“ကုန်ကျစရိတ်အကြီးမားဆုံး Animation Movies တွေက ဘာတွေဖြစ်မလဲ”[ Movie Review ]


“ကုန်ကျစရိတ်အကြီးမားဆုံး Animation Movies တွေက ဘာတွေဖြစ်မလဲ”

မင်္ဂလာပါ ရုပ်ရှင်ချစ်ပရိသတ်ကြီးခင်ဗျာ … 

ဒီတစ်ပတ်ကတော့ Animation Movies ချစ် ပရိသတ်တွေအတွက် သတင်းကောင်းပဲခင်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ကဏ္ဍကနေ တင်ဆက်ပေးသွားမှာက Animation ရုပ်ရှင်ကားများအကြောင်း ဖြစ်နေလို့ပါပဲ။ ဘယ်လိုရုပ်ရှင်ကားတွေလဲဆိုတော့ ရိုက်ကူးထုတ်လုပ်ရာမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျခဲ့တဲ့၊ ကုန်ကျစရိတ်အကြီးမားဆုံး Animation Movies တွေပဲ ဖြစ်ပါတယ်။ ကဲ … ဘယ်လိုရုပ်ရှင်ကားတွေဖြစ်မလဲ၊ ရုပ်ရှင်ချစ်သူတို့ ကြည့်ပြီးသားတွေဖြစ်မလား ကြည့်လိုက်ရအောင်လားခင်ဗျ။ 

“ကုန်ကျစရိတ်အကြီးမားဆုံး Animation ရုပ်ရှင်များ”

၁။ Tangled ( 2010 ) – Disney Animation Studios က ရိုက်ကူးထုတ်လုပ်တာဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၂၆၀ ) ကုန်ကျခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြန်လည်ရရှိခဲ့တဲ့ ဝင်ငွေပမာဏကတော့ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ( $ 591, 794, 936 ) ဖြစ်ပြီး အမေရိကန် ရုပ်ရှင်မင်းသမီး Mandy Moore, Jeffery Tambor နှင့် မင်းသားကြီး Ron Perlman တို့က နောက်ခံအသံများဖြင့် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မှော်ဆန်ဆန် ဆံပင်အရှည်ကြီးနှင့် ကောင်မလေး ‘Rapunzel’ အကြောင်း ဂန္ထဝင် ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ပြီး ကုန်ကျစရိတ်အကြီးမားဆုံး စာရင်းထဲက ထိပ်ဆုံးမှာရှိနေပါတယ်။ 

၂။ Toy Story 3 ( 2010 ) - အမေရိကန်ဒေါ်လာ သန်း ( ၂၀၀ ) ဝန်းကျင် ကုန်ကျခဲ့တဲ့ Animation Movie နောက်တစ်ခုကတော့ လူကြီးလူငယ်မရွေး အားလုံးကြိုက်ကြတဲ့ Toy Story ( 3 ) ပဲ ဖြစ်ပါတယ်။ Disney နဲ့ Pixar ရုပ်ရှင်ကုမ္ပဏီတို့ပေါင်းပြီး ရိုက်ကူးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ တစ် ဘီလျံကျော် ( $ 1,069, 818, 229 ) ပြန်လည် ရရှိခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ပဲဖြစ်ပြီး Tom Hanks, Don Rickles, Michael Keaton, Joan Cusack, Tim Allen, Ned Beatty စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက နောက်ခံစကားပြောအဖြစ် ပါဝင်ခဲ့ကြပါတယ်။ တကယ်လို့ ကြည့်မယ်ဆိုရင် Toy Story ( 1 ) ကစပြီး ကြည့်ရှုလိုက်ပါလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။ 

၃။ Finding Dory ( 2016 ) – Disney နဲ့ Pixar တို့ရဲ့ နောက်ထပ် နာမည်ကြီးကားတစ်ခုကတော့ Finding Dory ပါပဲ။ ခန့်မှန်းငွေ ကန်ဒေါ်လာ သန်း ( ၂၀၀ ) ကုန်ကျ ရိုက်ကူးခဲ့ပြီး ကန်ဒေါ်လာ တစ်ဘီလျံကျော် ( $ 1,022,617,376 ) ပြန်လည် ရရှိခဲ့ပါတယ်။ ၂၀၀၃ နှစ်ကထွက်ရှိခဲ့တဲ့ ‘Finding Nemo’ ရဲ့ ဒုတိယကားလို့ ဆိုရမှာဖြစ်ပြီး ဆယ်နှစ်ကျော်အကြာမှ ယခုလို ဒုတိယကားအဖြစ် ဆက်လက်ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ Nemo ကို နှစ်သက်ခဲ့သူတိုင်း Dory ကိုလည်း သဘောကျမှာ အမှန်ပါပဲ။ ဆယ်စက္ကန့်တိုင်းမှာ အတိတ်မေ့ဝေဒနာ ခံစားရနေတဲ့ Dory တစ်ယောက်၊ သူမကို ကူညီမယ့်သူတွေက သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ Nemo နဲ့ Marlin … ရုပ်ရှင်ကားလေးက စိတ်လှုပ်ရှားဖွယ် Adventure ဇာတ်လမ်းအချိုးအကွေ့တွေလည်း ပါဝင်ပြီး Diane Keaton, Ellen DeGneres, Idris Elba, Ed O’ Neill, Kate McKinnon, Ty Burrell စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက နောက်ခံအသံအဖြစ် ပါဝင်ထားကြပါတယ်။ 

၎။ Monsters University ( 2013 ) - အမေရိကန်ဒေါ်လာ သန်း ( ၂၀၀ ) ဝန်းကျင် ကုန်ကျစရိတ်ရှိပြီး Disney နဲ့ Pixar တို့ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ Helen Mirren, Billy Crystal, John Goodman, Steve Buscemi, Sean Hayes တို့က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားကြပြီး ဝင်ငွေအားဖြင့် သန်း ၇၀၀ ကျော် ( $ 743, 588, 329 ) ရရှိခဲ့တဲ့ ဟာသဇာတ်မြူး Fantasy / Adventure ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ မွန်းစတားအကြီးစား ဖြစ်ချင်တဲ့ ဟိုမရောက်ဒီမရောက် kid monster လေးတစ်ယောက်၊ သူ့ရဲ့ အိမ်မက်တွေ အကောင်အထည်ပေါ်လာဖို့ Monsters University ကို တက်ရောက်တဲ့အခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက် ဇာတ်လမ်းတွေ … တကယ်မိုက်တဲ့ ရုပ်ရှင်လေးဖြစ်တာမို့ ကြည့်ရှုဖို့ မမေ့ပါနဲ့ဦး။ 

၅။ Cars 2 ( 2011 ) – Disney နဲ့ Pixar တို့ရဲ့ နာမည်ကျော်လက်ရာ နောက်တစ်ခုကတော့ Cars ( 2 ) ပါပဲ။ Lightning McQueen ဆိုတဲ့ ဟီးရိုးလေးရဲ့ ဇာတ်လမ်းပေါ့ဗျာ။ လူကြီးလူငယ် အားလုံးကြိုက်ကြတဲ့ ကားဇာတ်လမ်းပါပဲ။ ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ( ၂၀၀ ) ရှိပြီး သန်း ၅၀၀ ကျော် ( $ 560, 155, 383 ) ဝင်ငွေ ပြန်လည်ရရှိခဲ့ပါတယ်။ Michael Caine, John Turturro, Owen Wilsin, Joe Mantegna, Bonnie Hunt … စတဲ့ သရုပ်ဆောင်တွေက အသံနောက်ခံအဖြစ် ပါဝင်ထားတဲ့ နာမည်ကြီး Animation Movie တစ်ခုပဲ ဖြစ်ပါတယ်။ 

၆။ WALL-E ( 2008 ) - နောက်ဆုံး ဖော်ပြချင်တဲ့ ကုန်ကျစရိတ်အကြီးဆုံး Animation Movie တစ်ခုကတော့ ဟာသ ၊ ရသ ၊ ဒရမ်မာ ရောထားတဲ့ သိပ္ပံဇာတ်လမ်း WALL-E ပဲ ဖြစ်ပါတယ်ခင်ဗျ။ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ဝန်းကျင် အသုံးပြုခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ဝင်ငွေအဖြစ် သန်း ၅၀၀ ကျော် ( $ 532, 590, 994 ) ပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ Sigourney Weaver, Kathy Najimy, John Ratzenberger, Jeff Garlin .. စတဲ့သူတွေ အသံသရုပ်ဆောင်ထားကြပြီး သိပ္ပံဇာတ်လမ်းတွေအနက် မကြည့်မဖြစ် ကြည့်ရှုထားသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။
 
Ref; www.animationcareerreview.com

………..
ဝန်ဇင်းသတင်းစကား ။     ။ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ( Movie Review ) ကဏ္ဍမှ အပတ်စဉ် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။
………..
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ရုပ်ရှင်ချစ်သူတို့ သိချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts