“မတစ်ထောင် တစ်ကောင်ဘွား” [ Movie Review ]
“မတစ်ထောင် တစ်ကောင်ဘွား” [ Movie Review ]
မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …
ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှ ညွှန်းလိုတဲ့ ရုပ်ရှင်ကတော့ မကြာမီရက်ပိုင်းကမှ ရုံတင်ပြသသွားခဲ့တဲ့ “မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာ ဆရာမင်းသိင်္ခရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “မတစ်ထောင် တစ်ကောင်ဘွား” ဝတ္ထုကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ နာမည်ကြီးနေတယ်ဆိုကိုတော့ အထူးပြောစရာ မလိုဘူးထင်ပါတယ်။
ဇာတ်ကားကောင်းများစွာ ဖြန့်ချိနိုင်တဲ့ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးမှ မအေးအေးဝင်းက စီစဉ်တင်ဆက်ထားတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်လောကရဲ့ နာမည်ကြီးဒါရိုက်တာဖြစ်သူ ‘ခင်စောမျိုး’ က ရိုက်ကူးထားပြီး အကယ်ဒမီကျော်ရဲအောင်၊ အောင်ရဲလင်း၊ အကယ်ဒမီခိုင်သင်းကြည်၊ သင့်ဇာဝင့်ကျော် … စတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များက အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဆရာမင်းသိင်္ခရဲ့ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးရာမှာတော့ နာမည်ကြီး စာရေးဆရာဖြစ်သူ ဆရာနေစိုးသော်က ပြန်လည် ဇာတ်ညွှန်းရေးဖွဲ့ထားတာပါ။
ထူးခြားချက်တစ်ခုကတော့ ဆရာမင်းသိင်္ခရဲ့ နာမည်ကြီးဇာတ်ကောင်ဖြစ်တဲ့ ဆားပုလင်းနှင်းမောင်ရဲ့ ကာရိုက်တာနေရာကိုတော့ မင်းသား ထွန်းလွင်အောင်က နေရာယူထားပြီး သူဟာ ဝတ္ထုထဲက နှင်းမောင်ကာရိုက်တာနဲ့ လိုက်ဖက်တယ်ဆိုပြီး ပရိသတ်တွေကို သုံးသပ်ကြပါတဲ့ သတင်းထူးပဲ ဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲမှာ ဆားပုလင်းနှင်းမောင်ရဲ့ ဇာတ်ဆောင်စရိုက်ကို ပိုမိုပေါ်လွင်အောင် သရုပ်ဆောင်ထားပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။ ဇာတ်ညွှန်းအရ နှင်းမောင်လုပ်ကွက်နည်းတယ်ဆိုပေမဲ့ အရင့်အရင်ထက် ပိုပြီးတော့ ကာရိုက်တာကို ပေါ်လွင်အောင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းကတော့ တစ်ချိန်ုတုန်းက ကိုလိုနီခေတ် သူ့ကျွန်ဘဝရောက်ခဲ့ရချိန်ကို နောက်ခံထားပြီး မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ တစ်ကိုယ်တော်လူစွမ်းကောင်း မိုးကောင်းရဲ့ စွန့်စားခန်းဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ချစ်ကြိုက်ကွဲညားဇာတ်လမ်းမျိုးတွေကို ငြီးငွေ့နေသူတွေအတွက်တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။
နယ်ချဲ့နဲ့ လက်ဝါးချင်းရိုက်ပြီး ကိုယ့်လူမျိုးကို ပြန်လည်သွေးစုပ် အမြတ်ထုတ်နေတဲ့ မြို့အုပ်၊ မြို့ပိုင်၊ ဝန်ထောက် စတဲ့ အရာရှိဆိုးများကို ‘မတစ်ထောင် တစ်ကောင်ဘွား’ အမည်ဖြင့် နဖူးကို သေနတ်ဖြင့် ပစ်သတ်ကာ သတ်ဖြတ်ပြီးတိုင်း “လားပင်စင်ပေးလိုက်သည်” လို့ စာကပ်ထားခဲ့လေ့ရှိတဲ့ လူတစ်ယောက်အကြောင်း … ရုပ်ရှင်ရုံတင်နေဆဲကာလမှာတော့ လူမှုကွန်ရက်စာမျက်နှာများမှာ ‘လားပင်စင်ပေးလိုက်သည်’ ဆိုတဲ့ စကားက hot ဖြစ်ခဲ့သလို ရုပ်ရှင်ရုံမှာလည်း လက်မှတ်ရောင်းမလောက်သည်အထိ ‘ပေါက်’ ခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။
တစ်ဖက်ကလည်း ရည်ရွယ်ချက်ရှိရှိ လူတော်လူထက်ဖြစ်သော မိုးကောင်းနှင့်၊ တစ်ဖက်မှာလည်း မှန်ကန်သော တရားဥပဒေရဲ့ ဘက်တော်သားအဖြစ် ဆောင်ရွက်လေ့ရှိတဲ့ လူတော်လူထက်ဖြစ်သူ ဆားပုလင်းနှင်းမောင် … သူတို့ဇာတ်ဆောင်နှစ်ယောက်ရဲ့ အားပြိုင်မှုကလည်း စိတ်ဝင်စားဖို့ကောင်းသလို မိုးကောင်းရဲ့ ‘လားပင်စင်ပေးမှု’ ဇာတ်လမ်းနဲ့ ဆရာမင်းသိင်္ခရဲ့ စွန့်စားခန်းဇာတ်လမ်းကျောရိုးကို ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်လိုကြည့်ရှုမြင်တွေ့ရမလဲဆိုကတော့ … ကဲ၊ မကြည့်ရသေးတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေဖြင့် ခုပဲ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
………….
“ဝန်ဇင်းရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍကို ဖတ်ရှုရတာ သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ဒီပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။