တစ်ယောက်တည်း ကြည့်ရဲမှာ မဟုတ်တဲ့ ရုပ်ရှင်တွေ … [ Movie Review ]


"တစ်ယောက်တည်း ကြည့်ရဲမှာ မဟုတ်တဲ့ ရုပ်ရှင်တွေ …" 
ကဲ … ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးရေ 
ကျွန်တော် အခုဖော်ပြမယ့် ရုပ်ရှင်တွေကို တစ်ယောက်တည်း ကြည့်ရဲကြမှာလား၊ စိန်ခေါ်လိုက်ပါတယ်နော့။ တော်ရုံအသည်းနဲ့ကတော့ တစ်ယောက်တည်းကြည့်ဖို့ မလွယ်တဲ့ ထိတ်လန့် ခြောက်ခြား သွေးပျက် ကြက်သီးထဖွယ် ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း မကြည့်ချင်လို့ ကိုယ့်မှာ ချစ်ရသူရှိတယ်ဆိုရင်လည်း ဆိုရင်လည်းပေါ့လေ။ ချစ်သူနဲ့ ကြည့်စေသတည်းပေါ့ မဟုတ်ဘူးလား။ သေချာတာကတော့ မကြောက်ဘဲနေမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစိမ့်စိမ့်နဲ့ ကြောက် ၊ ဝုန်းခနဲဒိုင်းခနဲဆို ကြောက် ၊ တံခါးလေးပွင့်တာနဲ့ ကြောက်ချင်တဲ့ ‘ကြောက်’ အရသာကို ရုပ်ရှင်ကြည့်ရင်း ခံစားချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်တွေကိုသာ ကြည့်လိုက်ပါ။ ခြောက်ခြောက်ခြားခြားနဲ့ ကြောက်လန့်သွားမယ်လို့ အာမခံလိုက်ပါတယ်နော့။ 
၁။ Don’t Breathe ( 2016 ) – IMDb rating 7.1 အထိ ရရှိပြီး Box Office မှာ ကန်ဒေါ်လာ 157.1 million ရရှိထားတဲ့ နာမည်ကြီး ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာတဲ့ ရုပ်ရှင်မျိုး ဖြစ်ပြီး အဓိက ဇာတ်ကောင်တွေကတော့ ရော့ကီ၊ အဲလက်စ နဲ့ မန်းနီးဆိုတဲ့ သူခိုးသုံးယောက်ပေါ့။ တစ်ရက်တော့ သူတို့ ပွပေါက်တိုးမယ့် ခွင်တစ်ခုကို တွေ့တာနဲ့ အဲ့ခွင်ကို ဖန်ဖို့အလုပ် .. ကြုံလိုက်ရတာတွေက ….. ။ 
၂။ The Descent ( 2005 ) – IMDb rating 7.2 ရရှိထားတယ်။ ဘတ်ဂျက် ၃.၅ သန်းလောက်နဲ့ ရင်းထားတဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ ၅၇.၁ သန်းထိ ပြန်လည် ရရှိခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ရပ်ကို တစ်နှစ်လောက် ပြင်းပြင်းထန်ထန် ခံစားပြီးနောက်မှာတော့ ဆာရာဟာ ကယ်လီဖိုးနီးယားမြောက်ပိုင်းကို ခရီးထွက်ပြီး သူမရဲ့ သူငယ်ချင်းနဲ့အတူ အဲ့ဒီနယ်မြေဘက်မှာ ရှိတဲ့ လှိုဏ်ဂူအဟောင်းတွေကို ရှာဖွေရင်း အချိန်ဖြုန်းဖို့ စီစဉ်ခဲ့တယ်။ ဒီ အစီအစဉ်ဟာ ဆာရာ့အတွက် ဘယ်လိုအရာတွေ သယ်ဆောင်လာမလဲ ဆိုတာတော့ …. ။ 
၃။ The Ring ( 2002 ) – IMDb 7.1 ရရှိထားတယ်။ ဒီရုပ်ရှင်ကိုတော့ ဝန်ဇင်း ရုပ်ရှင်ချစ်ပရိသတ်တွေ သိပြီး ဖြစ်ပါလိမ့်မယ်။ The Ring ဆိုတာ နာမည်ကြီးပဲလေ ဟုတ်တယ်မလား။ တကယ်လို့ မကြည့်ရသေးဘူးဆိုရင်လည်း ခုပဲကြည့်လိုက်၊ ကြည့်ပြီးပြီဆိုလည်း နောက်တစ်ခေါက် ပြန်ကြည့်လိုက်ပေါ့နော်။ ထိတ်လန့်ဖို့ကောင်းတဲ့ ပုံရိပ်တွေ ပါဝင်နေတဲ့ ပဟေဠိဆန်ဆန် ဗီဒီရိုတိပ်ခွေက ဒီရုပ်ရှင်ရဲ့ အဓိက အချက်ပဲပေါ့။ ဒီတိပ်ခွေကို ကြည့်ပြီးသူက ခုနစ်ရက်ပဲ အချိန်ရတယ်။ ခုနစ်ရက်ပြည့်ရင် ကြည့်တဲ့သူက သေပြီပဲ။ ကဲ … ခုနစ်ရက်အတွင်း အဖြစ်အပျက်တွေက …. ။ 
၎။ The Woman in Black ( 2012 ) – IMDb 6.4 ရထားတဲ့ ဒီရုပ်ရှင်ရဲ့ မင်းသားဟာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ စတားသရုပ်ဆောင် ဟယ်ရီပေါ်တာမင်းသား ဒင်နီယယ်ရဒ်ကလစ်ဖ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူက ရှေ့နေတစ်ယောက်။ ကျေးလက်ဇနပုဒ်တစ်ခုကို အမှုကိစ္စနဲ့ ရောက်သွားပြီးတဲ့နောက်၊ အဲ့ဒီက လူတွေဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကို ဖုံးကွယ်ထားကြမှန်း ရိပ်မိလာတယ်။ ဒီ့နောက်တော့ … ။
၅။ Poltergeist ( 1982 ) – IMDb rating က 7.4 တောင် ရထားတာခင်ဗျ။ နောက်ပိုင်းထွက်လာတဲ့ Poltergeist ဇာတ်ကားတွေကို မွေးဖွားပေးလိုက်တယ်လို့ ဆိုရမှာပေါ့နော့။ ဖြစ်ရပ်မှန် အဖြစ်အပျက်တွေကို အခြေခံထားတဲ့ ဒီရုပ်ရှင်ဟာ သရဲကားတွေရဲ့ ထိပ်ပါပဲ။ အဖြစ်အပျက်တွေကတော့ ကယ်လီဖိုးနီးယားပြည်နယ်ထဲက သာမန် မိသားစုလေးအတွင်းမှာ ပေါ်ပေါက်လာတယ်။ အမှောင့်ဘက်ခြမ်းက နာနာဘာဝတွေက သူတို့မိသားစုထဲက အငယ်ဆုံး ကလေးမလေးဖြစ်တဲ့ ကာရိုးလ်ကို စတင်ဆက်သွယ်ဖို့ ကြိုးစားလာတဲ့အခါ … ။ 
၆။ It Follows ( 2015 ) – IMDb rating 6.8 အထိ ရထားတယ်။ ဆယ်ကျော်သက် လူငယ်စုံတွဲဖြစ်တဲ့ ဂျေးနဲ့ ဟုခ်ျတို့ကြားမှာ ထိတ်လန့်ခြောက်ခြားစရာတွေ ဖြစ်လာတာပေါ့။ ဒါကတော့ ဂျေးက သူ့ကောင်လေးနဲ့ အတူအိပ်ပြီးနောက်ပိုင်း စလာတဲ့ ပြဿနာတွေ။ ကဲ … စိတ်ဝင်စားတယ်ဆိုရင်တော့ … ။ 
၇။ The Babadook ( 2014 ) - သူလည်း IMDb 6.8 ပဲ။ ကြောက်ဖို့လည်းကောင်းတယ်၊ ဒရမ်မာဆန်တဲ့ ဇာတ်လမ်းအချိုးလည်း မြင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးပဲလို့ မှတ်ချက်ချမိပါလိမ့်မယ်။ ပလိပ်ရောဂါကို အပြင်းအထန် ခံစားရတဲ့ ယောက်ျားဖြစ်သူ သေသွားပြီးနောက်မှာတော့ ကျန်ခဲ့တဲ့ single mother တစ်ယောက်နဲ့ သူမရဲ့ သားငယ်လေး။ မကြာခဏဆိုသလိုကနေ အမြဲတမ်းလိုလို သူတို့အနားမှာ ပရဝိညာဉ်တွေက …. ။ 
ကဲ … ဒီဇာတ်ကားတွေကတော့ တစ်ယောက်တည်း ကြည့်ရဲမှာ မဟုတ်တဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ ကြည့်ရဲ မကြည့်ရဲ သိချင်ရင်တော့ ခုပဲ ကြည့်ကြည့်လိုက်နော်။ အပတ်စဉ် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Wun Zinn App ထဲက ခုလို *အခမဲ့ဖတ်စရာ* ကဏ္ဍလေးကို ဝင်ရောက် ကြည့်ရှုကြဖို့ မမေ့ပါနဲ့ဦး။ 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts