ဇာတ်လမ်းယုတ္တိနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့အထိပဲ အသုံးပြုသင့်တာ" ဂျစ်ပုပ်က ရုပ်ရှင်ဇာတ်လမ်းထဲ အာရုံရောက်နေတယ်။ ကိုယ့်စကားသံ သူ့နားထဲ ဝင်ပုံ မရဘူး။ ဇာတ်လမ်းအစအဆုံး ပြောပြလိုက်ရင် မကြည့်ရသေးသူတွေ ရိုးသွားမစိုးလို့ လိုတိုရှင်းပဲ ပြောတော့မယ်။

စစ်ကိုင်းတံတားပေါ်မှာ လူဆိုးတွေလက်က လွတ်သွားတော့ နိုင်နိုင်းတို့ ၃ ယောက် ပုဂံဘက်စုန်မယ့် ငါးဖမ်းလှေတစ်စီးပေါ် တက်ပြေးကြတယ်။ ငါးဖမ်းသမားကြီး ( မြင်စိုင်းသားအောင်အောင်) က အမွန်းတို့ မြေပုံညွှန်းရှာချင်နေတဲ့ ပုဂံဘုရားတစ်ဆူဆီ လမ်းညွှန်ပေးတယ်။ ပုဂံဘုရားမှာ ရှေးဟောင်းခေတ် စစ်သုံးမှန်ပြောင်းရှာ၊ မှန်ပြောင်းထဲက မြေပုံသစ်ထပ်တွေ့၊ လူဆိုးတွေ သတင်းအနံ့ခံ လိုက်လာ၊ ဇော်ဇော်အောင့်ကို ဖမ်းမိ၊ နိုင်နိုင်းအစ်ကိုကို သတ်ပစ်၊ အမွန်းကို ဓားစာခံလုပ် ခေါ်၊ ရတနာသေတ္တာ ဖွင့်ခိုင်း၊ ပြည်တန် ပတ္တမြားအရိုင်းတုံးကြီးတွေ့၊ နိုင်နိုင်းက အမွန်းကို ပြန်ကယ်တင်၊ လူဆိုးခေါင်းဆောင် ဂျော့ခ်ျ သေသွား၊ ပတ္တမြားအရိုင်းတုံးကြီးကို နိုင်ငံတော်ဆီ အပ်နှံ၊ နိုင်ငံတော်ဂုဏ်ပြုပွဲ လုပ်၊ နိုင်နိုင်းတို့ ၃ ယောက် အခန်းဆီ ရဲအုပ် ဆန်းထွဋ် ညစာလာစားခန်းနဲ့ ဇာတ်သိမ်း။ စစ်ကိုင်း-ပုဂံ ရေလမ်းခရီးမှာ ငါးဖမ်းသမားကြီးက နိုင်နိုင်းတို့ကို ညပိုင်း အချမ်းပြေ ရေနွေးကြမ်းပူပူလေး တိုက်တဲ့ အခန်းတစ်ခန်းပါတယ်။

" ရေနွေးကြမ်းခွက်ထဲက ရေနွေးငွေ့တွေ လွင့်ဝဲနေတာလေး ပါရင် ပိုကောင်းမယ်။ ခွက်ချည်းသက်သက်ဆိုတော့ အမြင်အရသာ အားနည်းသွားတာပေါ့။ ရေနွေးကြမ်းပူပူလေးဆိုတဲ့ ဒိုင်ယာလော့ဂ်ကို အရုပ်က ဟာမိုနီဖြစ်အောင် လိုက်မပြနိုင်သလို ဖြစ်သွားတယ်။ အဲဒီ အားနည်းချက်က ဒါရိုက်တာမှာ တာဝန်ရှိတယ်"
ရုပ်ရှင်ရုံထဲ စကားပြောနေသူက ကိုယ်တစ်ယောက်တည်းပဲ။ တခြားလူတွေအားလုံး ရုပ်ရှင်ကိုပဲ အာရုံစိုက် ကြည့်နေကြတာ။
…………
ဒုဋ္ဌဝတီထဲမှာ မြစ်ရေပြင်နဲ့ တောတောင်ရှုခင်းတွေ အရမ်းလှတယ်။ ပုဂံဝန်းကျင်မှာ မြစ်ကမ်းပါး ကျောက်ဆောင်တွေ၊ ရှေးဟောင်းဘုရားတွင်း မြင်ကွင်းတွေက ခမ်းနားတယ်။ ဘုရားရုပ်ပွားတော် အနီးကပ်မြင်ကွင်းတွေနဲ့ အလင်းအမှောင် ချိန်ဆဖမ်းယူပုံက ထိုင်းရုပ်ရှင်တွေထဲက ကင်မရာအယူအဆတွေနဲ့ ယှဉ်လို့ ရတယ်။ နိုင်နိုင်း သရုပ်ဆောင်ပုံ စကားသံ ခပ်တိုးတိုး အေးစက်စက်ပြောပြီး မျက်နှာအမူအရာ အဓိကထားပုံ မိုက်တယ်။ အမွန်းက ဒိုင်ယာလော့ဂ် အရှည်ကြီး ပြောရတဲ့အခန်းမှာ စကားပြောအသံအမူအရာ အားနည်းတာကလွဲပြီး တခြားအခန်းတွေမှာ အေးဆေးသက်သာ ပုံမှန်လေးပဲ သရုပ်ဆောင်သွားတယ်။ ဇော်ဇော်အောင် ကားမောင်ခန်းတွေမှာ သရုပ်ဆောင်ပုံ မဆိုသလောက်လေး အိုဗာဖြစ်နေသေးတာကလွဲရင် ဇာတ်ပို့ အမူအရာ ကောင်းတယ်။ လူကြမ်းမင်းသား နော်အောင် ဘော်ဒီအလှနဲ့ တက်တူးတွေ ဖော်ပြတာ မိုက်တယ်။ မျက်နှာအမူအရာနဲ့ စကားသံပါဝါတော့ အားနည်းနေသေးတယ်။

ဟိုဘဲရီး ဂျော့ခ်ျ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်အမူအရာရော အင်္ဂလိပ်လေယူလေသိမ်းပါ လန်းတယ်။ ဇာတ်ပို့နေရာမှာ ဆန်းထွဋ် အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်တယ်။ ဖိုက်တင်ခန်းတွေမှာ နိုင်နိုင်းနဲ့ နော်အောင် နှစ်ယောက်တည်း ဖိုက်တဲ့အခန်းတွေက ပို လှုပ်ရှားသက်ဝင် ပီပြင်တယ်။ ဖိုက်တင်ခန်း ကင်မရာတည်တဲ့အခါ ဘော်ဒီအနီးကပ်လှုပ်ရှားမှု၊ ဘော်ဒီပြည့်လှုပ်ရှားမှုနဲ့ ဘော်ဒီအဝေးလှုပ်ရှားမှုတွေ မျှတနေရင် ပိုကောင်းမယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ အရုပ်တွေ တည်းဖြတ်ချိတ်ဆက်ပုံ အချိန်အကြာအမြင့် ဟာမိုနီဖြစ်တယ်။ ဇာတ်သိမ်းပိုင်း ရောက်လာလေလေ ကင်မရာအယူအဆနဲ့ တည်းဖြတ်မှုအယူအဆ ပိုကောင်းလာလေပဲလို့ မြင်မိတယ်။ bird eye view ကနေ ရိုက်ထားတဲ့ ကင်မရာမြင်ကွင်းတွေကိုလည်း အသိအမှတ်ပြုရမယ်။ ရန်ကုန်-မန္တလေး ရထားသွားနေပုံ ရှုခင်းတစ်ခု၊ ဘယ်နေရာလဲ မသိ၊ BEV ရိုက်ပြထားတာ စောက်ရမ်းလှတယ်။ အဲဒီမြင်ကွင်းကို အချိန် ၅ စက္ကန့်ကနေ ၇ စက္ကန့်လောက်နီးပါး ပိုဆွဲပြလိုက်ရင် ပရိသတ်စိတ်ကျေနပ်မှု ပိုရမယ် ထင်မိတယ်။ အဲဒါက ရုပ်ရှင်တည်းဖြတ်ပညာ၊ အချိန်ကာလအိုင်ဒီယာနဲ့ ဆိုင်လေမလား မသိ။

ဇာတ်လမ်းဇာတ်ညွှန်းပိုင်း ပြန်ပြောရရင် "ရဲနောင်" တော်တယ်လို့ ချီးကျူးချင်ပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံ၊ ဇာတ်ဝင်ခန်း ကူးပြောင်းချိတ်ဆက်ပုံတွေ ပိရိသေသပ်ပါတယ်။ ဇာတ်လမ်းအစအဆုံး ဇာတ်ရှိန်မြှင့် ခေါ်ဆောင်သွားနိုင်တယ်။ အင်ဒိုး အောက်ဒိုးတွေ မျှတညီညွတ်တယ်။ အက်ရှင်အလှုပ်ခန်းတွေနဲ့ စကားပြောအငြိမ်ခန်းတွေလည်း မျှတတယ်။ အမွန်း ဇာတ်ကြောင်းပြော ဒိုင်ယာလော့ဂ်လို ဇာတ်ဝင်ခန်းမျိုးတွေမှာ ဇာတ်ကောင်တစ်ကောင်တည်းရဲ့စကားပြောအရှည်ကြီးတွေကြား တခြားဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်အတိုလေးတွေ ကြားညှပ်ထည့်ပေးနိုင်ရင် ပိုကောင်းမယ်။ ဒိုင်ယာလော့ဂ်အရှည်ကြီးတွေ ပြောတာက ဝတ္ထုမှာ ပြဿနာမရှိပေမဲ့ ဇာတ်ညွှန်းမှာ သရုပ်ဆောင်ရဲ့လေယူလေသိမ်းနဲ့ဆိုင်တဲ့ အသံအမူအရာ အားနည်းချက်မျိုး ဖြစ်သွားစေနိုင်တယ်။ နောက်ရေးမယ့် ဇာတ်ညွှန်းတွေမှာ အဲဒါလေး သတိပြုသင့်တယ်လို့ အကြံပေးပါရစေ။

ဒါရိုက်တာပညာနဲ့ သိပ်မနီးစပ် မကျွမ်းကျင်လို့ ဒါရိုက်တာပိုင်းတော့ ကိုယ် သိပ် မဝေဖန်တတ်ပါဘူး။ ဒါရိုက်တာ အာကာ အရမ်းတော်တယ်လို့ပဲ လိုတိုရှင်း ချီးကျူးပါရစေ။မြန်မာသရုပ်ဆောင်တွေ မျက်နှာအမူအရာ အသံအမူအရာ ပြောင်းလဲသွားအောင် လေ့ကျင့်ညွှန်ကြားပေးနိုင်ခဲ့တာ တကယ် အလေးအနက် ချီးကျူးပါတယ်။ လူအားစိတ်အားရော ငွေကြေးအားပါ လုံ့လစိုက်ထုတ်ပြီး ရိုက်ကွင်းနေရာမျိုးစုံ တည်ပေးထားတာတွေ၊ ကင်မရာအယူအဆပိုင်း ပြောင်းလဲပေးထားတာတွေ၊ အက်ရှင်ဇာတ်ကားပီသအောင် ရိုက်ကူးရေးအပိုင်းရော တည်းဖြတ်မှုပိုင်းမှာပါ ကြိုးစားအားထုတ်ပေးထားတာတွေလည်း အသိအမှတ်ပြု ချီးကျူးစကား ပြောချင်ပါတယ်။ မြန်မာရုပ်ရှင်လောကသား အများစုက အနုပညာဆိုတဲ့ စကားလုံး ဗန်းပြသုံးပြီး ပရိသတ်ကို အထင်သေးစော်ကားရာရောက်တဲ့ ပေါချောင်ချောင်ဇာတ်ကားတွေနဲ့ စီးပွားရှာ၊ ကိုယ့်ကိုယ်ကိုယ် အနုပညာသမားလား အနုပညာဗန်းပြ ပိုက်ဆံရှာစားနေသူလား မကွဲပြား ဖြစ်နေကြတဲ့ မြန်မာရုပ်ရှင် အမှောင်ခေတ်ကာလကြီးထဲမှာ လူငယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ ကိုယ့်လက်ရာကိုယ် အနုပညာစိတ်ကူးစိတ်သန်းနဲ့ အတတ်ပညာတွေ အစွမ်းအစတွေအကုန် ထုတ်သုံးပြီး အကောင်းဆုံးအနေအထားဖြစ်အောင် ကြိုးစားရိုက်ပြသွားတာ တကယ် ကျေးဇူးတင်ပါတယ်။

မြန်မာ့ရုပ်ရှင် အမှောင်ခေတ်ကို တွန်းထိုးဖောက်ထွက်လာတဲ့ အနုပညာကြယ်သစ်တစ်ပွင့်ကို ပရိသတ်တစ်ယောက်အနေနဲ့ ချီးကျူးကြိုဆိုလိုက်ပါတယ်။ နောက်ထပ် ဒီထက်ပိုပြီး အနုပညာအရရော အတတ်ပညာအရပါ အဆင့်မြင့်တဲ့၊ နိုင်ငံတကာ ရုပ်ရှင်အနုပညာ တန်းဝင်တဲ့ ဇာတ်ကားကောင်းတွေ ဆက်လက်ရိုက်ကူးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ဒုဋ္ဌဝတီဟာ " မြန်မာရုပ်ရှင်ပေါကားခေတ်ကို ကျော်လွန်ဖောက်ထွက်လာတဲ့ ဇာတ်ကားတွေထဲက တစ်ကား" လို့ ဂျစ်ပုပ်ပြောတာ မှန်ပါတယ်။

" ဒုဋ္ဌဝတီကို လွန်၍ " ဇာတ်ကားက မြန်မာပေါကားတွေကို ဆယ်စုနှစ် နှစ်စုကျော် စိတ်ပျက်သရော်လှောင်ပြောင် အထင်သေးနေကြတဲ့ မြန်မာပရိသတ်တွေ စိတ်အဆာပြေစေနိုင်မယ့်၊ စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ရစေနိုင်မယ့် ဇာတ်ကားတစ်ကားပါပဲ။ ပြည်တွင်းမှာလည်း အောင်မြင်မှုတွေ ရနိုင်ပါစေ။ ပြည်ပရုပ်ရှင်ပြပွဲတွေမှာလည်း အောင်မြင်မှုတွေ ရနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ကဗျာဆရာ၊ စာရေးဆရာတစ်ယောက်က ရုပ်ရှင်နယ်ပယ်ထဲ နယ်ကျော်ဝင်ပြီး ဝေဖန်လေကန်ရေးတွေ လုပ်နေတာ လေကြောလည်း အတော် ရှည်နေပါပြီ။ ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ရီဗျူး ဒီမှာပဲ ရပ်ပါတော့မယ်။နောက်ဆုံးအနေနဲ့ ပြောချင်တာက မြန်မာရုပ်ရှင်လောကသား အားလုံးကို အကြံပေးစကားလေးတစ်ခွန်း လိုတိုရှင်းလေး ပြောချင်တာပါ။

" အနုပညာအပေါ် စိတ်နေစိတ်ထားလေးတွေ ကျေးဇူးပြုပြီး ပြောင်းပေးကြပါဗျာ။ မြန်မာ့ရုပ်ရှင် နိုင်ငံတကာ အဆင့်အတန်းမီတယ်လို့ ကျွန်တော်တို့ ဝမ်းသာဂုဏ်ယူစိတ်အပြည့်နဲ့ ဝံ့ကြွားခွင့် ရပါရစေ။ မြန်မာရုပ်ရှင်ဇာတ်ကားဆို လုံးဝ မကြည့်ဘူးဆိုတဲ့ ကျွန်တော်တို့ အမြင်ကို ပြောင်းလဲပစ်ပါရစေ။ ကိုယ့်အားနည်းချက်ကိုယ် ဆင်ခြေမျိုးစုံပေးပြီး ကာကွယ်နေကြတယ်၊ အတ္တကာကွယ်မှုယန္တရား တည်ဆောက်နေကြတယ် ဆိုတဲ့ စကားမျိုး ကျွန်တော်တို့ မပြောပါရစေနဲ့။ အနုပညာဆိုတဲ့ စကားလုံးကို လျှာဖျားလေးနဲ့ပြော ရုပ်ကလေးတွေ ဗန်းပြပြီး ပိုက်ဆံရှာစားနေကြတယ်၊ တောသားငပိန်းတွေရဲ့အားပေးမှုမှာ ကျေနပ်သာယာနေကြတယ်ဆိုတဲ့ ပြင်းထန်တဲ့ဝေဖန်စကားမျိုးတွေလည်း ကျွန်တော်တို့ မပြောပါရစေနဲ့။ မျိုးဆက်သစ်လူငယ်တွေ ကြိုးစားအားထုတ်လာကြတာ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အနုပညာအရည်အသွေး မြင့်မားလာကြတာကို မုဒိတာစိတ်နဲ့ လက်ကမ်း မကြိုဆိုဘဲ J-Virus ကိုက်နေကြတယ် ဆိုတဲ့ စကားမျိုးတွေလည်း ကျွန်တော်တို့ မပြောပါရစေနဲ့တော့။ မြန်မာ့ရုပ်ရှင်လောကသားအားလုံးကို ကျွန်တော်တို့ ပရိသတ်တွေအနေနဲ့ အလေးအနက် မေတ္တာရပ်ခံပါရစေ။ အရည်အချင်းရှိတဲ့ လူငယ်တွေကို အားပေးကြိုဆိုကြပါဗျာ။ လူငယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးကြပါဗျာ။ 

အရိုးခံ စေတနာ မေတ္တာစိတ် မုဒိတာစိတ်တွေ အခြေခံပြီး လူငယ်တွေကို အကြံပေးသင့်တာပေး၊ လူငယ်တွေဆီက နည်းပညာပိုင်း စိတ်ကူးစိတ်သန်းပိုင်း သင်ယူသင့်တာ သင်ယူပေးကြပါဗျာ။ အဲလိုသာဆိုရင် မြန်မာ့ရုပ်ရှင် အမှောင်ခေတ်ကို ကျော်လွန်ပြီး မြန်မာ့ရုပ်ရှင် Renaissance ခေတ် အမြန်ဆုံး ထူထောင်လာနိုင်ကြမှာ သေချာပါတယ်ဗျာ"

ချစ်ခြင်းမေတ္တာဖြင့်
အောင်ရင်ငြိမ်း
၆ မေ ၂၀၁၈
…………. ………….
“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့ပါနဲ့ဦး”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …. 

Related Posts