“ဒီရုပ်ရှင်တွေကြည့်ပြီး စာဂျပိုးဖြစ်ရတာ ဂုဏ်ယူလိုက်ပါ” [ Movie Review ]


“ဒီရုပ်ရှင်တွေကြည့်ပြီး စာဂျပိုးဖြစ်ရတာ ဂုဏ်ယူလိုက်ပါ” 

[ Movie Review ] 

ဟာ … ဝန်ဇင်းစာဂျပိုးတို့ !!!

ဝန်ဇင်းမှာ ရှိတဲ့ စာဂျပိုးတွေအတွက် အထူးသတင်းကောင်း ပါလာတယ်ဗျို့။ အဲ့ဒါက လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာ အိမ်တွင်းအောင်း အနားယူရင်း ရုပ်ရှင်ကြည့်ရမယ့် သတင်းပဲဗျ။ ဝန်ဇင်းပရိသတ်ကြီးဟာ ရုပ်ရှင်လည်းကြိုက်တယ်၊ စာလည်းဖတ်တယ်ဆိုရင်တော့ ကွက်တိမှ ကွက်တိပဲပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီနေ့အတွက် ဝန်ဇင်းရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍကနေ ဖော်ပြသွားမယ့် အကြောင်းအရာက စာဂျပိုးတို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တွေ ဖြစ်နေလို့ပဲဗျ။ ဒီရုပ်ရှင်တွေဟာ စာဂျပိုးဖြစ်ရတာ သိပ်ကောင်းတယ်ဆိုတာကို ပြသွားမှာမို့ ဒီရုပ်ရှင်တွေကြည့်ပြီး စာဂျပိုးဖြစ်ရတာ ဂုဏ်ယူလိုက်ပါဗျို့ ။ 

ကဲ … ကဲ … ဘယ်ရုပ်ရှင်တွေလဲဆိုတာ ကြည့်လိုက်ရအောင်လားဗျာ။ 

၁။ Iris - ပထမရုပ်ရှင်က Iris ပါတဲ့။ မင်းသမီးချော ကိတ်ဝင်းစလက် သရုပ်ဆောင်ထားတာနော့။ သူမကို ဘယ်လိုဇာတ်ကောင်ကနေ သရုပ်ဆောင်ထားတယ် ထင်လို့တုန်း - အော့စဖို့တက္ကသိုလ်ကြီးရဲ့ ပရော်ဖက်ဆာတစ်ယောက်၊ ဒါ့အပြင် ဝတ္ထုရေးဆရာမ၊ အဲ့ .. ပြီးတော့ နာမည်ကြီး တွေးခေါ်ရှင်တစ်ဦးလည်း ဖြစ်နေပြန်သေးတယ်ဗျ။ အိုင်းရစ်သွေးပါတဲ့ မိန်းမချော သူမဟာ နည်းနည်းတော့ ရှက်တတ်တယ်၊ ဒါပေမဲ့ လုံးဝအကြမ်းကြီးကို ဦးနှောက်ကောင်းတာဗျ - အဲ့လိုနဲ့ပဲ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဂျွန်ဆိုသူနဲ့ ချစ်ကျွမ်းဝင်သွားတယ်ပေါ့ဗျာ။ အဲ့မှာ ဇာတ်လမ်းစတာပဲ …. ။ ဘယ်လိုစမလဲဆိုတာ သိချင်ရင် ကြည့်လိုက်ကြဖို့ မမေ့နဲ့နော်။ အရမ်းမိုက်တယ်ဗျ။ 

၂။ Wonder Boys - ဟောလိဝုဒ်မင်သား မိုက်ကယ်ဒေါက်ဂလပ်စ် ပါဝင်ထားတဲ့ ဒီရုပ်ရှင်ဟာ စာဂျပိုးတွေအဖို့ နောက်ထပ် ကြည့်သင့်တဲ့ ရုပ်ရှင်ပဲပေါ့ဗျာ။ သူဟာ ဖန်တီးစာအရေးအသားနဲ့ ပတ်သက်တဲ့ ပရော်ဖက်ဆာတစ်ယောက်၊ သူကိုယ်တိုင်ကလည်း စာရေးတယ်၊ သူ့ရဲ့ ဒုတိယမြောက် ဝတ္ထုကြီးမထွက်သေးတဲ့အချိန်ပေါ့။ အဲ့ … ဆရာကြီးလာပါပြီ။ ဒေါက်ဂလပ်စ်ရဲ့ အယ်ဒီတာက ဘယ်သူမှတ်လို့တုန်း။ ကျွန်တော်တို့ရဲ့ Iron Man မင်းသားကြီး ရောဘတ်ဒေါင်နီပေါ့ဗျာ။ သူ့တပည့်ရဲ့ ဝတ္ထုကြီးမပြီးသေးတာကို စိတ်မရှည်ဘူးဖြစ်နေတယ်၊ ဟိုတစ်ယောက်ကလည်း သူ့လက်ရာကို ဘယ်လိုအဆုံးသတ်ရမလဲ ဒွိဟတွေဖြစ်၊ ဝိရောဓိဓါးသွားပေါ် လမ်းလျှောက်နေချိန်။ ဒီမှာ နောက် ဇာတ်ဆောင်နှစ်ယောက်က ကျောင်းသားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်နဲ့ ဆာရာ။ ဝတ္ထုကြီး ဘယ်လိုပြီးသွားအောင် လုပ်ကြမလဲ။ ဇာတ်လမ်းက ရိုးတယ်ထင်ရတယ်နော့၊ ဒါပေမဲ့ ဆန်းတယ်၊ မိုက်တယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ။ 

၃။ Capote - တတိယမြောက်ရုပ်ရှင်ကတော့ အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ကားပဲဗျ။ ကမ္ဘာကျော် စာရေးဆရာတစ်ဦးဖြစ်တဲ့ ထရူးမင်းကပုတ် ( Truman Capote ) အကြောင်းပေါ့ဗျာ။ သူ့ရဲ့ နာမည်ကျော် ဝတ္ထု - In Cold Blood ကို စာရေးဆရာ တင်မောင်မြင့်က ‘သွေးအေးအေးဖြင့်’ ဆိုပြီး ဘာသာပြန်ထားတယ်။ - Children on their Birthdays ကို ဆရာသစ္စာနီက ‘ကလေးချစ်’ ဆိုပြီး ဘာသာပြန်ထားသေးတယ်။ မြန်မာစာရေးဆရာတွေနဲ့ မစိမ်းတဲ့ စာရေးဆရာတစ်ယောက်အကြောင်းကို ရုပ်လုံးဖော် တင်ဆက်သွားပုံက ငြီးငွေ့စရာမရှိဘူး။ ရုပ်ရှင်ထဲမှာ ထရူးမင်းကို ‘The New Yorker’ သတင်းစာကြီးရဲ့ ပေါ်ပျူလာ ဆောင်းပါးရှင်၊ စာရေးဆရာတစ်ယောက်အဖြစ်ကနေ စတင်ထားတယ်။ သူ့ရဲ့ ငယ်ဘဝက အနိုင်ကျင့်ခံရတာများတယ်၊ စနစ်တကျမဟုတ်တဲ့ ကို့ရို့ကားယားဘဝကနေ တက်လာသူတစ်ယောက်၊ အဲ့ … အရွယ်ရောက်လာတော့ သူ့ရဲ့ စာတွေကို လူတွေက ဂရုတစိုက် ဖတ်လာကြတယ်။ ဇာတ်လမ်းက စပြီ - ကန်ဆက်ပြည်နယ်ရဲ့ ကွင်းဆက်လူသတ်မှုအကြောင်းကို ဆောင်းပါးရေးဖို့ ဆုံးဖြတ်လိုက်ချိန်က စတာပဲ။ ဘယ်လိုစမလဲ၊ ( ဟဲဟဲ ) သိချင်တယ်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်ဖို့ မမေ့နဲ့နော်။ 

၎။ Ruby Sparks - ရူဘီ ဆိုတာက ကောင်မလေး၊ သူ့ကို အကြောင်းပြုပြီး ဖြစ်လာမယ့် ဇာတ်လိုက်က ကယ်လ်ဗင် - သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပေါ့၊ သူ့က အရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့ဝတ္ထုတွေကိုလည်း လူကြိုက်များတယ်။ ဒါပေမဲ့ ဇီဇာကြောင်တဲ့ တစ်ယောက်တည်းသမား။ ဒီဇာတ်လမ်းလေးကဆန်းတယ်။ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ချစ်သူတစ်ယောက်ကို သူ့ဝတ္ထုထဲမှာ ထည့်ရေးတယ်။ အဲ့ဒီမှာစတွေ့တာပဲ - ထင်ယောင်ထင်မှားပုံစံမျိုးနဲ့ သူ့ဝတ္ထုထဲက မိန်းကလေးကို အိမ်ထဲမှာ ကိုယ့်အနီးနားမှာဆိုသလို တွေ့တွေ့လာရတယ်။ စိတ်ပညာပါရဂူတွေနဲ့ ပြသပြီး စစ်ဆေးရတဲ့အထိပဲ။ တကယ်တော့ ဝတ္ထုထဲကလို ကောင်မလေးဟာ အပြင်မှာ တကယ်ရှိနေတယ်။ နာမည်က - ရူဘီတဲ့။ ပြီးတော့ …. ပြီးတော့ နောက်ကွယ်က အကြောင်းအရာ ဇာတ်လမ်းဟာ အရမ်းဆန်းသစ်တယ်။ ဒီတော့ အားရပါးရပြောချင်တာက ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါတော့လို့။ 

၅။ Midnight in Paris – ဒီရုပ်ရှင်ကတော့ စာချစ်သူတွေအတွက် အကောင်းဆုံး ကြည့်ရှုသင်တဲ့ကားလေးပါပဲ။ နူးညံ့သိမ်မွေ့တဲ့ ရသခံစားမှုမျိုးကို ရင်ထဲစွဲကျန်ရစ်နေစေမယ့် ရုပ်ရှင်ပဲပေါ့ဗျာ။ အိုဝင်ဝီလ်ဆင်က သရုပ်ဆောင်ထားတယ်။ သူဟာ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ တစ်ယောက်၊ ဒါ့အပြင် သူ့ရဲ့ ပထမဆုံး ဝတ္ထုရှည် ဖြစ်မြောက်ရေးအတွက် လုံးပန်းနေတဲ့အချိန်။ သူနဲ့ သူ့ချစ်သူ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ခရီးထွက်ကြတယ်။ သူတို့အတွက် နည်းနည်း စိတ်ညစ်ဖို့ကောင်းတဲ့ မိဘတွေနဲ့အတူပေါ့။ ခရီးစဉ်တစ်လျှောက်လုံးမှာ အိုဝင်က အပြင်လူတစ်ယောက်လို ခံစားလာရတယ်၊ ဒီတစ်ခေါက် ခရီးစဉ်က သိပ်မနိပ်လှဘူးပေါ့ဗျာ။ ဒါပေမဲ့ ဟိုကိုရောက်တော့ စိတ်ပြေလက်ပျောက်ဆိုပြီး ပါရီမြို့တွင်း ညဘက် တစ်ကိုယ်တည်း လမ်းလျှောက်ထွက်၊ အဲ့ … အဲ့မှာ စတာပဲ။ တစ်နေရာကိုရောက်တော့ သူဟာ လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာ  နေထိုင်ခဲ့ဖူးသလိုလို ခံစားလာရတော့တယ်။ ဟား … ပြီးတော့ စတာပဲဗျို့၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေဖြစ်တဲ့ အားနက်စ်ဟဲမင်းဝေးတို့၊ ဂျိုဆက်ဖင်းဘာကာတို့နဲ့ တွေ့တယ်။ ပီကာဆိုနဲ့ စကားလက်ဆုံကျတယ်။ ပြီးတော့ အခြားနာမည်ကြီးတွေလည်း ပါသေးတယ်။ တကယ့်ကို အတိတ်က ပုဂ္ဂိုလ်ကျော်တွေနဲ့ တွေ့ဆုံလိုက်တာများ၊ ဇာတ်လမ်းထဲမှာ ကိုယ်ပါမျောပါသွားတယ်။ ရုပ်ရှင်ကာဗာကိုပဲ ကြည့်လေ၊ ဗင်းဆင့်ဗန်ဂိုးရဲ့ ကမ္ဘာကျော်ပန်းချီ ‘The Starry Night’ နဲ့ တင်ထားတာ။ ဘယ်လောက်ကောင်းတယ်ဆိုတာကတော့၊ ထပ်ပြောပါရစေ၊ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါဗျို့။

Ref; http://www.amreading.com

ဝန်ဇင်းသတင်းစကား ။     ။ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ( Movie Review ) ကဏ္ဍမှ အပတ်စဉ် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ရုပ်ရှင်ချစ်သူတို့ သိချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts