Theory of Everything [Movie Review]


“Theory of Everything”

ဒီကားကို ကျွန်တော် အရမ်းကြီး ညွှန်းပြနေစရာ မလိုဘူးလို့ အရင်ဆုံးတွေးမိတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းနီးပါးလည်း ကြည့်ပြီးဖြစ်နိုင်တဲ့အပြင် ဒီနှစ် Oscar ပေးပွဲမှာ Best Actor ဆုကို ဆွတ်ခူးနိင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာ ရုပ်ရှင်ချစ်သူတိုင်း သိပြီးဖြစ်နေကြလို့ပါ။

Stephan Hawking လို့ ပြောလိုက်ရင် မသိတဲ့သူ မရှိနိုင်ပါဘူး။ ယနေ့ ခေတ်ရဲ့ အတော်ဆုံးနဲ့ နာမည်ကြီး အောင်မြင်ဆုံး Theoretical Physicists တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်လို့ ပါပဲ။ ဒါဆို သူ့ အကြောင်းကို လူအများစု သိပြီးသား ဖြစ်ကြမယ်ဆိုရင် မမှားပါဘူး။ တစ်ကယ်တော့ Biopic ဆိုတဲ့ ဇာတ်ကားမျိုးတွေဟာ ယနေ့ ခေတ်မှာ အောင်မြင်မှု နည်းပါး သလို စိတ်ဝင်စားမှုလည်း နည်းပါးလာကြပါတယ်။ ကုန်ကုန်ပြောရရင် The Iron Lady ဆိုတဲ့ ဇာတ်ကားကိုတောင် ကျွန်တော့ သဘောမတွေ့ ခဲ့ပါဘူး။ ဒါဆိုဘာကြောင့် ယခုဒီကားကို ကျွန်တော် အလွန်နှစ်သက်ခဲ့ရတာလည်း? တေစ်ခုတည်းသော အဖြေကတော့ Biopic ရုပ်ရှင်အများစုမှာ ကင်းမဲ့နေတဲ့ နှလုံးသားဆိုသော အရာလေးကို အခြေတည်ပြီး အချစ်ဆိုတဲ့ နူးညံတဲ့ ပျားရည်လေးနဲ့ ဆမ်းထားခဲ့တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်သောကြောင့်ပါ။

England နိုင်ငံရဲ့ Cambridge University မှာ Astrophysics ပညာရပ်ကို သင်ကြားနေခဲ့တုန်းက Stephen Hawking ဟာ အသက် 21 နှစ်ပဲရှိခဲ့ပါသေးတယ်။ 1963 ခုနှစ်ရဲ့  ညနေခင်းလေးတစ်ခုမှာ စာပေဘာသာရပ်ကို သင်ကြားနေသော Jane Wilde ဆိုသော ကျောင်းသူလေးကို သူ စတင်တွေ့ ရှိခဲ့ပါတယ်။ မြင်မြင်ချင်းပဲ ချစ်မိသွားတယ်လို့ ပဲ ဆိုရမလားပဲ။ ကျောင်းစာတွေကိုပဲ အမြဲလေ့လာနေတဲ့ သူ့ အတွက်တော့ ထိုကောင်မလေးဟာ အချစ်နတ်သမီးလေးတစ်ပါး ပါပဲ။ ရိုးသားတဲ့ လူငယ်များ ဖြစ်သည့်အားလျော်စွာ နှစ်ဦးစလုံး သူတို့ရဲ့ ကနဦး အချစ်တွေမှာ သာယာခဲ့တာပေါ့။

Stephen က ဥာဏ်ကောင်းပြီး အတန်းထဲက တစ်ခြားကျောင်းသားတွေထက် သိသာစွာ ပိုမိုတော်နေပေမဲ့ နောက်ဆုံးနှစ်အတွက် ရေးတင်ရမဲ့ ကိုယ်ပိုင် Thesis အတွက် Topic ကို သူရှာမတွေ့ သေးလို့ သူ့ရဲ့ အတန်းဖော်တွေသာမက ဆရာကပါ စိတ်ပူခဲ့ကြတယ်လေ။ ဒါပေမဲ့ Black Hole အကြောင်းကို ရှင်းပြခဲ့တဲ့ Lecture တစ်ခုကို သူနဲ့ သူ့ ဆရာ သွားတက်ရောက်ပြီးတဲ့ အခါမှာောတ့ Stephen တစ်ယောက် သူ့ Thesis ရဲ့ Topic ကို ရသွားခဲ့တယ်။ ထိုအရာကတော့ ကျွန်တော်တို့ စကြာဝဋာကြီး စတင်ဖြစ်တည်လာပုံသမိုင်းကြောင်းမှာ Black Holes တွေကလည်း ပါဝင်ခဲ့တယ်ဆိုတာကိုပေါ့။

ဒါပေမဲ့ ကံမကောင်းလှတဲ့ Stephen တစ်ယောက် အတန်းတက်ဖို့ ပြေးအသွားလမ်းတစ်နေရာမှာ ခြေထောက်တွေ ခွေယိုင်ကာ ချော်လဲသွားခဲ့ပါတော့တယ်။ ဆေးရုံတင်ပြတော့မှ သူ့ မှာ Motor Neuron Disease ဆိုတဲ့ ကြွက်သားတွေလှုပ်ရှားနိင်မှု လျော့နည်းလာတဲ့ ရောဂါတစ်မျိုး ရရှိနေပြီဆိုတာ စိတ်မကောင်းစွာ သိခဲ့ရတယ်။ အသက်ရှင်လှ နောက်ထပ် 2 နှစ်ပဲ ဆိုတဲ့ ဆရာဝန်ရဲ့ စကားကြော်င့ သူစိတ်ဓာတ်တွေ ကျဆင်းခဲ့ပြီး အခန်းတွင်းအောင်းကာ အရင်ကလို အပေါင်းအသင်းတွေနဲ့ လည်း မတွေ့ တော့တဲ့ အပြင် Jane ကိုလည်း တွေ့ ရမှာ ရှောင်ဖယ်လာပါတော့တယ်။ ဒါပေမဲ့ အဖြစ်မှန်ကို သိသွားတဲ့ Jane က သူမနဲ့ အတူ အပြင်မှာ လိုက်ထွက်မကစားဘူးဆိုရင် သူမ သူ့ ထံ တစ်သက်လုံးပြန်မလာတော့ဘူးဆိုတော့ အရင်လို မသန်တော့တဲ့ သူ့ရဲ့ ခြေထောက်တွေနဲ့ သူအသည်းအသန် ထရသည်။ သူမကို ချစ်လွန်းသောကြောင့် အဆုံးရှုံးမခံနိုင်ပေ။

အချစ်စစ်ဆိုတာကို ယုံကြည်တဲ့ Jane တစ်ယောက် ရှေ့ အနာဂတ်တွင် ဘယ်လို အဟန့် အတားတွေပဲ ရှိနေ ရှိနေ ရင်ဆိုင်ကျော်ဖြတ်သွားမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ သူမ Stephen လက်ထပ်ခြင်းဆိုသော ဘဝရဲ့ စွန့် စားခန်းတစ်ခုကို စတင်လိုက်ပြီးနောက် ..... သူမ ဘဝကို အရှုံးပေးလုနီးပါးတွေ ဖြစ်ခဲ့ရသည်။

ဆိုးသထက်ဆိုးလာသော အခြေအနေတွေကို သူမတစ်ယောက်တည်း ခါးစည်းခံခဲ့ရသည်။ 
အစက သူမ သည်းခံနိုင်မည်ဟု ကြိုတင်တွက်ဆထားသောအရာများသည် လက်တွေ့ တွင် ခက်ခဲသော အရာများအဖြစ် အသွင်ပြောင်းသွားသည်ကို သူမရင်ဆိုင်ခဲ့ရသည်။ သူမ ရဲ့ မိန်းမသားပီပီ ပြင်းပြတဲ့ ဆန္ဒတွေကို မျိုသိပ်ခဲ့ရသည်။ သူမ အတတ်နိင်ဆုံး Stephen ကို ပါရမီ ဖြည့်ပေးနိုင်ခဲ့သည်။ 
ဒါပေမဲ့ သူတို့ နှစ်ဦးသား ပေါင်းစည်းတည်ဆောင်ထားသော ဘဝလေးတစ်ခုရဲ့ အချိးအကွေးလေးတစ်ခုဟာ နိဂုံးပမာ ဖြစ်လာသောအခါ....

Director James Marsh ရိုက်ကူးထားပြီး Stephen Hawking အဖြစ် Eddie Redmayne က သရုပ်ဆောင်ခဲ့ပြီး Eddie က ဒီကားနဲ့ ပဲ ဒီနှစ်ရဲ့ အကောင်းဆုံး မင်းသား ဇာတ်ဆောင် Oscar ဆုကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ Jane အဖြစ်ကတော့ Felicity Jones က သရုပ်ဆောင်ခဲ့ပြီး Oscar လျာထားခံခဲ့ရပေမဲ့ Still Alice ထဲက Julianne Moore က ရရှိသွားခဲ့ပါတယ်။ Jane Wilde Hawking ကိုယ်တိုင် ရေးသားခဲ့တဲ့ Travelling to Infinity: My Life with Stephen ဆိုသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ကို အခြေခံထားပြီး Anthony McCarten က ဇာတ်ညွှန်းပြန်လည် ရေးသားခဲ့တာပါ။ Anthony McCarten က 3 နှစ်နီးပါးကြာအောင် Jane Wilde Hawking ထံမှ ဇာတ်ညွှန်းရေးသားခွင့်ရရန် တောင်းဆိုခဲ့ရပါတယ်။
ဒီကားမှာ အကြိုက်ဆုံးအချက်တွေကို ပြောချင်တာက တင်ပြပုံနဲ့ သရုပ်ဆောင်မှူ။ တင်ပြပုံလေးအရမ်း ကောင်းမွန်လွန်းသောကြောင့် ကြည့်နေရင်းနဲ့ ဒီကားလေး ပြီးသွားမှာကို နှမျောနေမိတယ်။ စိတ်ထဲက ကြိတ်ပြီး မပြီးပါစေနဲ့ အုံးလို့ ဆုတောင်းနေမိတယ်။ ဘာကြောင့်လဲ? လူတစ်ယောက်ရဲ့ ဘဝအကြောင်းကို စိတ်ဝင်စားအောင် ရိုက်ကူးနိုင်ခဲ့လို့ပေါ့။ ဘာကြောင့် စိတ်ဝင်စားစရာကောင်းနေရသလည်းလို့ မေးလာရင် အဓိက ချီးကျူးချင်မိတာ သရုပ်ဆောင် နှစ်ယောက်ရဲ့ အလွန်ကို ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပဲ။ သူတို့ နှစ်ယောက်ပဲ ဇာတ်လမ်းကို သယ်ဆောင်သွားတယ်။ သူတို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကပဲ ထိုသူတို့ ရဲ့ ဘဝကို ထင်ဟပ် ပြသပေးသွားခဲ့တယ်။ ကျွန်တော် ဒီနှစ် မင်းသားဆု လျာထားခံခဲ့ရတဲ့ ရုပ်ရှင် 5 ကားစလုံးကို ကြည့်ပြီးနောက် Eddie ရဲ့ သရုပ်ဆောင်မှု ပြောင်မြောက်မှုကြောင့် မင်းသားဆုကို ရရှိခဲ့တယ်ဆိုတာ ချွင်းချက်မရှိ လက်ခံမိခဲ့ရတယ်။ 

လမ်းမလျှောက်နိုင်တော့သော Stephen 
ကြွက်သားတွေ သေလာပြီး နောက်ဆုံး လှုပ်ရှားလို့ မရတော့သော Stephen 
နောက်ဆုံး စကားပါ မပြောနိုင်လာသော Stephen 
ထိုအရာတွေ အားလုံးကို သဏ္ဍာန်တူအောင် သရုပ်ဆောင်နိုင်ခဲ့သော Eddie ..
ဒီကားကို ကျွန်တော် နောက်ထပ် နှစ်သက်မိတဲ့ အကြောင်းအရာတစ်ခုကတော့ Stephen နဲ့ Jane တို့ နှစ်ယောက်ရဲ့ ဘဝကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ ဒုက္ခတွေကို တလေးတစား ဂုဏ်ပြုထားနိုင်ခဲ့လို့ပဲ။ ထို့အပြင် Director သည် ဒီဇာတ်ကားကို ဆုတွေ ရရှိအောင် တမင် ဖန်တီးထားတဲ့ ဇာတ်ကွက်တွေကို ကျွန်တော့်မတွေ့ ခဲ့ဘူး။ သာမာန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပေါ်လာအောင်ပဲ သူရိုးရှင်းစွာဖန်တီးခဲ့သည်။ ဒါကိုပင် စစ်မှန်သော အနုပညာတစ်ခုဖြစ်ခဲ့သည်။ ဆုတွေ ရရှိခဲ့တာကတော့ ဇာတ်ကားကိုကပင် ကောင်းမွန်နေသောကြောင့်ပါ။ ဒီဇာတ်ကားကို ကြည့်ပြီး ကျွန်တော် ကြိတ်ပြီး မျက်ရည်ကျခဲ့ရတဲ့ အခန်းလေးတွေ 4 ခန်းထိရှိခဲ့ပါတယ်။ ခုထိလည်း မှတ်မိနေတယ်။ စိတ်ထဲမကောင်းလွန်းလို့။ 
Jane အကူအညီလိုအပ်နေတာကို သူနားလည်တယ်လို့ အိပ်ယာလေးထဲမှာ Stephen ပြောခဲ့တဲ့အခန်းလေးရယ်.. စကားမပြောနိုင်တော့လို့  အရောင်လေးတွေနဲ့ ရွေးပြီး မိမိပြောချင်သော စကားလုံးတွေကို ရွေးချယ်ရတဲ့ စက်ကလေးကို Jane တစ်ယောက် Stephen ကို သင်ပြနေတဲ့အချိန်မှာ Jane ရဲ့ မျက်ဝန်းက ကျလာတဲ့ မျက်ရည်စတွေ .. လှုပ်ရှား၍မရတော့တဲ့ Stephen ရဲ့ နှုတ်ခမ်းပါးက စကားလုံးတွေကို Stephen ရဲ့ မျက်လုံးမှာ ပေါ်နေတဲ့ အခန်းလေးရယ်...  "ကျွန်မ ရှင့်ကို ချစ်ခဲ့ပါတယ်" ဆိုတဲ့ အရာ အားလုံးကို သူတို့ လက်လျော့လိုက်ကြတဲ့ အခန်းလေးရယ်... နောက်ဆုံး တင်ပြသွားသော အခန်းလေးရယ်ပါ။

ဒီဇာတ်ကားလေးကို သိပ္ပံစကားလုံးတွေနဲ့ တည်ဆောက်ထားတယ်။ ထို့ အပြင် ဒီဇာတ်ကားလေးကို နှလုံးသားလေးနဲ့ ဖွဲ့ စည်းထားပြန်တယ်။ တစ်ကယ်တော့ ဒီဇာတ်ကားလေးဟာ မမေ့နိုင်သော ဝမ်းနည်းကြေကွဲဖွယ်ရာ အချစ်တွေနဲ့  ဖြည့်ဆည်းထားခဲ့ပြန်တော့တယ်။

စာဖတ်သူ ...
အကယ်၍သင်သာအချိန်ကို နောက်ပြန်ဆုတ်လို့ ရခဲ့မယ်ဆိုရင် သင့်ဘဝရဲ့ ဘယ်အချိန်ကို ပြန်လည်သွားချင်ပါသလဲ? Stephen သွားချင်ခဲ့တဲ့ အချိန်လေးကတော့... 
ထို့ အတူပဲ ကျွန်တော့်မှာလည်း ကျွန်တော် ပြန်သွားချင်တဲ့ အချိန်လေးတစ်ခု ရှိခဲ့တာပေါ့ဗျာ။

" There should be no boundaries to human endeavor. We are all different. However bad life may seem, there is always something you can do, and succeed at. While there's life, there is hope."

(Stephen Hawking)
IMDb Rating 7.8/10
Rotten Tomatoes Rating: 79%

Related Posts