The Greatest Showman [Movie Review]


The Greatest Showman (2017)
#moive #review
ဒီတစ်ပတ် သောကြာနေ့ရဲ့ Movie Review ကဏ္ဍကနေပြီးနေ ဝန်ဇင်းပရိသတ်ကြီးကို ပြန်လည်ခံစားတင်ပြပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ The Greatest Showman ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1871 ကနေ အခုထိနာမည်ကြီးနေတဲ့ Barnum & Bailey Circus ကို စတင်တည်ထောင်ခဲ့သူ Phineas Taylor Barnum ( P.T. Barnum ) ဆိုသူအကြောင်း ရိုက်ကူးထားတဲ့ Musical Biography ရုပ်ရှင်ဆိုလည်း မမှားပါဘူး။

“အိမ်မက်တွေဟာ တစ်နေ့တော့တကယ်ဖြစ်လိမ့်မယ်” ... ဆိုတဲ့စကားစုကို ကျွန်တော်တို့တွေ ပြောဖူး၊ ကြားဖူးနေကြ။ ဒါပေမယ့် လူတစ်ယောက်ရဲ့အိမ်မက် တကယ်ဖြစ်လာဖို့အတွက် ဘာတွေကိုရင်းနီးရမလဲ။ ပြီးတော့ အချိန်ဘယ်လောက်ကြာမှာလဲ၊ ကျွန်တော်တို့ကိုယ်တိုင် မသိနိုင်ပါဘူး။ 
ဒီဇာတ်လမ်းလေးရဲ့အစမှာ ပေတိပေစုတ်ကောင်လေး ဖီနီရာ(စ်)တေလာဘာနမ် တစ်ယောက်ဟာ ပိတ်စဆိုင်တစ်ဆိုင်ရှေ့မှာရပ်နေပြီး မှန်အတွင်းက ဝတ်စုံကို သူစိတ်ကူးနဲ့ ဝတ်ကြည့်နေရင်းကနေ သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်တော့ ညာဖက်ခြေထောက်မှာဝတ်ထားတဲ့ ရှူးဖိနပ်ဟာ ထိပ်ပွင့်နေပြီး သူခြေချောင်းတွေရဲ့လုံခြုံမှုကို တာဝန်မယူနိုင်တော့တဲ့အခြေအနေ။ သူ့ဖခင် ‘ဖီလို’ နဲ့ နှစ်ယောက်တည်း ဖီနီရာ(စ်) တို့သားအဖဟာ ဟောလတ်မိသားစုအတွက် စက်ချုပ်သမားအဖြစ် အသက်မွေးနေရတဲ့သူတွေပါ။ ဟောလတ်မိသားစုမှာ ဖီနီရာ(စ်)နဲ့ ရွယ်တူကောင်မလေးတစ်ယောက်ရှိတယ်။ သူမက ‘ချရတီ’ … ။ တေလာဘာနမ်တစ်ယောက် ချရတီကို ချစ်မိပေမယ့် ဂုဏ်ရည်အဆင့်အတန်းမတူတဲ့ အခြေအနေက သူ့ကို ကောင်းကောင်းကြီး ဖိနှိပ်ခဲ့တယ်။ ဒီလိုနဲ့ ဘာနမ်တစ်ယောက် ငယ်စဉ်ကပဲ အောင်မြင်ကြီးပွားလိုစိတ်က အမြစ်တွယ်ခိုင်မာခဲ့တာပေါ့ … ။ 

ဘာနမ်ရဲ့ ဖခင်ဖီလိုဆုံးသွားပြီးနောက်ပိုင်း အရွယ်ရောက်၊ အလုပ်အကိုင်ရလာတဲ့အခါ ငယ်စဉ်က သိပ်ချစ်ခဲ့ရတဲ့ ချရတီကို တောင်းရမ်းပြီး သူတို့နှစ်ယောက်အ တူလက်ထပ်ပေါင်းသင်းနေထိုင်ကြတယ်။ သူတို့နှစ်ဦး ဘဝကို ကြိုးစားရုန်းကန်ရင်း သမီးလေးနှစ်ယောက် ထွန်းကားလာတဲ့အခါ ဘာနမ်တစ်ယောက် အလုပ်က ဒေါလီခံပြီး မိသားစု စားဝတ်နေရေးအခက်အခဲတွေကို ဘဏ်ကရတဲ့ ချေးငွေနဲ့ ပြပွဲကြီးတစ်ခု တည်ထောင်ဖြစ်သွားတယ်၊ ဒီမတိုင်ခင်မှာ ဆုံးရှုံးမှုတွေဟာ မနည်းခဲ့ပါဘူး။ ပြပွဲကြီးကတော့ ပတ်ဝန်းကျင်မှာ အဖယ်ကျဉ်ခံရပြီး မွေးရာပါသွင်ပြင်လက္ခဏာ ထူဆန်းမှုတစ်ခုခု ရှိနေတဲ့သူတွေ၊ အလေ့အကျင့်နဲ့နေထိုင် အသက်ရှင်မှုပုံစံတွေကြောင့် လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့မကိုက်ညီ လွဲချော်သူတွေကို စုဆောင်းပြီး တဖြည်းဖြည်း အောင်မြင်လာတဲ့ ပြပွဲကြီးတစ်ခု ဖြစ်လာပါတော့တယ်။ 

ဒီလိုအောင်မြင်လာတဲ့အချိန်မှာ နောက်ဆက်တွဲအနေနဲ့ အတိုက်အခိုက်တွေဟာ သစ္စာရှိရှိ ပါလာလေရဲ့။ လူ့ပတ်ဝန်းကျင်က ကျဉ်ဖယ်ထားတဲ့ လူထူးလူဆန်းတွေကို ပြစားတဲ့ ဘာနမ်ရဲ့ ဆပ်ကပ်ကြီးဟာ တစ်ဖက်မှာလည်း အောင်မြင်သလို တစ်ဖက်မှာလည်း သတင်းစာတွေအပါအဝင် မြို့ထဲကလူတွေရဲ့ ကန့်ကွက် ရှုတ်ချမှုကိုလည်း တစ်ပြိုင်တည်း ခံစားရတော့တယ်။ ဘာနမ်ရဲ့ ပြပွဲကို ဘာမဟုတ်တဲ့ အရာတွေနဲ့ လိမ်ညာပြသနေတဲ့ အဖွဲ့ဆိုပြီး ဝေဖန်ရေးဆရာတစ်ယောက်က ‘ဆပ်ကပ်’ လို့ နာမည်ပေးလိုက်တာပါ။ 

သူတို့တစ်ဖွဲ့လုံး အင်္ဂလန်က ဘုရင်မကြီးဆီမှာ သွားရောက်ဖျော်ဖြေပေးဖို့ အခွင့်အရေးပေါ်လာတဲ့အခါ အင်္ဂလန်မှာ ဘာနမ်တစ်ယောက် သူတို့ဆပ်ကပ်ကြီးအတွက် လိုအပ်နေတဲ့ လူတစ်ယောက်ကို ထပ်တွေ့လိုက်ရပါတော့တယ်။ သူမက ဂျန်နီလင်းဆိုတဲ့ အဆိုတော် အဆိုကျော် တစ်ယောက်ပါပဲ ။ ဘာနမ်ဟာ သူတို့ဆပ်ကပ်အဖွဲ့က အတုအယောင်ဟာသတွေနဲ့ပဲ လူတွေကို ပျော်ရွှင်စေခဲ့တယ်လို့ထင်ပြီး အစစ်အမှန်တစ်ခုနဲ့ ပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လင်းကို ဖျော်ဖြေရေးမှာပါဝင်ဖို့ စည်းရုံးအောင်မြင်ခဲ့တယ်။ 

ဒီလိုနဲ့ ဂျန်နီလင်းတစ်ယောက် ဘာနမ်ရဲ့ဆပ်ကပ်နဲ့ ပူးပေါင်းလိုက်တဲ့အခါမှာတော့ ….. မထင်မှတ်စရာ ဘယ်လိုအပြောင်းအလဲကြီးတွေ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ … ဒီရုပ်ရှင်ကို ကြည့်ရှုခံစားရင်း ဝေဖန်သုံးသပ်ဖို့ ညွှန်းဆိုလိုက်ရပါတယ်။ 

The Greatest Showman ရုပ်ရှင်ဟာ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းတို့အကြားက အလွှာပါးပါးကို လှစ်ဟပြထားတယ်လို့ ဆိုရမှာပါပဲ။ အောင်မြင်ကြီးပွားလိုစိတ်ရှိသူ၊ လူတွေကို ပျော်ရွှင်စေလိုသူ ဘာနမ်အနေနဲ့ သူဖန်တီးချင်တဲ့ အောင်မြင်မှုကို အခက်အခဲတွေကြားက ကြိုးစားရယူခဲ့ပုံတွေ၊ အောင်မြင်မှုနောက်ကို လိုက်ရင်းနဲ့ ကိုယ်မသိလိုက်ဘဲ ကိုယ်နဲ့ ပတ်သက်နေသူတွေအပေါ် ဥပေက္ခာပြုခဲ့မိတဲ့ ဘာနမ်ရဲ့ ပုံရိပ်၊ နောက်ဆုံးမှာ စိတ်ဓာတ်တွေကျဆင်းပြီး တကွဲတပြားဖြစ်ရတဲ့ အဖွဲ့ကြီးတစ်ခုလုံးကို ပြန်စုစည်းရတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းတစ်ခုလုံးမှာ မတူညီမှုတွေကြားက တူညီတဲ့ မေတ္တာ၊ အသိုင်းအဝိုင်းမတူမှုကြားက ချစ်ခြင်းနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်ထိ တာပြီး အရေးပါလှတယ်ဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာပါ။ 

ဒီဇာတ်ကားကတော့ Musical Drama ဇာတ်လမ်းအမျိုးအစားဖြစ်ကြောင်း သိပါလိမ့်မယ်။ အခန်းတစ်ခန်းနဲ့ တစ်ခန်း အချိတ်အဆက်တွေဟာ ပိရိလှပြီး ကာရိုက်တာနှစ်ခုရဲ့ အပြန်အလှန် အချေအတင် စကားပြောခန်းက အရေးပါ လှပတဲ့ dialogue တွေ၊ အောင်မြင်မှုနဲ့ ကျရှုံးမှု၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်း နာကျင်ခံစားမှုတို့ကို ပေါ်လွင်အောင် သရုပ်ဆောင်ထားမှုနဲ့ ရိုက်ချက်တွေ၊ ဒီခံစားချက်တွေကို ပေါ်လွင်အောင်ပြရမယ့် အပြတွေမှာ သီချင်းတွေနဲ့တင်ဆက်ပြသပုံကြောင့် ကြည့်ရှုသူကို နည်းနည်းမှ မပျင်းရအောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိ မြိုင်ဆိုင်လှတဲ့ ကကွက်တွေ နဲ့ အဓိပ္ပါယ်ရှိပြီး ဆွဲဆောင်နိုင်စွမ်းရှိတဲ့ သီချင်းတွေ အများအပြားပါဝင်နေတာပါပဲ။ ဒီအချက်တွေကြောင့်လည်း ၂၀၁၇ ခုနှစ်ရဲ့ Golden Global Award For The Best Original ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် အခြား ဆုလျာထားစာရင်း တော်တော်များများမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ 

ဒီဇာတ်ကားကို Naruto ( 2017 ) နဲ့ Ned Kelly ( 2013 ) စတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးပုံဖော်ခဲ့သူ  မိုက်ကယ်ကရေးစီးက Barnum & Bailey Circus တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဖီနစ်ရာ(စ်)တေလာ ဘာနမ် ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတယ်ဆိုတာ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ဒီဇာတ်ကားထဲမှာတော့ ဖီနစ်ရာ(စ်)တေလာဘာနမ် အဖြစ် စူပါဟီးရိုး ပရိသတ်တွေအသည်းစွဲ X-men မင်းသားကြီး ဟု(ခ်ျ) ဂျက်မန်း၊ ချာရတီ အဖြစ် မင်းသမီးကြီး မီရှယ်ဝီလျံ၊ ဂျန်နီလင်းအဖြစ် အဆိုတော်မင်းသမီးကြီး ရေဘက္ကာဖာဂူဆန် နဲ့အတူ ဖိလစ်ကာ အဖြစ် မင်းသားချော ဇာက်အဖ်ရွန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်။ ဝင်ငွေအနေနဲ့ ၂၀၁၈ ခုနှစ် မတ် ၈ ရက်နေ့အထိမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၇၇.၇ သန်းကျော်ရရှိထားပါတယ်။ ရုပ်ရှင်ကိုတော့ ၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာလမှာ ရုံတင်ခဲ့တာပါ။ 

အနှစ်ချုပ်ရရင်တော့ ဒီရုပ်ရှင်ဇာတ်ကားဟာ “ကြည့်ရှုခံစားလိုက်ပါ” လို့ တစ်ခွန်းတည်းသောစကားနဲ့ ယတိပြတ်တိုက်တွန်းဖို့ သိပ်ကိုလုံလောက်နေပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေလားဗျာ … ။ 
#wz_hn

Related Posts