‘စက်တင်ဘာ ရောက်တဲ့အခါ သတိရခြင်းတွေ ဖူးပွင့်ပါ’ [ ရုပ်ရှင်ခံစားမှု ] ( movie review )


‘စက်တင်ဘာ ရောက်တဲ့အခါ သတိရခြင်းတွေ ဖူးပွင့်ပါ’ [ရုပ်ရှင်ခံစားမှု]
ဂျူနီယို 

လေးတွဲ့တွဲ့ ခြေလှမ်းတွေနဲ့ ဘူတာရုံ လှေကားထစ်တွေကို လူတစ်ယောက် တက်လာတယ်။ စင်္ကြံမှာ အဝတ်ပိတ်ဖြူ လွှမ်းထားတဲ့ အလောင်းတစ်လောင်း။ စောစောကမှ သေနတ်ပစ်ခံရတာ။ ပိတ်စကို ဖယ်ပြီးကြည့်လိုက်တယ်။ မယုံနိုင်စရာ။ ယူကျုံးမရ ခံစားရတယ်။ ပြည်သူလူထုကို အန္တရာယ်အပေါင်းကနေ ကာကွယ်စောင့်ရှောက်နေတဲ့ ရဲတစ်ယောက်က သူ့မိန်းမကိုတော့ မကာကွယ်နိုင်ခဲ့ဖူးတဲ့။ သွားပြီ၊ ရာဇဝင်ရိုင်းပြီ။ အနားမှာ လွင့်စင်ကျနေတဲ့ လက်ထပ်လက်စွပ်လေးကို မြင်တော့ ရင်တစ်ပြင်လုံး နာကျင်မှုက မို့မောက်ပြင်းရှလာတယ်။ ဒီလက်စွပ်လေး လူဆိုးလက်ထဲမပါရလေအောင် ထိန်းသိမ်းကာကွယ်ရင်း အသက်ပါ ပေးလိုက်ရလေသလား။ ဘုရား ဘုရား၊ ထိတ်လန့်ငိုကြွေးနေတဲ့ သမီးလေးကို အဲဒီလူက ပွေ့ချီလိုက်တယ်။ သမီးလေး ‘အဲလီ’ ကို မိခင်လိုရော၊ ဖခင်လိုပါ စောင့်ရှောက်ရတော့မယ်။ 
…
ပန်းချီဝါသနာကြီးတဲ့ ညီမလေး ကယ်ရိုလိုင်းက “အစ်ကိုနဲ့ သူ့အကြိုက်ဆုံး ဆေးလိပ်” ပုံ ဆွဲမယ်လို့ ပြောတယ်။ ကယ်ရိုလိုင်းက တိုင်လာဆေးလိပ်သောက်တာကို မကြိုက်ဘူး။ အစ်ကိုတစ်ယောက်က သူ့ဘာသာသူ သတ်သေ၊ အဖေနဲ့ အမေကွဲ၊ ဒီလိုပုံစံအနေအထားမှာ ကျန်တဲ့ အကိုတစ်ယောက်ဖြစ်တဲ့ တိုင်လာဟော့ကင်းစ်ကိုပဲ ကယ်ရိုလိုင်းက တွယ်တာနေရတာ။ တိုင်လာကတည်း ညီမလေး ကယ်ရိုလိုင်းကို သိပ်ချစ်ပါတယ်။ ဘယ်နေရာ ရောက်နေနေ၊ ဘာပြဿနာတွေနဲ့ ကြုံနေနေ ညီမလေးကို ကျောင်းပို့ဖို့၊ ပြန်ကြဖို့၊ ညီမလေးကို ဗိုလ်ကျရန်လုပ်တဲ့ ကျောင်းသူမတွေကို ရန်ဖြစ်ပေးဖို့၊ အမြဲအသင့်ရှိနေတဲ့ အဖေ့ကိုလည်း တိုင်လာ မကျေနပ်ဘူး။ 

အဖေက စီးပွားရေးလောကမှာ ထိပ်ဆုံးရောက်ဖို့ သူ့နာမည်ဂုဏ်သတင်း ထင်ရှားကျော်စောဖို့ပဲ အာရုံစိုက်ပြီး မိသားစုအရေးကို ဦးစားမပေးတဲ့လူ။ ငွေကြေးနောက် အာသာငမ်းလိုက်တဲ့ အဖေကြောင့် မိသားစုတွေ တကွဲတပြား ဖြစ်ရတာလို့ တိုင်လာ မြင်တယ်။ ဒီလိုမိသားစုက သားတစ်ယောက်က ပေပေတေတေနဲ့ ဆေးလိပ် အရက်သောက်ချင်တာ၊ အိမ်မှာ နေရတာထက် သူငယ်ချင်းနဲ့ နေရတာကို ပိုမက်မောလာတာ ဘာဆန်းလဲ။ အခုလည်း ဘာဖြစ်လဲ၊ သူငယ်ချင်းနဲ့ သွားသွားနေတယ်။ ဒါက လွတ်လပ်တယ်။ တစ်ည သူငယ်ချင်း အက်ဒမ်နဲ့ ကလပ်ကို သွားတယ်။ အပြန်မှာ ရန်ပွဲတစ်ခုနဲ့ ကြုံတယ်။ မတရားတာမြင်ရင် မနေတတ်တဲ့ တိုင်လာက ဝင်ဖျန်ဖြေရင်း ရန်ပွဲဆက်ဖြစ်ရတယ်။ ရဲတွေလာတော့ ငြိမ်းအေးသွားရမယ့်အစား တိုင်လာရဲ့ ကြွပ်ဆတ်ဆတ် စကားပြောပုံကြောင့် ရဲတစ်ယောက်နဲ့ တိုင်လာ ပြဿနာတက်တယ်။ ထိုးကြကြိတ်ကြ။ တိုင်လာ အချုပ်ထဲ ရောက်တယ်။ သူငယ်ချင်းက အဖေ့ကို ဖုန်းဆက်ခေါ်လို့ အဖေရောက်လာပြီး တိုင်လာကို ခေါ်ထုတ်ပေးခဲ့တယ်။ ဒါကိုပဲ တိုင်လာ မကျေနပ်ဘူး။

မနက်မိုးလင်းတော့ အဖေ့အလုပ်ကို လိုက်သွားတယ်။ စိတ်ပျက်စရာ နေရာပဲ။ ဆေးလိပ်သောက်နေတဲ့ တိုင်လာ့ကို ရုံးဝန်ထမ်းမိန်းကလေးက ဒီနေရာမှာ ဆေးလိပ်မသောက်ရဘူးလို့ ပြောတယ်။ ကောင်တာတစ်ခုမှာ တင်ထားတဲ့ ဆေးလိပ်တစ်ခွက်ကို လက်ညှိုးထိုးပြီး ဒီမှာ ဆေးလိပ်ခွက် ထားထားတယ်လေဆိုတော့ ဒါက အလှထားတာတဲ့။ ဆေးလိပ်ခွက် အလှထားမှ ခမ်းနားမယ့် ရုံးခန်းလား၊ သွားစမ်းပါ။ ဆေးလိပ်ကို နင်းကန်ဖွာ၊ ပြာတွေကို နင်းကန်ခြွေပြီး အလှထားတယ်ဆိုတဲ့ ဆေးလိပ်ခွက်ထဲ တောက်ချပစ်လိုက်တယ်။ မှတ်ကရော။ အဖေ့ရုံးခန်းထဲ ဝင်လိုက်တယ်။ 

“ဘယ်လောက်လဲ လာမေးတာ၊ အကုန်ပြန်ပေးမယ်၊ ကျွန်တော် ခေါ်ထုတ်မခံချင်ပါဘူး။ ဒါ လာပြောတာ”

အဖေ့ရဲ့ မတုန်မလှုပ် အမူအရာကို မြင်ရလေလေ တိုင်လာ စိတ်တိုလေလေပဲ။ တစ်နေ့ ကျောင်းမှာ မမျှော်လင့်ဘဲ သိလိုက်ရတယ်။ တိုင်လာ့ကို ထိုးကြိတ် အချုပ်ခန်းထဲ ထည့်ခဲ့တဲ့ရဲကြီးမှာ သမီးရှိတယ်လို့ အတူနေသူငယ်ချင်း အက်ဒမ်ကပြောတယ်။ “လက်စားချေဖို့ အခွင့်ကောင်းပဲ” တဲ့။ 

ကင်တင်းမှာ မုန့်စားရင်း စာအုပ်ဖတ်နေတဲ့ မိန်းကလေးကို ညွှန်ပြရင်း တိုင်လာ့ကို တွန်းလွှတ်တယ်။ ယောင်နနနှင့် မိန်းကလေးအနား ရောက်သွားတယ်။ မိန်းကလေးက မာရည်ကျောရည် ပုံစံလေး။ ဒါပေမဲ့ တိုင်လာပဲ၊ ဒါလောက်တော့ အပျော့ပေါ့။ နောက်ဆုံးတော့ ကျွန်မ အဲလီပါဆိုပြီး မိန်းကလေးက လိုလိုလားလား လက်ဆွဲနှုတ်ဆက်လာတော့တယ်။ 
…
ဖုန်းပြောရင်း တန်းလန်း အဝတ်အစားတွေ လဲပြီး အပြင်ထွက်မယ့် ဟန်ပြင်နေတဲ့ အဲလီကို “ဘယ်သူနဲ့သွားမှာလဲ” အဖေမေးတော့ ကျောင်းက ကောင်လေးတစ်ယောက်နဲ့လို့ ဖြေလိုက်တယ်။ “ခွင့်ပြုချက်တောင်းတာ မဟုတ်ဘူး။ အသိပေးတာ” လို့ အဲလီက အဖေ့ကို ထပ်ပြောလိုက်သေးတယ်။ အမေ မရှိတော့ကတည်းက အချစ်ပိုတာလား၊ အစိုးရိမ်ပိုတာလား၊ အချုပ်ခြယ်ပိုတာလား မသိ၊ ဒီ သမီးကိုပဲ အဖေက အရိပ်တကြည့်ကြည့် လုပ်နေတယ်။ အဲလီ တစ်ခုခုဖြစ်မှာ အမြဲစိုးရိမ်နေပုံပဲ။ အဲလီက သိပ်ဆိုးဆိုးဝါးဝါး မလုပ်ပါဘူး။ တိုင်လာဆိုတဲ့ ကောင်လေးနဲ့ ညနေစာ စားရုံကလေးပဲ။ 

အပြန်မှာ game ဝင်ဆော့ကြပြီး အဲလီ လိုချင်တဲ့ ဝက်ဝံရုပ်ရအောင် တိုင်လာ ကစားပေးခဲ့တယ်။ အိမ်ပြန်တော့ အဲလီက မြေအောက်ရထားတဲ့၊ မပြန်ချင်ဘူးလို့ ပြောတော့ တိုင်လာက ထူးဆန်းတဲ့ပုံစံနဲ့ ကြည့်တယ်။ တက္ကစီငှားပေးလိုက်တယ်။ ပထမအကြိမ်တော့ သိပ်မဆိုးပါဘူး။ ဒုတိယတစ်ကြိမ်တော့ အဲလီ အပိုတွေ လုပ်မိသွားတယ်။ တိုင်လာ့သူငယ်ချင်း အက်ဒမ်က အရက်သောက်ဖို့ ဖိတ်ခေါ်တာ မငြင်းဖြစ်ဘူး။ တစ်ခွက်ပဲနော်ဆိုပြီး အဲဒီတစ်ခွက်ကပဲ မူးဝေအော့အန်ပြီး အိမ်မပြန်နိုင်တဲ့အထိ ဖြစ်သွားတယ်။ မနက်ကျမှ အိမ်ကို အသာလေး ဖြေဖွဝင်လာတယ်။ တစ်ညလုံး ပျော်နေတဲ့ သမီးကို စိတ်မပူတဲ့ အဖေ ဘယ်ရှိမှာလဲ၊ ဆိုးတာက အဲလီဆီက အရက်နံ့ရနေလို့ အဖေက ဒေါသပိုထွက်တယ်။ 

“ကြည့်လုပ်ဦး၊ မင်းကို မူးအောင်လုပ်၊ တစ်ညလုံး ခေါ်ထားပြီး မိုးလင်းမှ အိမ်ပြန်လွှတ်တဲ့ကောင်၊ ဘယ်လိုကောင်စားလဲ။ မင်း လူကောရွေးမှ ရွေးတတ်ရဲ့လား”
အဖေ့ကို စေ့စေ့ကြည့်ပြီး အဲလီ ပက်ခနဲ ပြန်ပြောလိုက်တယ်။ 
“မရွေးတတ်ရင်လည်း အဲဒါ အမေနဲ့တူလို့ ဖြစ်မှာပေါ့”
ဒီစကားက အဖေ့တစ်ကိုယ်လုံးကို ဒေါသမြင့်မိုရ်တောင်ထိပ် ရောက်အောင် ဒိုင်းခနဲ တွန်းတင်လိုက်သလို ဖြစ်သွားတယ်။ မရိုက်စဖူး အဲလီကို အဖေရိုက်တယ်။ 
“တော်တော်ဆိုးဝါးတဲ့ အဖေပဲ၊ အမေ့ကို အကာအကွယ် မပေးနိုင်တဲ့လူ၊ အမေ့ကို မကယ်နိုင်ခဲ့တာနဲ့ပဲ သမီးကို လာလာပြီး ချုပ်ခြယ်၊ လာလာပြီး အနိုင်ကျင့်နေတာ၊ နောက်ထပ် လာမထိနဲ့”
အဲလီ စိတ်ထဲ နာကျင်သွားတယ်။ အဖေ့ကိုထားပြီး အိမ်ကထွက်လာတယ်။ ဘယ်သွားရပါ့။ တိုင်လာတို့နေတဲ့ဆီပေါ့။ အဲလီ အိမ်ကဆင်းလာတာကို တိုင်လာ ခေါင်းပန်းကြီးသွားပေမဲ့ ကြည်ကြည်ဖြူဖြူ လက်ခံပါတယ်။ သူငယ်ချင်းက မြှောက်ပေးလို့ ယောင်နန ချဉ်းကပ်မိပေမဲ့ နောက်ဆုံးတော့ အဲလီကို တိုင်လာ တကယ်ချစ်နေပြီလေ။ သီးခြားစီအိပ်ဖို့ စီစဉ်ပေးပေမဲ့ တကယ်ချစ်နေပြီဆိုမှတော့ ထိန်းလို့မရတော့ဘူးပေါ့။ နှစ်ယောက်သား အဆီးအတားမဲ့ ချစ်မိလိုက်ကြတယ်။ တိုင်လာ့ဝဲဘက် ရင်အုံမှာ တက်တူးလေးတစ်ခု တွေ့တယ်။ အစ်ကို မိုက်ကယ်ရဲ့ နာမည်တံဆိပ် ခတ်နှိပ်ခဲ့တာလို့ တိုင်လာ ပြောပြတယ်။ ခံစားချက်တွေ ဖလှယ်မိကြပြီ။ 
“မိုက်ကယ်နဲ့ငါ မနက်စာ သွားသွားစားနေကျ ကော်ဖီဆိုင်လေးရှိတယ်၊ နောက်ဆုံးတွေ့ခဲ့တာလည်း အဲဒီမှာပဲ။ မိုက်က သူ့ကိုယ်သူ ဆွဲကြိုးချ သေသွားတာ၊ သူ မရှိကတည်းက ငါလည် ….”
“လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်မအမေလည်း အသတ်ခံရတယ်။ ဒါကြောင့် မြေအောက်ရထား မစီးချင်တော့တာ။ ဒါပေမဲ့ ကျွန်မ အခု ဒီနေရာကို ရောက်နေတာ ကျွန်မအဖေ အသုံးမကျလို့ဆိုပြီး သူ့ကိုတော့ အပြစ်မမြင်စေချင်ဘူး။ အမှန်က သားသမီးတွေ ဘာဖြစ်နေ ဘာခံစားရနေတယ် ဆိုတာကို သူတို့ နားမလည်တတ်တာပါ”
တိုင်လာက သူ့အဖေကို မကျေနပ်ပေမဲ့ အဲလီကတော့ အဖေ့ကို အပြစ်မမြင်ပါဘူး။ တကယ်လည်း အဲလီကို အဖေက ဖုန်းတွေ လျှောက်ဆက်၊ ဟိုရှာဒီရှာနဲ့ ဗျာများနေတာပါ။ မနက်ကျတော့ အဖေ့ကို ဖုန်းနဲ့တစ်ဆင့် စကားပါးလိုက်တယ်။ သူငယ်ချင်းတွေနဲ့နေတယ်။ မပူပါနဲ့။ သမီး အဆင်ပြေနေပါတယ်ပေါ့။ 
…. 
ကဲ … Remember Me ဆိုတဲ့ ဒီရုပ်ရှင်ကားလေးက ဘာဆက်ဖြစ်မလဲ၊ အရမ်းကြည့်လို့ကောင်းပြီး ရင်ထဲထိသွားစေတဲ့ ဇာတ်ကားလေးဆိုတာတော့ ပြောချင်ပါတယ်။ အခုဖော်ပြလိုက်တဲ့ စာစုကတော့ စာရေးဆရာမ ဂျူနီယိုရဲ့ ‘ခမ်းနားသောကြေကွဲမှု’ ဆိုတဲ့ ရုပ်ရှင်ခံစားမှုစာစုများ စာအုပ်ထဲကနေ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ စာရေးသူရဲ့ ရုပ်ရှင်ခံစားမှုစာစုကို အပြည့်အစုံ ဆက်ဖတ်ချင်တယ်ဆိုရင် ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလို့လည်းရပါတယ်။ ပို့စ်မှာပါတဲ့ video trailer လေးကိုကြည့်ပြီးတော့လည်း ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ Remember Me ကို ကြည့်လိုက်ကြဖို့ မမေ့နဲ့ဦးနော်။ 

စာဖတ်သူများအတွက် အမြဲရှိနေမယ့် ဝန်ဇင်း။ 

Related Posts