Avengers: Infinity War ( 2018 ) [Movie Review]


Avengers: Infinity War ( 2018 )

ဝန်ဇင်းရုပ်ရှင်ချစ်သူများ မင်္ဂလာပါခင်ဗျာ ….

ဒီတစ်ပတ်အတွက် ဝန်ဇင်းပရိသတ်ကြီးကို တင်ဆက်ပေးသွားမယ့် ရုပ်ရှင်အညွှန်းကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရုံတင်ခဲ့တဲ့ Avengers : Infinity War ရုပ်ရှင်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကစလို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်တစ်ဝန်း ရုံတင်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ရုံတင်ပြသပြီး ၃ ရက်အတွင်းမှာပဲ Box Office ရဲ့ဝင်ငွေ ကန်ဒေါ်လာ သန်း ၆၃၀ ရရှိတဲ့အထိ ‘ပေါက်’ သွားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကုန်ကျစရိတ် ဘတ်ဂျက်အရ သန်း ၄၀၀ အရင်းကျေပြီး ၃ ရက်အတွင်းမှာပဲ အမြတ်စတင်ရရှိခဲ့တဲ့ Marvel Studio ရဲ့ အားထုတ်မှုက တော်တော်ကြမ်းတယ်လို့ ဆိုရမှာပါ။ 

ကဲ .. ဒီတော့ Infinity War က ဘယ်လိုတောင်ဂေါ်နေလဲဆိုတာ ကြည့်ရအောင် !

MCU ( Marvel Cinematic Universe ) ဟာ ဒီဇာတ်ကားမှာ လုံးဝမထင်မှတ်ထားတဲ့ လှည့်ကွက်တွေ၊ ပဟေဠိတွေ၊ CGI ရိုက်ချက်အလန်းစားတွေနဲ့ သူ့ရဲ့ Marvel ပရိသတ်ကြီးကို စိတ်ကျေနပ်မှုရအောင် ဖျော်ဖြေပေးနိုင်ခဲ့တယ်။ MCU ရဲ့ ( ၁၉ ) ကားမြောက် Super Hero ရုပ်ရှင်ဖြစ်တဲ့ Infinity War ဇာတ်ကားဟာ Marvel ပရိသတ်ဟုတ်သူ မဟုတ်သူများရော လုံးဝ ကြိုက်နှစ်သက်မယ့် ဇာတ်ကားဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ 

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအစကတော့ Civil War ပြီးစ အခြေအနေကို အခြေခံထားတယ်။ စကြာဝဠာကြီးတစ်ခုလုံးရဲ့ အဓိက ပင်မ အင်အားစု အရင်းအမြစ်တွေဖြစ်တဲ့ Infinity Stone တွေကို လိုက်လံ စုဆောင်းပြီး စကြာဝဠာကြီးတစ်ခုလုံးကို လိုသလို စိတ်ကြိုက်ဖန်တီး ခြယ်လှယ်နိုင်ဖို့ ကြိုးစားနေတဲ့ Thanos နဲ့ Loki တို့ရဲ့ တွေ့ဆုံခန်းက ဒီဇာတ်ကားရဲ့ အစပါပဲ။ 

Power, Reality, Mind, Soul, Time နဲ့ Space တွေကို ကိုယ်စားပြုတဲ့ Infinity Stone တစ်ခုချင်းစီရဲ့ အစွမ်းဟာ သိပ်ကို ကြီးမားသလို ဒီ Stone ၆ ခုလုံး စုံလင်သွားပြီဆိုရင်တော့ စကြာဝဠာတစ်ခုလုံးကို လိုရာပုံသွင်းနိုင်မယ့် God Power ကို ရရှိသွားမှာပါ။ Thanos က God ဖြစ်ချင်တဲ့သူ၊ စကြာဝဠာကြီးမှာ ရှိနေတဲ့ သက်ရှိသက်မဲ့ စွမ်းအင်တွေအားလုံးရဲ့ ထက်ဝက်ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့အတူ Titan ဂြိုဟ်ပေါ်က သာမန် Mutant တစ်ယောက်ဖြစ်တဲ့ Thanos ဟာ Mind Stone ကို ပိုင်ဆိုင်ထားပြီးဖြစ်သလို Thor နဲ့ Loki တို့ရှိရာ Asgas Palace ကို ဖျက်ဆီးပြီး Loki ဆီကနေ Space Stone ကို ရအောင် ယူနိုင်ခဲ့တယ်။ 

Guardians of the Galaxy အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သလို Thanos ရဲ့ မွေးစားသမီးလည်းဖြစ်တဲ့ Gamora သာသိတဲ့ Soul Stone၊ Vision ဆီမှာရှိနေတဲ့ Mind Stone နဲ့ Dr. Strange ဆီမှာရှိနေတဲ့ Time Stone တို့ကို Thanos တစ်ယောက် ရယူခဲ့ပုံတွေက သိပ်ကို စိတ်ဝင်စားဖို့ကောင်းသလို Thanos နဲ့ ယှဉ်ပြီး တိုက်ခိုက်တဲ့ Super Hero တွေရဲ့ Power တွေကလည်း ကြမ်းပါတယ်ဆိုတာထက် ပိုကြမ်းတာကို တွေ့ရပါတယ်။ 

Infinity War ထဲမှာ Iron Man ဦးဆောင်တဲ့ Avengers အဖွဲ့၊ Black Panther , Spider Man , Dr. Strange တို့အဖွဲ့နဲ့ Guardians of the Galaxy အဖွဲ့ဝင်တွေ အားလုံး စုံအောင်ပါဝင်နေတာ တွေ့ရမှာပါ။ Super Hero အချင်းချင်း ချိတ်ဆက်မိတဲ့၊ တစ်ကတ်နဲ့ တစ်ကတ် အကူးအပြောင်းတွေဟာ အဆက်အစပ် ရှိလှပြီး ရုပ်ရှင်ကြည့်နေရသူအဖို့ ဇာတ်လမ်း ‘ထစ်’ တယ်ဆိုတာမျိုး မခံစားရဘဲ တစ်ဆက်တည်းအဖြစ် ကြည့်ရှုခံစားရမှာပါ။ Asgas Palace မှာ Thanos တစ်ယောက်နဲ့ တိုက်ပွဲဖြစ်ခဲ့သေးတဲ့ Hulk တစ်ယောက်၊ ကမ္ဘာပေါ်က အခြား Super Hero တွေကို Thanos က စကြာဝဠာကို ထင်သလို လုပ်တော့မှာဖြစ်တယ်လို့ အချိန်မီ သတင်းပေးခဲ့ပေးမယ့် လက်သွက်တဲ့ Thanos ဟာ Infinity Stone ပိုင်ရှင်တွေ တစ်ဦးချင်းစီကို တိုက်ခိုက်မှုတွေ စတင်လာပါတော့တယ်။
 
ဒီ့နောက် ဘာတွေဆက်ဖြစ်လာလဲဆိုတာတော့ ဆက်မပြောတော့ပါဘူး၊ လုံးဝကို လန်းလွန်းလို့ သွားကြည့်ဖြစ်အောင်သာ ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ပရိသတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ Super Hero တွေပါဝင်နေကြပေမယ့် သူတို့ရဲ့ Power up တွေကတော့ မမြင်ဖူး၊ ခန့်မှန်းရခက်တဲ့ power တွေပါပဲ။ Dr. Strange ကလည်း သူ့ရဲ့ Time Stone နဲ့ အနာဂတ်ကို ကြည့်ခဲ့သလို Thanos နဲ့ တိုက်ခိုက်တဲ့အခန်းမှာ အစွမ်းကုန်ထုတ်သုံးခဲ့တဲ့ Iron Man Suit, Spidey ရဲ့ upgrade လုပ်ထားတဲ့ Suit နဲ့ အခြား Super Hero အဖွဲ့ဝင်တွေရဲ့ ပါဝါကုန် တိုက်ခိုက်မှုတွေက ရုပ်ရှင်ကြည့်နေသူမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဇာတ်လမ်းထဲ မျောပါသွားအောင်ကို မိုက်တာပါ။ နောက်ခံ အသံစနစ်တွေနဲ့ အဆင့်မြင့် အထူးပြုလုပ်ချက်တွေကို ပေါင်းစပ်ပြီးကြည့်လိုက်ရတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Infinity War က လုံးဝ Amazing ဖြစ်နေမှာပါ။ 

ဒီရုပ်ရှင်မှာ ဘယ်သူတွေသေလို့ ဘယ်သူတွေကျန်သလဲဆိုတာ ရုပ်ရှင်မထွက်ခင် တစ်လကျောက်လောက်ကတည်းက ကောလဟလတွေ ခန့်မှန်းချက်တွေ မျိုးစုံထွက်နေခဲ့ပါတယ်။ ဒီလိုထွက်ခဲ့သလို မထင်မှတ်ထားတဲ့ Hero တွေ တကယ်ပဲ ပျောက်ကွယ်သွားခဲ့တယ်။ The Ending of Super Hero လို့ ဆိုကြပေမယ့် တကယ်တော့ ဒီဇာတ်ကားဟာ The Beginning of Universe ပါပဲ။ စကြာဝဠာ စွမ်းအင်နဲ့ Super Hero တွေကို ပေါင်းကူးလိုက်ပြီး ကမ္ဘာမြေပေါ်က စွမ်းအင်တွေကို စကြာဝဠာနဲ့ ချိတ်ဆက်ချဲ့ထွင်သွားမယ့် ဇာတ်လမ်းတွေရဲ့ အစလို့ Infinity War ကို သတ်မှတ်လို့ရပါတယ်။ 

ကဲ ….. အထူးအထွေ မညွှန်းတော့ပါဘူး။ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါလို့ ဝန်ဇင်းရုပ်ရှင်ချစ်သူတွေကို ထပ်မံတိုက်တွန်းလိုက်ပါရစေ။ ရုပ်ရှင်လက်မှတ်ကိုတော့ ရုံရောက်မှ မဝယ်ပါနဲ့၊ ရမှာမဟုတ်လို့ လက်မှတ်ကြိုတင်ဝယ်ထားပါလို့ သတင်းပါးလိုက်ပါတယ်။ 
………..

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”\
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …….

Related Posts